KNUတပ်မဟာ၅နှင့်တပ်မတော်အကြားပြဿနာတက်နေသောမဲဝိုင်စခန်းယခင်ကတည်းကတည်ရှိ၊တပ်မဟာ၅ကိုထိန်းသိမ်းကြပ်မတ်ရန်KNUဗဟိုကို စာပို့ထားဟုဆို

Local News

KNU တပ်မဟာ ၅ နှင့် တပ်မတော်အကြား ပြဿနာတက်နေသော မဲဝိုင်စခန်း ယခင်ကတည်းက တည်ရှိ၊ တပ်မဟာ ၅ ကို ထိန်းသိမ်းကြပ်မတ်ရန် KNU ဗဟိုကို စာပို့ထားဟုဆို

ကရင်ပြည်နယ် မဲဝိုင်ဒေသရှိ တပ်မတော်စခန်းသည် ၁၉၈၃ မတိုင်ခင်ကာလတည်းက စတင်ကာ တပ်စွဲထားသော စခန်းဖြစ်ပြီး တိုးချဲ့စခန်းမဟုတ်ဘဲ KNU အနေဖြင့် လက်အောက်ခံ တပ်ဖွဲ့ဝင်များကို ထိန်းသိမ်းကြပ်မတ်ရန် တပ်မတော်အနေဖြင့် ကရင်အမျိုးသားအစည်းအရုံးဗဟိုကို အကြောင်းကြားထားကြောင်း ဒီဇင်ဘာလ ၃ဝရက်နေ့က ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောဆိုသည်။

“ ကျွန်တော်ဆိုလိုတာက နံပါ တစ် ဒီစခန်းသည်သူတို့ စွပ်စွဲနေသလို ယခုမှတိုးချဲ့တဲ့ စခန်းမဟုတ်ဘူး။ ၁၉၈၃ မတိုင်ခင်ကတိုင် ရှိတာ ၁၉၈၃ မှာနေရာပြောင်းတယ်။ ၁၉၉၅မှာ ဒီယခုလက်ရှိ နေရာမှာပဲ ရှိနေတာဖြစ်တယ်။ ယခုထိရှိနေတာဖြစ်တယ်။ နံပါတ် ၂ကတော့ ခုနပြောတဲ့ ဆွေးနွေးတဲ့ဟာတွေ ဆွေးနွေးတဲ့ဟာတွေနဲ့ ပတ်သက်ပြီးတာ့ ဖြေရှင်းဆောင်ရွက်ရမယ့် ကိစ္စသည် နှစ်ဖက်ခေါင်းဆောင်တွေ တရားဝင်ဆွေးနွေးပွဲကနေတစ်ဆင့် ညှိနှိုင်းဆောင်ရွက်ပေးမှာဖြစ်တယ်။ အဲတာပတ်သက်ပြီးတော့ ကန့်ကွက်စာတွေကို KNU တပ်မဟာ ၅ တပ်ရင်း ၁ဝ၂ကနေ ပေးပို့ခဲ့တာရှိတယ်။ အဲဒါတွေသည် ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုနဲ့ တပ်မတော်နဲ့ လက်တွဲဆောင်ရွက်နေတဲ့ ထာဝရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ သွေဖီလျက်ရှိတဲ့အတွက်ကြောင့် ဒါလက်အောက် တပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းကြပ်မတ်ပေးဖို့ ဆိုပြီးတော့ကျ KNU ကရင်အမျိုးသား အစည်းအရုံး ဗဟိုကို တပ်မတော်အနေနဲ့ ဒါအကြောင်းကြားထားပါတယ်။ အကြောင်းကြားထားလျက်ရှိတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ကျ တွေ့ဆုံတဲ့အခါမှာ ဒီဟာသည်ဖြေရှင်းသွားနိုင်လိမ့်မယ်လို့ပဲ မျှော်လင့်ပါတယ်” ဟု ၎င်းကပြောဆိုသည်။

အဆိုပါ မဲဝိုင်ဒေသအတွင်းရှိ တပ်မတော် စခန်းသည် တိုးချဲ့စခန်းမဟုတ်ဘဲ ၁၉၈၃ ခုနှစ် မတိုင်ခင်တည်းက တပ်စွဲထားသော စခန်းဖြစ်ကာ ၁၉၈၃ခုနှစ်တွင် အဆိုပါ စစ်စခန်းကို အခြေမပြုဘဲ ဆုတ်ခွာပေးခဲ့ကာ ၁၉၉၅ခုနှစ်တွင် မဲဝိုင် ခြေကုတ်စခန်းသည် လုံခြုံရေးအတွက် ဆောင်ရွက်နေသော စခန်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောဆိုသည်။

“ ဒီဖြစ်နေတဲ့ မဲဝိုင် စခန်းကိစ္စပေါ့။ မဲဝိုင် စခန်းဆိုတာက ဒါတိုးချဲ့လာတဲ့ စခန်းဆိုပြီး စွတ်စွဲနေတာရှိပါတယ်။ ဒီဟာတော့ မဲဝိုင်စခန်းနဲ့ ပတ်သက်ပြီးတော့ကျ အရင်ကတည်းကတိုင် မဲဝိုင်စခန်းဟောင်းရှိပါတယ်။ ၁၉၈၃ခုနှစ်ကတိုင် တပ်မတော်က တာဝန်ယူခဲ့တဲ့ စခန်းဖြစ်တယ်။ ၁၉၈၃ ခုနှစ်ကတိုင် အဲစခန်းရှိတယ်။ ၁၉၈၃ မတိုင်ခင်ကတည်းကရှိတယ်။ ၁၉၈၃ ခုနှစ်မှာတော့ အဲစခန်းမှာ အခြေမပြုဘဲနဲ့ တပ်ကဆုတ်ခွာပေးလိုက်တယ်။ ၁၉၉၅ ခုနှစ်မှာတော့ ယခုလက်ရှိရှိနေတဲ့ မဲဝိုင်ခြေကုတ်စခန်းမှာ ကျွန်တော်တို့ ၁၉၉၅ခုနှစ်တည်းကတိုင် တပ်မတော်အနေနဲ့က လုံခြုံရေးအတွက် ဆောင်ရွက်နေတဲ့ စခန်းရှိပါတယ်။ အဲတာကိုမှ ၂ဝ၁ဝပြည့်နှစ်အတွင်းမှာတော့ အရှေ့ဖက် မဲဝိုင်ချောင်းတစ်ဖက်ကမ်း စခန်းမြောက်ဘက် စာသင်ကျောင်းအနီးပေါ့။ စခန်းရဲ့ အနောက်ဖက် သချိုၤင်းကုန်းအနီးကနေပြီးတော့ နှောက်ယှက် ပစ်ခတ်မှုတွေ ကျွန်တော်တို့ရှိပါတယ်” ဟု ၎င်းကပြောဆိုသည်။

ယင်း မဲဝိုင်ဒေသအတွင်း တပ်မတော်နှင့် KNU တပ်မဟာ ၅တို့ကြား ဒီဇင်ဘာလအတွင်းက စတင်ကာ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး KNU တပ်မဟာ၅မှ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ တပ်မတော်က သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူစာရင်း ထုတ်ပြန်ခြင်းမရှိပေ။

ဓာတ်ပုံ- KNU တပ်မဟာ ၅ မှ စစ်သည်တချို့။
ခေတ်သစ်မီဒီယာ

Leave a Reply