Brimstone လေဆာပဲ့ထိန်းဒုံးကျည်များက ယူကရိန်းကို ကူညီနိုင်ပါ့မလား

Brimstone လေဆာပဲ့ထိန်းဒုံးကျည်များက ယူကရိန်းကို ကူညီနိုင်ပါ့မလား

ဒီနှစ်ရဲ့ ဧပြီလလောက်က ယူအက်စ်ဟာ Brimstone (ဘရင်း စတုန်း) ခေါ် လေဆာပဲ့ထိန်းဒုံးကျည်များ ယူကရိန်းသို့ ပေးပိုခဲ့ပါတယ်။

ဒီ တိကျစွာ လမ်းညွှန်စနစ်ပါတဲ့ ဒုံးကျည်တွေဟာ ထိရောက်မှုရှိတယ်ဆိုတာ သက်သေပြခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဒီလို ထောက်ပံ့တဲ့ အစီအစဉ်ကို တိုးချဲ့ဖို့ ဆုံးဖြတ်ထားတယ်ဆိုတာက စဉ်းစားစရာ ဖြစ်ပါတယ်။

Brimstone 2

အခုဆို Brimstone ‌တွေကို အင်္ဂလန်ကလည်း ထောက်ပံ့နေပါတယ်။ အင်္ဂလန်ကပို့တဲ့ Brimstone က မျိုးကွဲအသစ်ဖြစ်ပါတယ်။ သူ့ကို Brimstone 2 လို့ အမည်ပေးထားပါတယ်။

အခုတစ်ခေါက်တော့ Brimstone ဒုံးကျည်အကြောင်း တင်ပြလိုက်ပါတယ်။

တကယ်တော့ Brimstone ကို ဥရောပက ထုတ်လုပ်တာ ဖြစ်ပါတယ်။ MBDA အဖွဲ့က ထုတ်လုပ်တာပါ။ ဒုံးကို မြေပြင်ရော၊ ဝေဟင်ကပါ ပစ်လွှတ်နိုင်အောင် ပုံစံထုတ်ထားပါတယ်။

အလျားက (၆)ပေ မပြည့်ပါဘူး။ အလေးချိန်က ပေါင် (၁၁၀)လောက် ရှိပါတယ်။ မူလကတော့ လေယာဉ်နဲ့ သင်္ဘောတွေပေါ်က ပစ်လွှတ်နိုင်အောင် ပုံစံထုတ်ခဲ့တာပါ။

ဒါပေမဲ့ ယူကရိန်းတွေက မြေပြင်ပစ်ခတ်နိုင်အောင် ပြင်ဆင်ခဲ့ကြပါတယ်။ သူတို့က ဒုံးကို ထရပ်ကားပေါ်က ပစ်လွှတ်နိုင်အောင် ပြုလုပ်နိုင်ခဲ့ကြပါတယ်။

မူလ Brimstone က အကွာအဝေး (၇)မိုင်လောက်မထိ ပစ်လွှတ်နိုင်ပါတယ်။ အခု Brimstone တွေက (၂၅) မိုင်အထိ ပစ်ခတ်နိုင်ပါတယ်။ ဒါက ဟယ်လီကော်ပတာနဲ့ ပစ်ခတ်နိုင်မှုကို တွက်ချက်ထားတာပါ။ ဒုံးဟာ ဘယ်လောက်ဝေးဝေးပစ်နိုင်တယ်ဆိုတာ သိပ်မရှင်းလင်းသေပါဘူးတဲ့။

ဒါပေမဲ့ သူ့ကို ဝေးဝေးပစ်နိုင်အောင် Boost လုပ် အရှိန်မြင့်ပေးလို့ရပါတယ်။နောက်တစ်ခုက လေဆာလမ်းညွှန်စနစ်ပါဝင်ပြီး ရာသီဥတုမရွေး၊ နေ့ည မရွေး ပစ်ခတ်နိုင်ပါတယ်။

သူ့ကို ပစ်လွှတ်ရာမှာ ( Active Millimetric wave radar) ကိုသုံးပြီး လမ်းညွှန်တာ ဖြစ်ပါတယ်။ ပြီးတော့ အတွဲလိုက် ပစ်ခတ်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။ ပစ်မှတ်ကို တိကျစွာ ထိမှန်ဖျက်ဆီးနိုင်မှုလည်း ရှိပါတယ်။

ဒါကြောင့်လည်း အုပ်စုဖွဲ့ ချီတက်လာတဲ့ တင့်ကား၊ သံချပ်ကာကား၊ အမြောက်တင်ယာဉ်၊ စစ်သည်တင်ယာဉ်များရဲ့ ဖွဲ့စည်းပုံကို ပျက်ပြားသွားစေနိုင်ပါတယ်။

လေယာဉ်(သို့) မော်တောယာဉ်တစ်စီးရဲ့ ပစ်လွှတ်စင်တစ်ခုမှာ Brimstone ဒုံးကျည် (၃)ခုတွဲအထိ တပ်ဆင်ပစ်လွှတ်နိုင်ပါတယ်။ ယူကရိန်းကတော့ ထရပ်ကားပေါ်တင်ပြီး ပစ်လွှတ်နိုင်အောင်လုပ်ခဲ့တာ ပြောခဲ့ပြီးပါပြီ။

ဒီ ဒုံးကျည်ရဲ့ ဒီဇိုင်းက လေယာဉ်အတွက် ပုံစံထုတ်ထားတာကို ထရပ်ကားပေါ်တင်ပြီး ပစ်လို့ရအောင် လုပ်ထားတာ ချီးကျူးစရာပါ။ ဒါကြောင့် အလွယ်တကူ သယ်ယူရွေ့ပြောင်းနိုင်တော့ အားသာချက် ရရှိပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေအတွက် ပစ်ခတ်မှုပြီးတာနဲ့ နေရာရွေ့ပြောင်းနိုင်ဖို့ လိုပါတယ်။ ဒါမှသာ ရန်သူရဲ့ ခြေရာခံ တန်ပြန်ပစ်ခတ်မှုမှ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ ဒုံးကျည်ဟာ ရေကြောင်းရန်ကာကွယ်ရေး သင်္ဘောဖျက်ဒုံးအဖြစ်လည်း သုံးနိုင်ပါတယ်။

Brimstone -2 ရဲ့ လေဆာလမ်းညွှန်စနစ်က ပိုမိုခတ်မီပါတယ်။ ဒုံးကျည်တစ်စင်းရဲ့ တန်ဖိုးက ဒေါ်လာ(၂)သိန်း ရှိပါတယ်။ သူက မြေပြင်တပ်ဖွဲ့တွေရဲ့ လေဆာလမ်းညွှန်မှုနဲ့လည်း ပစ်မှတ်ကို ထိမှန်စေနိုင်ပါတယ်။

ဒါ့အပြင် ဒုံးဟာ ပစ်မှတ်ကို အလိုအလျောက် ခြေရာခံနိုင်ပါတယ်။ ဒါကတော့ ကြိုတင်ပရိုဂရမ်သွင်းပေးတဲ့ နည်းစနစ် ဖြစ်ပါတယ်။ ဒီစနစ်မှာ စောစောက ပြောခဲ့တဲ့ အလွန်ကြိမ်နှုန်းမြင့်တဲ့ ရေဒီယိုလှိုင်းကို အသုံးပြုပါတယ်။ ဒါကို Millimetric Wave လို့ ပြောတာဖြစ်ပါတယ်။

ဒါကြောင့် စစ်မြေပြင်ကို ရေပြင်ညီပုံစံအတိုင်း Scan ဖတ်သလို မြင်ရပြီး ထိန်းချုပ်ခန်းကနေ ပစ်မှတ်ကို ထိမှန်စေနိုင်ပါတယ်။ ဒီအားသာချက်က အရပ်ဖက်နဲ့ စစ်ဖက်ပစ်မှတ်ကို တိတိကျကျ ခွဲခြားနိုင်ပါတယ်။ မလိုလားအပ်တဲ့ ပျက်ဆီးဆုံးရှုံးမှုတွေ မဖြစ်စေနိုင်တော့ပါဘူး။

ဗြိတိန်တို့ဟာ Brimstone ကို ၂၀၀၅ ခုနှစ်ကတည်းက စသုံးခဲ့ပါတယ်။ လေဆာလမ်းညွှန်စနစ်ကိုတော့ ၂၀၁၆ ခုနှစ်မှ စတင်သုံးစွဲနိုင်ခဲ့ပါတယ်။ ဗြိတိန်တော်ဝင်လေတပ်မှာ စသုံးခဲ့တာ ဖြစ်ပါတယ်။ သင်္ဘောဖျက်ဒုံးကျည်အနေနဲ့ သုံးပါတာပါ။

အခုတော့ မြေပြင်ပစ်မှတ်တွေကိုလည်း ပစ်ခတ်ဖျက်ဆီးနိုင်ပါပြီ။ ရွေ့လျားပစ်မှတ်ကို ပစ်ခတ်နိုင်တဲ့အထိ တိုးတက်လာတာပါ။ စမ်းသပ်မှုမှာဆိုရင် ဒုံးကျည် (၁၁)ခု ပစ်လွှတ်ရာမှာ (၁၀)ခုဟာ ပစ်မှတ်ကို အတိအကျ ထိမှန်ခဲ့ပါတယ်။

ဆိုတော့ ဒီ Brimstone ကို ရရှိခဲ့တဲ့ ယူကရိန်းတို့ဟာ စစ်ပွဲအဖြေကို ပြောင်းလဲနိုင်စေမလားဆိုတာကတော့ ဆက်လက်စောင့်စားကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်လို့ တင်ပြရင်း အဆုသတ်လိုက်ပါတယ်။

Knight News Team

Knight News © 2022

Crd