Black Hole တွေရဲ့ အလုပ်လုပ်ပုံနဲ့ အချိန်ခရီးသွားခြင်းအကြောင်း

Black Hole တွေရဲ့ အလုပ်လုပ်ပုံနဲ့ အချိန်ခရီးသွားခြင်းအကြောင်း

Black hole – ဘလက်ဟိုးတွင်းနက်ကြီးတွေဟာ ယေဘုယျအားဖြင့်တော့ အတိတ်နဲ့ အနာဂတ် နှစ်ခုလုံးကို ခရီးသွားနိုင်စေမယ့် သဘာဝ အချိန်စက်များဖြစ်တယ်လို့ လူတွေက သိထားကြပါတယ်။

လက်ရှိအချိန်ထိတော့ black hole တွေ အနီးကို အရောက်လှမ်းနိုင်ခဲ့တဲ့ အာကာသယာဉ်မျိုး မရှိသေးပါဘူး။

ဒါပေမယ့် အဲဒီအသေးစိတ်တွေကို ဘေးဖယ်ထားရင်တောင် black hole ကိုသုံးပြီး အတိတ်ကိုသွားကြည့်နိုင်ကြောင်း လူအများစုက လက်ခံထားကြတယ်။

ဒါဆိုရင် black hole တွေက ဘာလဲ။

Black hole အကြောင်းကို ရှင်းပြရမယ်ဆိုရင်တော့ သက်တမ်းကုန်ဆုံးခါနီ ကြယ်တစ်လုံးက သူ့အလိုလို ကြွေကျတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ အလွန်ကြီးမားတဲ့ အရာဝတ္ထုတစ်ခု ဖြစ်ပါတယ်။

ဂြိုလ်တွေနဲ့ ကြယ်တွေလိုပဲ black hole တွေဟာ သူတို့ပတ်ဝန်းကျင်မှာ ဆွဲငင်အားရှိတဲ့ နယ်ပယ်တွေရှိပါတယ်။

အဲဒီနယ်ပယ်တို့ကို ဒြပ်ဆွဲအား စက်ကွင်းတွေလို့လည်း ခေါ်ဆိုနိုင်ပြီး လူသားတွေကို ကမ္ဘာမြေပေါ်မှာ ကပ်နေစေပြီ ကမ္ဘာဟာ နေကို လှည့်ပတ်နေစေတဲ့ အရာကို ဒြပ်ဆွဲအားလို့ ခေါ်ပါတယ်။

ရူပဗေဒရဲ့ သဘောတရားအရ၊ အရာဝတ္ထုတစ်ခုက ပို၍ကြီးမားလေ သူ့ရဲ့ဆွဲငင်အားနယ်ပယ်က ပိုမိုအားကောင်းလေပါပဲ။

ကမ္ဘာမြေဆွဲအား စက်ကွင်းတွေဟာ အာကာသမှာ မရှိပါဘူး။ ဒါကြောင့်လည်း အရာဝတ္ထုတွေဟာ အာကာသထဲမှာဆိုရင် လွင့်ပျံ့နေတာ ဖြစ်ပါတယ်။

Black hole ရဲ့ ဆွဲငင်အားကို ဆက်ပါမယ်။ ကမ္ဘာမြေရဲ့ ဆွဲငင်အားထက် black hole ရဲ့ဆွဲငင်အားတွေက အရမ်းပြင်းထန်တဲ့အတွက် အလင်းတောင်မှ မလွတ်မြောက်နိုင်ပါဘူး။ အလင်းဟာ သိပ္ပံပညာမှာ အလျင်မြန်ဆုံး အရာပါ။

ဒါကြောင့်လည်း black hole တွေက အနက်ရောင်ဖြစ်နေတာပါ။ အမှောင်ထဲက သစ်ပင်ပေါ်ကနေ ဓာတ်မီးအလင်းတန်းက မြေပြင်ပေါ်ကို ကျရောက်လာသလိုမျိုး black hole တွေထဲကို အလင်းတန်းက ခုန်ဝင်လို့မရပါဘူး။

Balck hole တွေမှာ နောက်ထပ် အရေးပါတဲ့ ရူပဗေဒ သဘောကတော့ stretchimg space လို့ခေါ်တဲ့ ဆန့်ခြင်း သဘောပါပဲ။ ဒီသဘောဟာ ရူပဗေဒ ဘိုးတော်ကြီး အဲလ်ဘတ်အိုင်းစတိုင်းရဲ့ ယေဘုယျ နှိုင်းရ သီအိုရီကပါ။

အရာဝတ္ထုနဲ့ စွမ်းအင်တို့ဟာ စကြဝဠာအပေါ် သက်ရောက်မှုရှိတဲ့အတွက် ရုပ်နဲ့ စွမ်းအင်တို့ဟာ အာကာသကို ကွေးညွှတ်ပြီး ဆန့်ထုတ်နိုင်စွမ်းရှိပါတယ်။

အလွယ်နည်းနဲ့ ရှင်းရမယ်ဆိုရင်တော့ အရာဝတ္ထုတစ်ခုဟာ ပိုပြီးကြီးမားလေ၊ နေရာလွတ်များ ဆန့်ထွက်နိုင်ပြီး သူ့ပတ်ပတ်လည်ကို ကွေးညွှတ်လေလေ ဖြစ်ပါတယ်။

ဒါကြောင့် ကြီးမားတဲ့ အရာဝတ္ထုတစ်ခုဟာ အာကာသထဲမှာ ချိုင့်တစ်ခုကို ဖန်တီးစေပါတယ်။

ကမ္ဘာရဲ့ ပတ်ဝန်းကျင်က အာကာသလေဟာပြင်မှာ ချိုင့်တွေရှိသလိုပေါ့။ အရာဝတ္ထုတွေ အဲဒီချိုင့်တွေနဲ့ နီးလာတဲ့အခါ ချိုင့်ထဲကို ပြုတ်ကျသွားစေတာပါပဲ။

ဒါကြောင့် black hole အပါအဝင် ဧရာမအရာဝတ္တုတစ်ခုခုနဲ့ နီးကပ်လာတဲ့အခါမျိုးမှာ သင်ဟာ အဲဒီချိုင့်ထဲကို ပြုတ်ကျသွားမှာပါ။

အလင်းဟာ black hole မှ မလွတ်နိုင်တာဟာ black hole ဝန်းကျင်က ချိုင့်နှစ်ဖက်လုံးက အလွန်မတ်စောက်နေတာကြောင့်ပါပဲ။ ဒီလိုမတ်စောက်မှုက အလင်းကို အပြင်သို့ ပြန်တက်ရန် မဖြစ်နိုင်စေတာပါ။

အဝေးကနေ သင် ချဉ်းကပ်လာတာနဲ့အမျှ black hole ကြောင့် ဖြစ်ပေါ်လာတဲ့ ချိုင့်နေရာဟာ မတ်စောက်သတက် မတ်စောက်လာပါတယ်။

ဒီလိုမျိုး အလင်းရောင်က မလွတ်နိုင်လောက်အောင် မတ်စောက်နေတဲ့နေရာကို event horizon လို့ ခေါ်ပါတယ်။

Event horizons တွေဟာ အချိန် ခရီးသွားများအတွက်သာမက ဒဿန ပညာရှင်များအတွက်လည်း စိတ်ဝင်စားစရာဖြစ်ပြီး အချိန်ရဲ့ သဘောသဘာဝကို နားလည်ပုံနဲ့ပတ်သက်ပြီး သက်ရောက်မှုများစွာ ရှိနေတာကြောင့်ပါ။

အာကာသကို ဆွဲဆန့်လိုက်တဲ့အခါ အချိန်လည်း ဖြစ်ပေါ်ပါတယ်။ ထုထည်ကြီးမားတဲ့ အရာဝတ္တုတစ်ခု အနီးက နာရီဟာ အလွန်ထုထည်နည်းတဲ့ အရာဝတ္တု အနီးမှာရှိတဲ့ နာရီထက် နှေးကွေးသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် black hole အနီးက နာရီတစ်လုံးကို ကမ္ဘာပေါ်က နာရီတစ်လုံးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အလွန်နှေးကွေးနေပါလိမ့်မယ်။

စာဖတ်သူတို့ ကမ္ဘာကျော် Interstellar ရုပ်ရှင်မှာ မြင်ဖူးခဲ့ကြသလိုပဲ black hole က အချိန် တစ်နှစ်ဟာ ကမ္ဘာပေါ်က အချိန် အနှစ် ၈၀ နဲ့ ညီမျှပါတယ်။

ဒီနည်းဖြင့် black hole တွေကို အနာဂတ်ကို ခရီးသွားဖို့ အသုံးပြုနိုင်ကြတာပါ။ အနာဂတ်ကမ္ဘာကြီးထဲကို ခုန်ဆင်းချင်ရင်တော့ black hole တစ်ခုအနီးမှာ ပျံသန်းပြီး ကမ္ဘာမြေဆီကို ပြန်သွားနိုင်ပါတယ်။

အကယ်၍ သင်ဟာ black hole ရဲ့ အလယ်ဗဟိုကို လုံလောက်စွာ နီးကပ်လာပါက သင့်နာရီကလည်း နှေးကွေးသွားလိမ့်မှာဖြစ်ပါတယ်။ ခြွင်းချက်အနေနဲ့ event horizon ကို မဖြတ်ကျော်ရသေးသ၍ လွတ်မြောက်နိုင်ပါသေးတယ်။

အတိတ်ကို ပြန်သွားမယ်ဆိုရင်တော့ black hole တွေက တကယ့်ကို ပိုစိတ်ဝင်စားစရာ ကောင်းလာပါတယ်။

Black hole တစ်ခုဟာ သူ့အလိုလို ပြန်ဖုံးလွှမ်းသွားနိုင်တဲ့ အချိန်ကို အလွန်ကွေးညွှတ်စေပါတယ်။

ဥပမာအားဖြင့် စာရွက်တစ်ရွက်ကို ယူပြီး အစွန်းနှစ်ဖက်ကို ချိတ်ပြီး loop ကွင်းပတ်တစ်ခုဖွဲ့ဖို့ စိတ်ကူးကြည့်ပါ။

အဲဒါက black hole က အချိန်ကို သက်ရောက်နေတဲ့ပုံပါပဲ။ထပ်ခါထပ်ခါ loop ဖြစ်နေတာမျိုးပေါ့။ ဒါက Black hole တွေရဲ့ သဘာဝ အချိန်စက်ကို ဖန်တီးပုံပါပဲ။

အကယ်၍သာ သင်က ဒီထပ်ခါထပ်ခါ ဖြစ်ပေါ်နေတဲ့ loop စက်ကွင်းထဲကို ရောက်ရှိသွားပါက အနာဂတ်မှာ စတင်ပြီး အတိတ်မှာ ကုန်ဆုံးစေမယ့် အာကာသကို သင်သွားရာလမ်းကြောင်းတစ်ခုပေါ်မှာ တွေ့ရပါလိမ့်မယ်။

ဒီ loop စက်ကွင်းအတွင်းမှာ အကြောင်းတရားနဲ့ အကျိုးဆက်တို့ကို ရောထွေးဖို့ မဖြစ်နိုင်ပါဘူး။ ဆိုလိုတာက အတိတ်မှာရှိတဲ့ အရာတွေက အနာဂတ်မှာဖြစ်လာမယ့် အရာတွေဖြစ်ပြီး အနာဂတ်က အရာတွေကလည်း အတိတ်မှာဖြစ်လာမယ့် အရာတွေကို သက်ရောက်သွားစေမှာပါ။

ဒါကြောင့် သင်ဟာ black hole တစ်ခုကို ရှာတွေ့ခဲ့ပြီဆိုရင်တော့ ဒိုင်နိုဆောတွေကို ပြန်သွားကြည့်နိုင်တဲ့ မဟာအခွင့်အရေးမျိုးကို ပိုင်ဆိုင်ခဲ့ပြီလို့ ကောက်ချက်ချလို့ရပါပြီ။

Knight News Team

Knight News © 2022

Crd