“ဗြိတိန်ရဲ့ အဝေးပစ်ဒုံးကျည်တွေ ယူကရိန်းကို ပေးတော့မှာလား…?”
၁၃/၁၂/၂၀၂၂
အရပ်သားပစ်မှတ်တွေကို ရုရှားကဆက်လက်တိုက်ခိုက်နေမယ်ဆိုရင် ယူကရိန်းကို အဝေးပစ် လက်နက်တွေ ကူညီပေးဖို့ ဖြစ်လာလိမ့်မယ်လို့ ဗြိတိသျှကာကွယ်ရေးဝန်ကြီး ဘန် ဝေါလေ့စ်က ပြော ပါတယ်။
ယူကရိန်းကို လက်နက်အကူအညီပေးရေးနဲ့ပတ်သက်လို့ ဒီဇင်ဘာ ၁၂ ရက်နေ့က ပြုလုပ်တဲ့ ဗြိတိသျှပါလီမန်အမေးအဖြေမှာ ပြောလိုက်တာဖြစ်ပါတယ်။
ပါလီမန်ဆွေးနွေးပွဲမှာ ဝန်ကြီးချုပ်ဟောင်း ဘောရစ် ဂျွန်ဆင်က “ရုရှားကပစ်တဲ့ ဒရုန်းတွေ ဒုံးကျည်တွေကို ပစ်ချနိုင်တဲ့ လက်နက်တွေသာမက အဲဒီလို ပစ်ခတ်နေတဲ့ ရုရှားရဲ့ အခြေစိုက်စခန်းတွေကိုပါ ပစ်ခတ်ချေမှုန်းနိုင်မဲ့ အဝေးပစ်ဒုံးကျည်တွေ ယူကရိန်းကို အမြန်ကူညီပေးရင် စစ်ပွဲအမြန်ပြီးဆုံးသွားမယ်” ဆိုပြီး တင်ပြခဲ့တာပါ။
ဂျွန်ဆင်ရဲ့ တင်ပြချက်ကို ဗြိတိသျှကာကွယ်ရေးဝန်ကြီးက ထောက်ခံခဲ့ပြီး ယူကရိန်းမှာ အဝေးပစ်လက်နက်ကြီးတွေမရှိတဲ့အပေါ် ရုရှားက အမြတ်ထုတ်ပြီး အရပ်သားပစ်မှတ်တွေကို အဝေးကနေတိုက်ခိုက်နေတယ်လို့ ပြောပါတယ်။ ဗြိတိန်အနေနဲ့ အဝေးကို ပစ်ခတ်နိုင်တဲ့ ကိုယ်ပိုင်ထုတ် ဒုံးကျည်တွေရှိနေသလို ဘယ်လို အမျိုးအစားပေးရမယ်ဆိုတာ အမြဲစဉ်းစား သုံးသပ်နေတယ်လို့ လည်း ဘန် ဝေါလေ့စ်က ပြောပါတယ်။
ရုရှားအနေနဲ့ ဂျီနီဗာကွန်ဗန်ရှင်းကို ချိုးဖေါက်ပြီး အရပ်သားပစ်မှတ်တွေကိုဆက်တိုက်နေမယ်ဆိုရင်တော့ ဗြိတိသျှအစိုးရအနေနဲ့ နောက်ထပ် ဘာဆက်လုပ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်တွေ့ရပါလိမ့်မယ်လို့လည်း ကာကွယ်ရေးဝန်ကြီး ဘန် ဝေါလေ့စ်က ပြောသွားပါတယ်။
crd
#BNN
#BurmaNewsNetwork
Unicode
crd
#BNN
#BurmaNewsNetwork
Crd