(၄)နှစ်ကြာ အချိန်ယူပြီး ပေါ်ထွက်လာတဲ့ လော့ဟိမာတင်ရဲ့ လေယာဉ်အသစ်

(၄)နှစ်ကြာ အချိန်ယူပြီး ပေါ်ထွက်လာတဲ့ လော့ဟိမာတင်ရဲ့ လေယာဉ်အသစ်

F-16 မျိုးဆက်သစ် တိုက်လေယာဉ်တစ်မျိုးကို လော့ဟိမာတင် ကုမ္ပဏီက ဂရင်းဗီလ်အရပ်မှာ ထုတ်ဖော်ပြသလိုက်ပါတယ်။ အဲဒီလေယာဉ်ကို ဘာရိန်းလေတပ်ကို ပို့ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

လေးနှစ်လောက် အဆက်ပြတ်သလို ဖြစ်နေပြီးမှ ဒီဇိုင်းအသစ်နဲ့ F-16 တိုက်လေယာဉ်ကို လော့ဟိမာတင်က တပ်ဆင်ထုတ်လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အစီးရေ (၇၀)ကနေ (၇၂)စီးထိရှိတဲ့ အဲဒီလေယာဉ်အုပ်ဟာ ဘာရိန်းလေတပ်အတွက် ထုတ်လုပ်မှာဖြစ်ပြီး ဂရင်းဗီးလ်အရပ်မှာရှိတဲ့ စက်ရုံမှာ တပ်ဆင်ထုတ်လုပ်နေခဲ့တာ ဖြစ်ပါတယ်။

ဂရင်းဗီးလ်ဟာ တောင်ကယ်လိုလိုင်းနားပြည်နယ်ထဲမှာ ရှိပါတယ်။ အဲဒီ F-16 New Generation လေယာဉ်ရဲ့ ပထမဆုံး စမ်းသပ်ပျံသန်းမှုကိုတော့ ၂၀၂၃ ခုနှစ် အစပိုင်းလောက်မှာ ပြုလုပ်နိုင်ပါလိမ့်မယ်။

အရင်က F-16 တွေကို Fort Worth မှာ ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ရပ်နားခဲ့ပါတယ်။ Fort Worth မှာ F-35 လေယာဉ်တွေ ထုတ်လုပ်ဖို့ F-16 တွေကို ရပ်နားခဲ့တာ ဖြစ်ပါတယ်။

အခုတော့ အမေရိကန် ကုမ္ပဏီကြီး လော့ဟိမာတင်ဟာ F-16 တွေ ပြန်လည်ထုတ်လုပ်ဖို့ ဂရင်းဗီးလ်မှာ ၂၀၂၁ ခုနှစ်ကတည်းက ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

လော့ဟိမာတင်ရဲ့အဆိုအရ အစီးရေ ၁၂၈ စီးအထိ ထုတ်လုပ်ဖို့ ရှိနေပြီး ခုဆယ်စုနှစ်အတွင်းမှာပဲ ဖောက်သည် ငါးနိုင်ငံကို တင်ပို့သွားမှာ ဖြစ်ပါတယ်။

ဘာရိန်းလေတပ်အပြင် ဆလိုဗက်ကီးယား၊ ဘူဂေးရီးယား၊ ထိုင်ဝမ်နဲ့ အခြားအမည်မဖော်ပြထားတဲ့ နိုင်ငံတစ်ခုတို့ ပါဝင်နေပါတယ်။ နောက်ထပ် ကမ်းလှမ်းထားတဲ့နိုင်ငံကတော့ ဂျော်ဒန်နိုင်ငံပါ။ သူက (၈)စီးလောက် ဝယ်ဖို့ရှိနေတာပါ။

အခုထုတ်လုပ်မယ့် F-16 ကတော့ မူလ F-16 ရဲ့ နောက်ဆုံးမျိုးကွဲလို့ ပြောလို့ရပါတယ်။ ‌လေယာဉ်အားလုံးကို ၂၀၃၀ ခုနှစ်ရဲ့ နှစ်လယ်လောက်ကို နောက်ဆုံးထား ထုတ်လုပ်သွားဖို့ ရည်မှန်းထားပါတယ်။

အမေရိကန် လေတပ်ကလည်း တစ်ချိန်တည်းလိုလို သူ့ရဲ့ မော်ဒယ်ဟောင်း F-16 တွေကို ရပ်နားသွားမှာ ဖြစ်ပါတယ်။

အခု အသစ်ထုတ်မယ့် F-16 လေယာဉ်မှာ ကိုယ်ထည်တည်ဆောက်မှုကို ပိုမိုအားဖြည့်ထားပါတယ်။ လေယာဉ်ရဲ့ သက်တမ်းကိုလည်း နာရီ ၁၂,၀၀၀ အထိ တိုးမြှင့်ထားပါတယ်။

ဒါဟာ မူလ F-16 ထက် (၅၀) ရာခိုင်နှုန်း ပိုတိုးလာတဲ့သဘော ဖြစ်ပါတယ်။ ဒါ့ကြောင့် အခုထုတ်လုပ်တဲ့ လေယာဉ်တွေကို ၂၀၆၀ ခုနှစ်အထိ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

နောက်ထပ် အဆင့်မြှင့်ထားတာတွေကတော့ AESA ရေဒါ၊ အီလက်ထရောနစ် တန်ပြန်သက်ရောက်မှုစနစ်၊ Processing Capacity များတဲ့ Mission Computer တို့ တိုးချဲ့တပ်ဆင်ထားတာ ဖြစ်ပါတယ်။

ခေါင်းခန်း (Cockpit) မှာလည်း ပြင်ဆင်မွမ်းမံမှုတွေ ပြုလုပ်ထားပြီး ကြီးမားကျယ်ပြန့်တဲ့ TV ဖန်သားပြင် ဒိုင်ခွက်တွေ တပ်ဆင်ထားပါတယ်။

အင်ဂျင်ကိုလည်း ပြုပြင်ထားပြီး အတောင်ပံမှာ အပို ဆီတိုင်ကီ တပ်ဆင်ပေးထားပါတယ်။ လက်နက်စနစ်တွေကိုလည်း ပိုမိုကောင်းမွန်တဲ့ စနစ်များ တိုးချဲ့တပ်ဆင်ထားပါတယ်။

F-16 ဟာ မူလက General Dynamic က ပုံစံထုတ်ခဲ့တာဖြစ်ပြီး စတင်ပျံသန်းခဲ့တာကတော့ ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ ဖြစ်ပါတယ်။ လော့ဟိမာတင်က ၁၉၉၃ ခုနှစ်မှာ လွှဲပြောင်းရယူခဲ့တာ ဖြစ်ပါတယ်။

Martin Marietta ကုမ္ပဏီနဲ့ လောဟိမာတင် ကုမ္ပဏီ ၂ ခုဟာ ၁၉၉၅ ခုနှစ်မှာ ပူးပေါင်းခဲ့ပြီး လော့ဟိမာတင်လို့ အမည်တွင်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ F-16 လေယာဉ်တွေဟာ နိုင်ငံ ၂၅ နိုင်ငံမှာ တာဝန်ထမ်းဆောင်နေကြပါတယ်။

F-16 လေယာဉ်ရဲ့ အချက်အလက်တစ်ချို့ကို ဖော်ပြရရင်တော့

– အင်ဂျင်တစ်လုံးတပ် ဘက်စုံသုံး တိုက်လေယာဉ် ဖြစ်ပါတယ်။
– သူ့ရဲ့ အမည်အပြည့်အစုံက F-16 Fighting Falcon ဖြစ်ပါတယ်။

-အကွာအဝေး မိုင် ၅၀၀ ကျော်အထိ သွားရောက်တိုက်ခိုက်နိုင်ပါတယ်။ ဝေဟင်ဆီဖြည့်စနစ်နဲ့ဆိုရင် ပိုဝေးဝေးသွားနိုင်ပါတယ်။

-သူ့ရဲ့အရွယ်အစားက သေးသွယ်လှပသလို ဈေးကလည်း သိပ်မများပါဘူး။ ပြုပြင်ထိန်းသိမ်းမှုစရိတ်လည်း သက်သာပါတယ်။

-ပိုင်းလော့ ထိုင်ခုံဟာ ၁၃ ကနေ ၃၀ ဒီဂရီအထိ စောင်းနိုင်တဲ့အတွက် ပိုင်းလော့ကို သက်သောင့်သက်သာရှိစေပြီး ကမ္ဘာ့ဆွဲအား (G-effect)ကို ပိုမိုခံနိုင်ရည် ရှိစေပါတယ်။

– လေယာဉ်မှာ Fly-by-wire စနစ် တပ်ဆင်ထားလို့ ပိုင်းလော့ဟာ Control Stick နဲ့ လိုသလို လွယ်ကူစွာ Flight Control တွေကို ရွေ့လျားစေပြီး မောင်းနှင်နိုင်ပါတယ်။ Stick ကို ပိုင်းလော့ခြေထောက်နှစ်ခုအကြား အလယ်တည့်တည့်မှာ တပ်ဆင်ပေးထားပါတယ်။

-(Avionics)စနစ်မှာလည်း E.G.I (Enhanced Global Positioning and Inertial Navigation System) တပ်ဆင်ထားလို့ ခေတ်မှီလှပါတယ်။ ပိုင်းလော့ဟာ ကွန်ပျူတာမှတဆင့် Flight Path ပျံသန်းမှုလမ်းကြောင်းကို ကြိုတင်သတ်မှတ်ထားလို့ ရပါတယ်။

-ILS (Instrument Landing System) ပါဝင်လို့ ILS တပ်ဆင်ထားတဲ့ ကွင်းတွေကို အလွယ်တကူ ရှာဖွေဆင်းသက်နိုင်ပါတယ်။

-ရန်သူ့ဒုံးကျည်များရဲ့ နှောင့်ယှက်မှုကိုလည်း Early Warning System ကြောင့် ကြိုတင်သိရှိနိုင်ပါတယ်။

F-16 လေယာဉ် ဆင်နွှဲခဲ့တဲ့ စစ်ပွဲတွေ အများအပြား ရှိခဲ့ပါတယ်။ ထင်ရှားတဲ့ သာဓကတွေကတော့ (၁) Noble Eagle (Homeland Defense)၊ (၂) Freedom in Afghanistan, (၃) Iraqi Freedomတို့ ဖြစ်ပါတယ်လို့ တင်ပြလိုက်ပါတယ်။

Knight News Team

Knight News © 2022

Crd