အီဘရာဟီမိုဗစ် အိပ်ပျော်နေတုန်း Kissing ပေးခဲ့လို့ ပါးရိုက်ခံခဲ့ရဖူးတဲ့ ဗန်ဒါမေဒီ

News

အီဘရာဟီမိုဗစ်ဆိုတာက ပုံစံကြည့်လိုက်တာနဲ့ သူ့ကို သွားပြီးရှုပ်လို့မရဘူးဆိုတာ အသိအသာကြီးပါပဲ။

ဗလအားကိုးနဲ့ ပြိုင်ဘက်တွေကို တံတောင်စွမ်းပြခဲ့တာ၊ လစ်ရင်လစ်သလို ကွန်ဖူးကစ်နဲ့ ဆော်လေ့ရှိတာတွေက ခဏခဏဖြစ်ပြီး ပြိုင်ဘက်တွေသာမဟုတ်ဘဲ အသင်းဖော်အချင်းချင်းတောင် မထင်ရင်မထင်သလို ပိတ်ကန်တာမျိုးရှိခဲ့ဖူးတယ်။

ရှုတည်တည်မျက်နှာပေးနဲ့ လူမိုက်ရုပ်ပေါက်နေတဲ့ အီဘရာဟီမိုဗစ်ကို သွားပြီးစနောက်ဖို့မပြောနဲ့ စကားပြောရင်တောင် ခပ်လန့်လန့်ဖြစ်ရမယ့် ဂိုက်ပေါက်ပါပဲ။

အဲဒီလိုလူမျိုးကိုမှ သွားပြီးစနောက်ခဲ့လို့ ပါးရိုက်ခံခဲ့ရတဲ့ ဗန်ဒါမေဒီရဲ့အဖြစ်အပျက်ကို ပရိသတ်တွေသိအောင်ဖောက်သည်ချချင်ပါတယ်။

ဗန်ဒါမေဒီဆိုတာ ပရိသတ်တွေနဲ့ သိပ်မစိမ်းတဲ့ကစားသမားတစ်ဦးဖြစ်ပြီး အေဂျက်စ်၊ အင်တာမီလန်၊ အဲဗာတန်တို့မှာကစားခဲ့ဖူးတဲ့ နယ်သာလန်ကစားသမားဟောင်းပါ။

သူနဲ့ အီဘရာဟီမိုဗစ်တို့က အေဂျက်စ်အသင်းမှာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိအတူကစားခဲ့ပြီး အဲဒီအချိန်က အီဘရာဟီမိုဗစ်၊ ဗန်ဒါမေဒီနဲ့ လူငယ်ခြေတက်ဗန်ဒါဗတ်တို့ဟာ ခြေစွမ်းထက်နေတဲ့အပြင် တစ်ယောက်နဲ့တစ်ယောက်အပြိုင်အဆိုင်ဖြစ်နေချိန်ပေ့ါ။

အီဘရာဟီမိုဗစ်က ငယ်ငယ်ကတည်းက သွေးကခပ်ကြွကြွ၊ စကားကြီးစကားကျယ်တွေလည်းပြောတတ်တဲ့သူမျိုးဆိုတော့ အေဂျက်စ်အသင်းမှာ သူနဲ့ အရမ်းကြီးခင်တဲ့သူမျိုး မရှိဘူး။

ဒါပေမဲ့ ဗန်ဒါမေဒီနဲ့ကတော့ တခြားသူတွေထက် ပိုရင်းနှီးတယ်လို့ပြောရမှာဖြစ်ပေမယ့် အီဘရာဟီမိုဗစ်က သူငယ်ချင်းဆိုပြီး အထာထားတတ်တဲ့သူမျိုး မဟုတ်ဘူး။

အဲဒါကို သိသိလျက်နဲ့ ဒေါသကုမ္မာရကိုမှ သွားပြီး Kissing ပေးခဲ့တဲ့ ဗန်ဒါမေဒီတစ်ယောက် ပါးကို ဘယ်ပြန်ညာပြန်အရိုက်ခံလိုက်ရတော့တာပါပဲ။

အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဗန်ဒါမေဒီက အခုလိုပြန်ပြောင်းပြောခဲ့တယ်။ “ကျွန်တော်တို့ အေဂျက်စ်အသင်းမှာ အတူကစားခဲ့ချိန်တုန်းကပေ့ါ။

ကျွန်တော်က အသင်းဘတ်စ်ကားပေါ်မှာ အီဘရာဟီမိုဗစ်ရဲ့ဘေးမှာ အမြဲထိုင်လေ့ရှိတယ်။

တစ်ခါတုန်းက ကားစီးလာရင်း သူ အိပ်ပျော်သွားချိန်မှာ ကျွန်တော်က Gay တွေလိုမျိုး သူပါးစပ်ကို သွားနမ်းလိုက်ပါရော။

စက္ကန့်ပိုင်းအကြာလောက်မှာပဲ ကျွန်တော့်ပါး ဘယ်ပြန်ညာပြန်အရိုက်ခံလိုက်ရပါတယ်” အီဘရာဟီမိုဗစ်ဟာ အသက်(၃၉)နှစ်အရွယ်အထိ ဘောလုံးလောကရဲ့ ထိပ်တန်းအဆင့်မှာ ရပ်တည်နေပေမယ့်

ဗန်ဒါမေဒီကတော့ မူးယစ်ဆေးဝါးနဲ့ အရက်ကျေးကျွန်ဖြစ်ခဲ့တာကြောင့် ဘောလုံးသမားဘဝကို ခပ်စောစောပဲ ပြည်ဖုံးကားချခဲ့ရသူပါ။

တကယ်လို့ ဒီနှစ်ယောက် တစ်ချိန်ချိန်မှာ ပြန်ဆုံတွေ့ဖြစ်ခဲ့ရင် အဲဒီအဖြစ်အပျက်ကို အမှတ်တရအဖြစ် ပြန်ပြောဖြစ်ကြမှာ အသေအချာပါပဲ

Leave a Reply