အာဖဂန်မှနိုင်ငံတကာတပ်ဖွဲ့များရုပ်သိမ်းမှုကို အကာအကွယ်ပေးရန် အမေရိကန်က စစ်ကူများ ယာယီဖြန့်ကျက်ချထားမည်

News

အာဖဂန်မှ နိုင်ငံတကာတပ်ဖွဲ့များရုပ်သိမ်းမှုကို အကာအကွယ်ပေးရန် အမေရိကန်က စစ်ကူများ ယာယီဖြန့်ကျက်ချထားမည် အာဖဂန်နစ္စတန်မှ နိုင်ငံတကာတပ်ဖွဲ့များ ရုပ်သိမ်းချိန်တွင် အကာအကွယ်ပေးရန်အတွက် အမေရိကန်က နောက်ထပ်စစ်သားများ ယာယီဖြန့်ကျက်ချသွားမည်ဟု အမေရိကန်စစ်တပ်မှ အရှေ့အလယ်ပိုင်းဆိုင်ရာ တပ်မှူးဗိုလ်ချုပ်ကြီးကန်နက်သ် မက်ကန်ဇီး က ဧပြီ ၂၂ ရက်တွင်ပြောကြားခဲ့သည်။ပြီးခဲ့သည့်သီတင်းပတ်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် စက်တင်ဘာ ၁၁ တိုက်ခိုက်မှု အနှစ် ၂၀ ပြည့်မည့် နှစ်ပတ်လည် နေ့မတိုင်မီ အာဖဂန်မှ အမေရိကန်တပ်ဖွဲ့များအားလုံးကို ရုပ်သိမ်းသွားမည်ဟုကြေညာခဲ့ပြီးနောက် ယင်းရုပ်သိမ်းမှုသည် တာလီဘန်တို့ ပြန်လည်ခေါင်းထောင်လာမည်ကို အမေရိကန်စစ်တပ်က စိုးရိမ်နေသည်ဟု မက်ကန်ဇီးက ပြောကြားခဲ့သည်။

“ကျွန်တော်တို့တပ်တွေ ပြန်လည်ရုပ်သိမ်းချိန်မှာ အကာအကွယ်ပေးဖို့အတွက် နောက်ထပ်အရင်းအမြစ်တွေကို ပို့ဆောင်သွားမှာပါ” ဟု မက်ကန်ဇီးက အသေးစိတ် ရှင်းလင်းခြင်းမရှိဘဲ အမေရိကန် အထက်လွှတ်တွင် ကြားနာစစ်ဆေးမှု၌ ပြောကြားခဲ့သည်။“တပ်တွေပြန်ရုပ်တဲ့ ဘယ်လိုပုံစံမျိုးမဆို အခုလိုလုပ်တာဟာ ပုံမှန်ပါပဲ။ ကျွန်တော်တို့ ဘာသာ တပ်တွေကိုပြန်ရုပ်သိမ်းနိုင်စွမ်းရှိလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု မက်ကန်ဇီးက ပြောကြားခဲ့သည်။လွှတ်တော်တွင် ကြားနာစစ်ဆေးမှုပြီးနောက် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် အာဖဂန်သို့ပို့ဆောင်မည့် စစ်ကူအရေအတွက်ကို မက်ကန်ဇီးက ပြောကြားခြင်းမရှိခဲ့ဘဲ လက်ရှိတွင် ယင်းအစီအစဉ်ကို လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။အာဖဂန်တွင် အမေရိကန်စစ်သား ၂,၅၀၀၊ အရပ်ဘက်ကန်ထရိုက်တာ၁၆,၀၀၀ နှင့် ၎င်းတို့၏ပစ္စည်းများသည် နေတိုးတပ်ဖွဲ့ဝင် ၇,၀၀၀ နှင့်အတူ ထွက်ခွာရမည်ဖြစ်သည်။

တပ်များကို ဘေးကင်းစွာရုပ်သိမ်းနိုင်ရန်အတွက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်ကို အနည်းဆုံးသုံးလကြာ အချိန်ယူလုပ်ဆောင်သွားမည်ဟု အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။ဒေါ်လာဘီလျံနှင့်ချီသည့် ရင်းနှီးမြှပ်နှံမှု၊ ပစ္စည်းကိရိယာနှင့် လေ့ကျင့်သင်တန်းပေးမှုများ ရှိခဲ့သော်လည်း အာဖဂန်စစ်တပ်သည် အမေရိကန်၏ထောက်ပံ့မှုမပါဘဲ မြေပြင်တွင် ရပ်တည်နိုင်စွမ်းမရှိမည်ကို စိုးရိမ်မိကြောင်း မက်ကန်ဇီးက အထက်လွှတ်တော်အမတ်များအား ပြောကြားခဲ့သည်။“ထောက်လှမ်းရေး၊ လက်နက်ပစ်ကူနဲ့ တာလီဘန်တွေအပေါ် အမှန်တစ်ကယ် အသာစီးရတဲ့အရာတွေကို စွမ်းဆောင်နိုင်ခဲ့ပေမယ့် အဲဒီအရာတွေဟာ နိုင်ငံတကာတပ်တွေ ပြန်လည်ရုပ်သိမ်းသွားချိန်မှာ အဆုံးသတ်သွားနိုင်ပါတယ်” ဟု မက်ကန်ဇီက ပြောကြားခဲ့သည်။

မက်ကန်ဇီးသည် အာဖဂန်တပ်များ ရှုံးနိမ့်နိုင်သည်ဆိုသည့်ပြောကြားချက်ကို ငြင်းပယ်ခဲ့သော်လည်း လက်ရှိအချိန်တွင် တာလီဘန်များသည် ၂၀၁၁ ခုနှစ်ကထက် ပိုမိုအင်အားများလာပြီး လက်နက်ကိုင်တိုက်ခိုက်ရေးသမား ၅၀,၀၀၀ ခန့်ရှိကြောင်းခန့်မှန်းရကာ ပြီးခဲ့သည့် ဆယ်စုနှစ်ကျော်ကထက် အာဖဂန်၏ နယ်နိမိတ်များကို ပိုမိုထိန်းချုပ်နိုင်ကြောင်း ၎င်းကပြောကြားခဲ့သည်။ထို့ပြင် အထောက်အကူမပါသည့် အာဖဂန်လေတပ်၏ စွမ်းဆောင်ရည်ကိုလည်း စိုးရိမ်မိကြောင်းနှင့် အာဖဂန်လေတပ်သည် ပြည်ပကျွမ်းကျင်သူများအပေါ် မှီခိုအားထားနေရကြောင်း မက်ကန်ဇီးက ပြောကြားခဲ့သည်။

credit – News-Eleven

Leave a Reply