အာဆီယံအထူးကိုယ်စားလှယ်မှ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်သို့ပြန်လည်ပို့ဆောင်ရန် တိုက်တွန်း

News Social News

အာဆီယံအထူးကိုယ်စားလှယ်မှ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်သို့ပြန်လည်ပို့ဆောင်ရန် တိုက်တွန်း

မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်တစ်ဦးဖြစ်သူ မစ္စတာပရတ်ဆိုးခွန်က နစကအား ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်သို့ပြောင်းရွှေ့လိုက်မှုအပေါ် အာဆီယံနိုင်ငံများ၏ စိုးရိမ်မှုကိုထုတ်ဖော်ပြောကြားကာ သူမကိုမူလကထိန်းသိမ်းထားသည့် နေရာသို့သာပြန်လည်ပြောင်းရွှေ့‌ပေးရန်တိုက်တွန်းခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းသောနိုင်ငံရေးနည်းလမ်းနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍကနေပါဝင်နေသည်ဖြစ်၍ ယခုဖြစ်ရပ်အ‌ပေါ် အာဆီယံအပြင်မြန်မာနိုင်ငံတွင်းနှင့် နိုင်ငံတကာကပါထပ်တူစိုးရိမ်ပူပန်မိကြမည်ဟူသောအချက်သည် သံသယဖြစ်စရာမရှိ” ဟု အာဆီယံအထူးကိုယ်စားလှယ် က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံစာရေးသားပေးပို့ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တစ်ဦးအနေဖြင့် မူလကတောင်းဆိုထားသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည်အား သူမအသက်အရွယ်အရ ကျန်းမာရေးအခြေအနေနှင့် ဥပဒေအရ တရားမျှတသော ရင်ဆိုင်ခွင့် ဟူသောအချက်များကိုထောက်ရှု၍ သူမအားမူလကထိန်းသိမ်းထားသည့်နေရာသို့ပြန်လည်ပို့ဆောင်ရန်အာဆီယံနိုင်ငံများ၏အသံကို ကိုယ်စားပြုကာထပ်မံတိုက်တွန်းသည်ဟု၎င်းကဆိုသည်။

နိုင်ငံတွင်းပဋိပက္ခများအတွက် ငြိမ်းချမ်းသောနည်းလမ်းဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကိုအဖြေရှာနိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းပေါင်းစုံမပါဝင်ဘဲမျှော်လင့်လို့မရသဖြင့် အာဆီယံအနေဖြင့် သက်ဆိုင်သူအားလုံးပါဝင်သည့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်တစ်ရပ်ကို အမြန်ဆုံးအကောင်အထည်ဖော်ရန် နစကအားတိုက်တွန်းလိုပါသည်ဟု အာဆီယံအထူးကိုယ်စားလှယ်က ပြောဆိုထားသည်။

“မည်မျှပင်ရှုပ်‌ထွေးသောပဋိပက္ခဖြစ်နေပါစေ၊ ထိုပဋိပက္ခအတွက် ငြိမ်းချမ်းသောနည်းဖြင့်ဖြေရှင်းမှု၌ သက်ဆိုင်သူအားလုံးသည် နိုင်ငံရေးနေရာ ခွဲဝေမှုတွင်ပါဝင်ရမည်ဖြစ်သည်” ဟုလည်း၎င်းကထပ်မံဖြည့်စွက်ပြောကြားခဲ့သည်။

အာဆီယံအထူးကိုယ်စားလှယ်သည် ဇွန်လ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု ကြားသိရပြီး ပထမအကြိမ် ခရီးစဉ်အဖြစ် မတ်လ ၂၁ ရက်နေ့က လာရောက်ခဲ့ပြီး နစကအစိုးရအဖွဲ့ဝင်များ၊ အရပ်ဖက်နှင့် နိုင်ငံရေးပါတီအချို့နဲ့ တွေ့ဆုံခဲ့သည်။

Crd