“အသက် (၄၀) ဆယ်မှာ နွားနို့ တစ်ပိဿာ ကုန်အောင်သောက်တဲ့ ဆရာမင်းသုဝဏ်”

“အသက် (၄၀) ဆယ်မှာ နွားနို့ တစ်ပိဿာ ကုန်အောင်သောက်တဲ့ ဆရာမင်းသုဝဏ်” (ဆရာမင်းသုဝဏ် ဟာ နိုင်ငံတော် သမ္မတာဟောင်း ဦးထင်ကျော်ရဲ့ ဖခင် ဖြစ်ပါတယ်)

ဆရာငွေဥဒေါင်းရဲ့ စာဝင်္ကပါစာအုပ်ထဲမှာ… တက္ကသိုလ်ရိပ်သာလမ်းမှာ နေတဲ့ ဆရာမင်းသုဝဏ် ဆီကိုသွားရာ စောစောစီး ပေါက်တူးပေါက်နေတဲ့ ဆရာကို တွေ့တော့.. ” စောစောစီးစီး ကြိုးစားလှချည်လား ဆရာ” လို့ နှုတ်ဆက်စကားဆိုတယ်။

” ဗိုက်ချောင်အောင် ကြိုးစားနေရတာဗျို့” ” ဘယ်အလှူမှာ စားခဲ့လို့လဲ ဆရာ ” ” အလှူကမဟုတ်ပါဘူး၊ အမေက ကျွေးတာ” ” ဘာတွေ ကျွေးခဲ့လို့လဲ ဆရာ ” ” သည်နေ့ အမေက နွားနို့တိုက်တယ်လေ” ” နွားနို့သောက်တာ ဘာဆန်းလို့လဲ ဆရာ၊ နွားနို့ သောက်တာ ဗိုက်မလေးလောက်ပါဘူး” ” အမေက နွားနို့တစ်ပိဿာ သောက်ခိုင်းတာ အစိတ်သားတော့ သောက်ပြီးပြီ၊ ကျန်တဲ့ ၇၅ ကျပ်သားသောက်ဖို့ ဗိုက်ချောင်အောင် လုပ်နေတာ”

” တယ်ဆန်းပါလားဆရာ၊ နွားနို့တစ်ပိဿာကုန် အောင် ဆရာ့အမေက ဘာဖြစ်လို့တိုက်တာလဲ၊ ဓါတ်စာကျွေးတာလား ဆရာ” ” ဓါတ်စာ ဆိုပါတော့ဗျာ၊ ဒီနေ့ ကျွန်တော့် မွေးနေ့လေ” “မွေးနေ့နဲ့ နွားနို့တစ်ပိဿာ သောက်တာနဲ့ ဘယ်လို ဆက်စပ်တယ်ဆိုတာ ပြောပါအုန်းဆရာ”

“သည်နေ့ ကျွန်တော် အသက် ၄၀ ပြည့်မွေးနေ့ အမေကပြောတယ်ဗျ၊ လူဟာ အသက် ၄၀ ပြည့်မှ အမေ့နို့ရည် စင်တယ်တဲ့။ အမေ့နို့ရည်စင်တဲ့ နေ့မှာ နွားနို့အားနဲ့ဆက်ပေးတဲ့သဘောပေါ့ဗျာ.. ဒါကြောင့် အမေသောက်ခိုင်းတဲ့ နွားနို့တစ်ပိဿာကို သည်နေ့ ကုန်အောင်သောက်ဖို့ ကြိုးစားနေတာ”

ဆရာမင်းသုဝဏ်စကားကို နားထောင်ပြီး အပြန် လမ်းမှာ… အသက် ၄၀ မှာ လူ့ဘဝစတယ်ဆိုတဲ့ အနောက်တိုင်း အယူအဆနဲ့ အသက် ၄၀ ပြည့်တဲ့ နေ့မှာ မိခင်နို့ရည်စင်တယ် ဆိုတဲ့ မြန်မာအယူအဆ ဘယ်လို ဆက်စပ်တယ်ဆိုတာ စဉ်းစားဖို့ အတွေးဝင် မိတယ်လို့ ရေးထားပါတယ်။

ဆရာကြီး မင်းသုဝဏ်သည် စာရေးဆရာအနေနဲ့ရော တက္ကသိုလ်ဆရာအနေနဲ့ပါ အထင်ကရ ဖြစ်နေပြီဖြစ်သော်လည်း မိခင်ကြီးက သားကို မိခင်နို့ရည် မစင်သေးတဲ့သားအဖြစ်မြင်နေပုံကို ဆရာငွေဥဒေါင်းက ကိုယ်တွေ့ဝတ္ထုကောင်းတစ်ပုဒ် အဖြစ် ရှုမြင်ပုံက လှပလွန်းတဲ့ တင်စားမှုတစ်ရပ်အဖြစ် ခံစားမိ၍ ရေးသားဝေမျှလိုက်ပါသည်။ (စာကိုး ညောင်ခါးရှည် မှိုင်းဝေ သန်းဝင်းသူ)


1

Crd