အရှေ့တောင်အာရှတွင် ရေငုပ်သင်္ဘောပိုင်ဆိုင်ခဲ့သည့် ပထမဆုံးရေတပ် (ဝါ) Matchanu Class Submarine

News

အရှေ့တောင်အာရှတွင် ရေငုပ်သင်္ဘောပိုင်ဆိုင်ခဲ့သည့် ပထမဆုံးရေတပ် (ဝါ) Matchanu Class Submarine

WW II မတိုင်မီကာလကပင် အရှေ့တောင်အာရှတွင် ပထမဆုံး၊ အာရှတွင် ဂျပန်ပြီးလျှင် ဒုတိယမြောက်အဖြစ် ရေငုပ်သဘောၤတပ်ဖွဲ့အား ပိုင်ဆိုင်ခဲ့တဲ့နိုင်ငံကတော့ လက်ရှိမှာ ရေငုပ်သင်္ဘောလက်ဝယ်မရှိသေးသည့် ထိုင်းဘုရင့်တော်ဝင်ရေတပ်ပဲ ဖြစ်ခဲ့ပါတယ်။

ယခင်ထိုင်းတော်ဝင်ရေတပ် (Royal Siamese Navy)ဟာ ပထမကမ္ဘာစစ်မတိုင်မီ ၁၉၁၀ ပြည့်နှစ်အစောပိုင်းကာလများကတည်းက ရေငုပ်သဘောၤပိုင်ဆိုင်ရေးကို စိတ်ဝင်စားခဲ့တာဖြစ်သော်လည်း ငွေကြေးအခတ်အခဲကြောင့် ဝယ်ယူနိုင်ခဲ့ခြင်းမရှိခဲ့ပေ။

၁၉၃၄ ခုနှစ်အရောက်တွင် ရေတပ်ဦးစီးချုပ် Sindhu Kamalanavin က ရေငုပ်သဘောၤစီမံကိန်းကို လွှတ်တော်သို့တင်ပြခဲ့ရာမှ ၁၉၃၅ ခုနှစ်မှာတော့ ရေငုပ်သဘောၤ ၃စီးအတွက် ဘတ်ငွေ ၆.၉သန်း ခွင့်ပြုပေးခဲ့ပါတယ်။

အဆိုပါသင်္ဘောများဆောက်လုပ်ရန်အတွက် ၁၉၃၅ အောက်တိုဘာတွင် ဈေးပြိုင်တင်ဒါခေါ်ခဲ့ရာမှာတော့ ဂျပန်နိုင်ငံ Mitsubishi လုပ်ငန်းက ရေငုပ်သင်္ဘောတစ်စီးလျှင် ဘတ်ငွေ ၈၂၀၀၀၀ နဲ့ ၄စီး ဆောက်လုပ်ရန် အောင်မြင်ခဲ့ပါတယ်။

၁၉၃၆ မှ ၃၈ အထိ ထိုင်းတော်ဝင်ရေတပ်မှ အရာရှိ/စစ်သည် (၁၁၈) ယောက်အား ရေငုပ်သင်္ဘောကိုင်တွယ်မောင်းနှင်ရန်အတွက် ဂျပန်နိုင်ငံသို့စေလွှတ်ပြီး ဂျပန်စစ်သည်များနဲ့အတူ ပူးတွဲလေ့ကျင့်စေခဲ့ပါတယ်။

အဆိုပါရေငုပ်သဘောၤများကို Kobe သဘောၤကျင်းမှာ အုပ်စု ၂ ခုခွဲ၍ စတင်ဆောက်လုပ်ခဲ့ပြီး ပထမ ၂စီးကို ၁၉၃၆ မေလ ၆ ရက်နေ့နဲ့ နောက် ၂စီးကိုတော့ ၁၉၃၆ အောက်တိုဘာ ၁ ရက်နေ့မှာ ဧရာခင်းကာ စတင်ဆောက်လုပ်ခဲ့ပါတယ်။

ပထမအုပ်စု ၂စီးကို ၁၉၃၆ ဒီဇင်ဘာ ၂၄ ရက်နေ့နဲ့ ဒုတိယအုပ်စု ၂စီးကို ၁၉၃၇ မေလ ၁၄ ရက်နေ့တို့တွင် အသီးသီး ရေချနိုင်ခဲ့ပါတယ်။

ပထမအုပ်စုကို ၁၉၃၇ စက်တင်ဘာ ၄ ရက်နေ့မှာ ထိုင်းနိုင်ငံသို့လွှဲပြောင်းပေးခဲ့ပြီး အဆိုပါနေ့ကို ထိုင်းရေတပ်၏ ရေငုပ်သဘောၤနေ့ (Submarine Day) အဖြစ် ယနေ့တိုင် သတ်မှတ်ထားပါတယ်။

အခြား ၂စီးကိုတော့ ၁၉၃၈ ဧပြီ ၃၀ မှာ လက်ခံရယူခဲ့ပါတယ်။ အဆိုပါရေငုပ်သဘောၤ ၄စီး ကို Matchanu အတန်းစားအဖြစ် သတ်မှတ်ခဲ့ပြီး ရာမဇာတ်တော်လာအမည်များအား

HSMS Matchanu (II) (ယခု HTMS)

HSMS Wirun

HSMS Sinsamut

HSMS Phlai-chumphon ဟူ၍ ပေးအပ်ခဲ့ပါတယ်။

လမ်းခရီးတွင် ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်နိုင်ငံများသို့ ဝင်ရောက်ခဲ့ပြီး ၁၉၃၈ ဇွန် ၂၉ တွင် ဘန်ကောက်သို့ ရောက်ရှိလာခဲ့ပါတယ်။

အဆိုပါစာချုပ်အတွက် ဂျပန်မှ ဆောက်လုပ်ပေးသည့် ကမ်းရိုးတန်းကာကွယ်ရေးရေယာဉ် HSMS Sri Ayudhya နဲ့အတူ ၁၉၃၈ ဇူလိုင် ၁၉ တွင် တပ်တော်ဝင်ပြုလုပ်ခဲ့ပါတယ်။

ကမ်းရိုးတမ်းကာကွယ်ရေးအတွက်သာ ရည်ရွယ်ပြီးမှာယူခဲ့တာဖြစ်တဲ့အတွက် အဆိုပါရေငုပ်သင်္ဘောများဟာ သေးငယ်လှပါတယ်။

တန်ချိန် အားဖြင့် ရေပေါ် ၃၇၅.၆ နဲ့ ရေအောက် ၄၃၀ တန်ရှိပြီး ၁၈လက်မ တော်ပီဒိုပြွန် ၄ ခု၊ ၃လက်မ ကုန်းပတ်အမြောက် ၁လက် နှင့် ပွိုင့် ၃ လက်မစက်သေနတ် ၁လက်တပ်ဆင်ထားပါတယ်။

ရေစူး ၃.၆ မီတာနဲ့ ရေအနက် မီတာ ၂၀၀ အထိငုပ်နိုင်ပြီး Max Sp 14.5 Kts သာရရှိပါတယ်။ အရာရှိ/စစ်သည် (၅+၂၈) ဦး တင်ဆောင်နိုင်ပါတယ်။

အမည်များအား Siam မှ Thailand သို့ ၁၉၃၉ ဇွန် ၂၄ မှာ ပြောင်းလဲခဲ့ပါတယ်။

၁၉၃၉ ခုနှစ် တစ်နှစ်လုံး ပင်လယ်ပြင်လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ပြီး ၁၉၄၀ ထိုင်း-ပြင်သစ်စစ်ပွဲ (Franco-Thai War) အတွင်းတွင် ထိုင်းပင်လယ်ကွေ့၌ ကင်းထောက်စစ်ဆင်မှုများပြုလုပ်ခဲ့သော်လည်

ပြင်သစ်တို့ရဲ့စီးနင်းဝင်ရောက်မှုအား မကာကွယ်နိုင်သဖြင့် ၁၉၄၁ Ko Chang တိုက်ပွဲတွင် ထိုင်းတို့ များစွာဆုံးရှုံးခဲ့ရပါတယ်။

ထိုတိုက်ပွဲအပြီးတွင် ပြင်သစ်အင်ဒိုချိုင်းနား (လက်ရှိကမ္ဘောဒီးယား) ရေပိုင်နက် Ream Naval Base အနီး ကင်းလှည့်ရန် အခြေစိုက်ဆောင်ရွက်ခဲ့သော်လည်း ထိတွေ့မှုတော့မရှိခဲ့ပါဘူး။

မေ ၉ တွင် ပြင်သစ်နဲ့ ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုပြီးမြောက်ခဲ့ပါတယ်။

ရေငုပ်သင်္ဘောများအား WW II အတွင်းမှာလည်း အသုံးပြုခဲ့သော်လည်း တိုက်ပွဲထိတွေ့မှု တကြိမ်မှမရှိခဲ့ပေ။

၁၉၄၅ တွင် နိုင်ငံ၏အဓိကဓာတ်အားပေးလုပ်ငန်းများ ဗုံးကြဲခံရသဖြင့် မြို့တော်အား ဓာတ်အားပေးရန် ပထမ ၂စီးအား ဘန်ကောက်သဘောၤကျင်းကုမ္ပဏီတွင် ကျောက်ချရပ်နား၍ ဓာတ်အားပေးရုံအဖြစ် အရေးပေါ် အသုံးပြုခဲ့ရပါသေးတယ်။

ဒုတိယကမ္ဘာစစ်အပြီး ဂျပန်စစ်ရှုံးချိန်မှာတော့ ရေငုပ်သဘောၤများဟာ အပိုပစ္စည်းမရရှိမှုနဲ့ ရင်ဆိုင်လာရပါတော့တယ်။

ဘတ္တရီမရရှိမှုဟာ အဓိက ပြသနာဖြစ်လာခဲ့ပြီး ထိုင်းနိုင်ငံရှိ ဘတ္တရီစက်ရုံများကလည်း ရေငုပ်သဘောၤသုံးဘတ္တရီများအား ထုတ်လုပ်နိုင်စွမ်းမရှိတော့ပါဘူး။

၁၉၅၁ ခုနှစ်မှာတော့ ရေတပ်အရာရှိတွေရဲ့ မအောင်မြင်သောအာဏာသိမ်းမှု (Manhattan Rebellion) ဖြစ်ပွားခဲ့သည့်အတွက် ရေတပ်အင်အားကိုလျော့ချခံခဲ့ရပြီ

ရေငုပ်သဘောၤတပ်ဖွဲ့ကိုပါ ၁၉၅၁ ဇူလိုင် ၁၆ တွင် ဖျက်သိမ်းကာ ရေငုပ်သင်္ဘောအားလုံးကို ၁၉၅၁ နိုဝင်ဘာ ၃၀ ရက်နေ့မှာ တပ်တော်ဝင်အဖြစ်မှ ဖျက်သိမ်းခံခဲ့ရပါတယ်။

အချိန်တစ်ခုအထိ အဆိုပါသင်္ဘောများအား ကမ်းကပ်ချည်နှောင်ထားရှိခဲ့သော်လည်း နောက်ဆုံးတွင် Siam Cement ကုမ္ပဏီသို့ သံတိုသံစအနေနဲ့ ဘတ် ၅သိန်းဖြင့် ရောင်းချခဲ့ပြီး HTMS Matchanu ရေယာဉ်၏ Island အစိတ်အပိုင်းများအား ထိုင်းရေတပ်စစ်တက္ကသိုလ်နဲ့ မျက်နှာချင်းဆိုင် ရေတပ်ပြတိုက်တွင် ယနေ့တိုင်ပြသထားဆဲပဲဖြစ်ပါတယ်။

အာဆီယံရေတပ်များအနေနဲ့ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်္ကာပူ၊ မလေးရှားနဲ့ မြန်မာ ဟူ၍ ရေငုပ်သင်္ဘောများအား အသီးသီးပိုင်ဆိုင်ခဲ့ကြပြီး သမိုင်းကြောင်းရှိခဲ့သည့် ထိုင်းတော်ဝင်ရေတပ်အနေနဲ့လည်း လက်ရှိတွင် ရေငုပ်သင်္ဘောရရှိရေး ကြိုးပမ်းလုပ်ဆောင်လျက်ရှိပြီး မကြာမီတွင် ပိုင်ဆိုင်လာနိုင်တော့မှာ ဖြစ်ပါတယ်။

(Colour သွင်းပြီးပုံများ အသုံးပြုထားသည်)

မူရင်းမှာ Expand Your Knowledge ဖြစ်ပါသည်။ လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Leave a Reply