အမိုးနီးယား (NH3) ဓါတ်ငွေ့ဟာ ဟိုက်ဒရိုဂျင် နှင့် နိုက်ထရိုဂျင် ပေါင်းစပ်ထားသော ဒြပ်ပေါင်းဖြစ်ပြီး အရောင်အဆင်းမရှိပဲ မတူကွဲပြားတဲ့ အနံ့ (pungent smell) ရှိပါတယ်။ စက်ရုံအလုပ်ရုံ လုက်ငန်းအချို့နှင့် ဓါတ်မြေသြဇာ ထုတ်လုပ်ရေးတို့မှာ အသုံးပြုကြသလို အအေးပြုပစ္စည်း (refrigerant gas) အဖြစ်လည်း အသုံးပြုကြပါတယ်။ အမိုးနီးယားကို ဖိအားများတဲ့နေရာမှာ အရည်အဖြစ် ထိန်းသိမ်းပြီး၊ အပူချိန်နည်းတဲ့နေရာမှာတော့ အငွေ့ (ဓါတ်ငွေ့) အဖြစ် ထိန်းသိမ်းထားကြပါတယ်။
အမိုးနီးယား ဓါတ်ငွေ့ဟာ သေချာစွာ ကရုတစိုက်ထိန်းသိမ်းပေးရတဲ့ ဓါတ်ငွေ့မျိုး ဖြစ်ပါတယ်။ မီးလောင်လွယ်ပြီး ပျံ့နှံ့မှုလည်း မြန်ဆန်တတ်တာကြောင့် စက်ရုံအလုပ်ရုံများမှာ အဆို့ရှင် လှည့်ဝင်ရိုးတံဖြင့် ဖိအားကို ထိန်းညှိပြီး ထားရှိရပါတယ်။ တခါတရံမှာ အဆိုပါ အဆို့ရှင် လုံခြုံမှု အားနည်းတဲ့အခါ ဓါတ်ငွေ့ ယိုစိမ့်မှုတွေ ဖြစ်လာတတ်ပါတယ်။
အမိုးနီးယား ဓါတ်ငွေ့ဖြင့် ထိတွေ့တဲ့အခါ မျက်လုံး၊ လည်ချောင်း၊ အရေပြား၊ နှာခေါင်း နဲ့ အသက်ရှူလမ်းကြောင်းတို့ကို ယားယံစေပါတယ်။ အမိုးနီးယားဟာ ရေမှာပျော်ဝင်မှုအား အလွန်ကောင်းတဲ့အတွက် စိုထိုင်းဆရှိသော မျက်လုံး၊ အရေပြား၊ ပါးစပ်၊ နှာခေါင်းတို့နှင့် ထိတွေ့တဲ့အခါ အမိုနီယံ ဟိုက်ဒြောဆိုဒ် အဖြစ် ဓါတ်ပြုပြောင်းလဲသွားပြီး ဆဲလ်များကို ယောင်ယမ်း၊ ထိခိုက်၊ ပျက်စီးစေနိုင်ပါတယ်။ ဓါတ်ငွေ့ များများရှူမိလျှင် အောက်ဆီဂျင်ရရှိမှု လျော့နည်းလာပြီး အဆုတ်ကို ထိခိုက်စေနိုင်ပါတယ်။
အမိုးနီးယားဓါတ်ငွေ့နှင့် ထိတွေ့သည့်အခါ ဦးစွာ အသက်ရှူလမ်းကြောင်းအတွင်းသို့ မဝင်ရောက်နိုင်အောင် နှာခေါင်း၊ ပါးစပ် တို့ကို ဖုံးအုပ်ပြီး လေဝင်လေထွက်ကောင်းသောနေရာ (တနည်း) ယိုစိမ့်သောနေရာမှ ခပ်ဝေးဝေး သို့ သွားပါ။ မျက်လုံး၊ အရေပြားတို့ကို သန့်ရှင်းသော ရေဖြင့် ၅ မိနစ်ခန့် ညင်သာစွာ ဆေးကြောပါ။
ယားယံသော (သို့) ထိခိုက်သောနေရာအား အပူပေးခြင်း၊ ကုတ်ခြင်း မပြုလုပ်ရပါ။ ထိတွေ့မှုရှိခဲ့သော အဝတ်အစားများကို လဲလှယ်ပါ။ အောက်ဆီဂျင်ပါသော လေကို များများရှူသွင်းသင့်ပြီး၊ ဆေးလိပ်သောက်ခြင်းမျိုးကို ရှောင်ရှားသင့်ပါတယ်။ အနာဂတ်ပညာရေးအတွက်.. သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)
1
Crd