အပြာရောင်သွေးနဲ့ လူ့အသက်ကယ်တဲ့ တိရစ္ဆာန်
တခါတလေမှာ သေးငယ်တဲ့ တိရစ္ဆာန်လေးဖြစ်နေပါစေ လူသားတို့ အကျိုးစီးပွားကို အထောက်အကူပြုပါတယ်။
ခုတစ်ခါ စာချစ်သူတို့အတွက် ဒီလိုအကောင်တွေထဲက ထူးခြားတဲ့ အကောင်တစ်ကောင်အကြောင်း ကြိုးစားရှာဖွေ တင်ပြပါရစေ။
သူ့ရဲ့သွေးဟာ အပြာရောင်ရှိလို့ ထူးခြားပါတယ်။ သွေးအပြာ တစ်ဂါလံကို ဒေါ်လာ ၆၀,၀၀၀ လောက်တန်တယ်ဆိုရင် သင်အံ့ဩသွားမှာပါ။
သူ့ကို Horseshoe crab လို့ ခေါ်ပါတယ်။ ပင်လယ်ကမ်းစပ်တွေမှာ တွေ့ရလေ့ရှိပါတယ်။ သူတို့ပုံစံကိုကြည့်ပြီး သက်ရှိရုပ်ကြွင်းတွေလို့တောင် တင်စားကြပါတယ်။
မြန်မာပြည်မှာတော့ မောင်းမကန်ဘက်မှာ တွေ့ဖူးပါတယ်။ ဒေသ အခေါ် ကတော့ ဘီလားပါ။ သူတို့ဟာ လွန်ခဲ့တဲ့နှစ် သန်း ၄၅၀ လောက်ကထဲက ကမ္ဘာမြေမှာ ရှိနေခဲ့ကြပါတယ်။
နှစ်တိုင်း ဒီဂဏန်းကောင်ရေ ၆၀၀,၀၀၀ လောက်ဟာ ဖမ်းခံရပါတယ်။ သူ့သွေးရဲ့ ထူးခြားတဲ့ စွမ်းရည်ကြောင့် ဓါတ်ခွဲခန်းတွေဟာ သူတို့ကို ဝယ်ယူကြပါတယ်။
ပြီးရင်တော့ မလှုပ်ရှားနိုင်အောင်ပြုလုပ်ပြီး ချွန်ထက်တဲ့အပ်တွေနဲ့ သွေးကိုဖောက်ယူကြပါတော့တယ်။ ဒီသွေးကို ဘာလုပ်တယ်ဆိုတာ သိသူ အနည်းငယ်ပဲ ရှိပါလိမ့်မယ်။
တကယ်တော့ ဒီအပြာရောင်သွေးတွေ ဟာ လူသားတွေရဲ့ ရှင်သန်မှုကို အထောက်အကူ ဖြစ်စေပါတယ်။ ဒီသွေးထဲမှာ လူသားတို့အတွက် အရေးကြီးတဲ့ ပဋိဇီဝ ပစ္စည်းတွေ ပါဝင်နေပါတယ်။
သူ့ကို အစွမ်းထက်ဆေးဝါးများ ဖေါ်စပ်ရာမှာ ထည့်သွင်းအသုံးပြုကြပါတယ်။ အပြာရောင်သွေးမှာပါတဲ့ LAL ခေါ် ဓါတ်တစ်မျိုးဟာ အနုဇီဝ (microbe ) တွေရဲ့ပါဝင်မှုကို ခွဲခြားနိုင်စွမ်း ရှိပါတယ်။
ဒါကြောင့် ဆေးဝါးစက်ရုံတွေဟာ ဒီသွေးနဲ့စမ်းသပ် ဓါတ်ခွဲပြီး စိတ်ချရတဲ့ ပမာဏရှိတဲ့ဆေးဝါးတွေ ထုတ်လုပ်နိုင်လာပါတယ်။
တဖက်ကတော့ ဒီနည်းနဲ့သွေးထုတ်ခံရတဲ့ဂဏန်းတွေဟာ အသက်ဆက် မရှင်သန်နိုင်ကြပါဘူး။ ၃၀ ရာနှုန်းလောက်ဟာ ပင်လယ်ကို ပြန်မရောက်ကြပါဘူး။
အမတွေဆိုရင်လဲ ဘေးထွက်ဆိုးကျိုးအနေနဲ့ သားပေါက်နှုန်း လျော့ကျသွားပါတယ်။ ဒီကောင်လေးတွေဟာ ဒိုင်နိုဆောတွေ ခေတ်ကတည်းက အတူ ရှင်သန်နေထိုင်လာနိုင်ခဲ့ပေမယ့် အခုတော့ သူတို့ရဲ့ဖြစ်တည်မှုဟာ ခြိမ်းခြောက်ခံနေရပါပြီ။
သူတို့ရဲ့ အပြာရောင်သွေးကြောင့်ပဲ သူတို့ဟာ အန္တရယ် ကြုံနေကြပါတယ်။ လူသားတွေအတွက် သူတို့ဟာ စတေးခံသတ္တဝါလေးတွေပါ။
သူတို့လေးတွေကို စောင့်ရှောက်သူတွေလဲရှိပါတယ်။ ဥပဒေနဲ့ကာကွယ်မှုတွေ ပြုလုပ်လာကြပါပြီ။ တောင်ကယ်ရိုလိုင်းနားမှာဆို သိသာစွာ ဆောင်ရွက်မှုတွေ တွေ့လာရပါပြီ။
သူတို့ကို စောင့်ရှောက်ယုံနဲ့တော့ မလုံလောက်သေးပါဘူး။ ဒီ အပြာရောင် သွေး တွေနေရာမှာ အစားထိုးနိုင်ဖို့ လဲ လိုပါတယ်။ ဒီအတွက်လည်း ကြိုးစားနေကြပြီမို့ အချိန်တစ်ခုစောင့်ဖို့ပါဘဲ လို့တင်ပြလိုက်ရပါတယ်။
နောက်ဆက်တွဲတင်ပြရရင်တော့ ခုဆို မြန်မာပြည် ဒေသတွေမှာ ဘီလား၊မိုင်ဒါး၊ ကင်းဖို/ကင်းမ အမျိုးစုံခေါ်ကြတဲ့ ဒီကောင်လေးတွေကို ဈေးကောင်းပေးဝယ်ယူမှုတွေ ရှိလာတာတွေ့ရပါတယ်။
သတင်းတွေမှာ ဖတ်လိုက်ရပါတယ်။ ခုလို ကုန်ကြမ်းအနေနဲ့မဟုတ်ဘဲ ကုန်ချောအဖြစ် စနစ်တကျ သွေးထုပ်ပြီး ရောင်းချနိင်ရင်တော့ ရွှေလိုအဖိုးတန်မှာ ဖြစ်ပါတယ်လို့တင်ပြလိုက်ပါတယ်။
(စာကြွင်း။ ။ မြန်မာပြည်က ဘီလားခေါ် ဒီဂဏန်းတွေကို ကျွဲနွားတွေ ဆေးကုဖို့ သုံးတယ်လို့ဖတ်ဖူးပါတယ်။ ဘီလားတစ်ကောင် နွားတစ်ထောင်လို့ ဆိုပါတယ်။ သိသူများ မန့်ခဲ့ကြပါလို့။)
Knight News Team
Knight News © 2023
Crd