သဲကန္တာရအောက်က လူလုပ်မြစ်ကြီးတစ်ခု

သဲကန္တာရအောက်က လူလုပ်မြစ်ကြီးတစ်ခု

ဆာဟာရ သဲကန္တာရကြီးကို ကြားဖူးကြမှာပါ။ ဒီ သဲကန္တာရကြီးရဲ့ အောက်ခြေကနေ မြစ်ကြီးတစ်ခုကို ဖောက်လုပ်ခဲ့တယ်ဆိုတာတော့ သိသူနည်းမယ် ထင်ပါတယ်။

အဲဒီမြစ်ကို ဖောက်လုပ်ပေးခဲ့တဲ့သူကို သိရရင်တော့ သင် ပိုတောင် အံ့ဩသွားမှာပါ။

အဲဒီ စီမံကိန်းကို အကောင်အထည်ဖော်ခဲ့သူက လစ်ဗျားအာဏာရှင် မွမ်မာ ကဒါဖီပဲ ဖြစ်ပါတယ်။

နောက်တစ်ချက်က ဒါဟာ ကမ္ဘာ့အကြီးကျယ်ဆုံး ဆည်မြောင်းတူးဖော်မှုပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ရေသွယ်ပိုက်လုံးကြီးတွေဟာ သဲကန္တာရအောက်ကနေ ဖြတ်သန်းသွယ်တန်းထားပါတယ်။ အဲဒီကနေ လစ်ဗျားပြည်သူ (၇၀) ရာခိုင်နှုန်းဟာ သန့်ရှင်းတဲ့ရေကို ရရှိကြပါတယ်။

ဒီကြီးမားတဲ့ စီမံကိန်းကြီးကို စိတ်ကူးရခဲ့သူက မွမ်မာ ကဒါဖီကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒီတစ်ခုကတော့ သူ့ရဲ့ လူသားဆန်မှုကို ထုတ်ဖော်ပြသနိုင်ခဲ့တဲ့ တစ်ခုတည်းသောလုပ်ရပ် ဖြစ်ပါတယ်။

၁၉၅၃ ခုနှစ်မှာ ပညာရှင်တွေဟာ ရေနံရှာဖွေရင်းနဲ့ လစ်ဗျားတောင်ပိုင်းက တစ်နေရာမှာ တစ်စုံတစ်ခုကို တွေ့ရှိခဲ့ကြပါတယ်။

အဲဒါကတော့ မြေအောက်ရေချိုပမာဏ အများကြီးကို တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ ရေတွေဟာ နှစ်ပေါင်း ၃၈,၀၀၀ ကနေ ၁၄,၀၀၀ ကြားကတည်းက ရှိနေခဲ့တာလို့ ပညာရှင်တွေက တွက်ချက်မိကြပါတယ်။ အဲဒီ ရေချိုတွေဟာ အရမ်းကို တန်ဖိုးရှိပါတယ်။

အဲဒီအကြောင်းကို သိလိုက်ရတဲ့ ကဒါဖီဟာ ( Great Man Made River Project – GMMRP) လို့ခေါ်တဲ့ စီမံကိန်းကို ရေးဆွဲစေခဲ့ပါတယ်။ အဲဒီ စီမံကိန်းကို ၁၉၆၀ ခုနှစ်လောက်မှာ စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း အကောင်အထည် ဖော်နိုင်ခဲ့တာကတော့ ၁၉၈၄ ခုနှစ်ကြမှ ဖြစ်ပါတယ်။

စီမံကိန်းကို အပိုင်း (၅) ပိုင်းခွဲခြားပြီး ‌ဆောင်ရွက်ခဲ့ကြရပါတယ်။ ပထမဆုံး အပိုင်းက ၁၉၉၁ ခုနှစ်၊ ဩဂုတ်လမှာ စတင်ခဲ့ပါတယ်။ အဲဒီအပိုင်းမှာ ကြီးမားတဲ့ တူးဖော်မှာတွေ ပါဝင်ပါတယ်။

မြေသားထုထည် (၃) ဘီလီယံ ကုဗပေအထိ ဖယ်ရှား‌တူးဖော်ခဲ့ကြရပါတယ်။ တွင်းပေါင်း ၁,၃၀၀ လောက် သဲပြင်အောက်ကို ဖောက်ထွင်း တူးဖော်ခဲ့ကြရပါတယ်။ အဲဒီတွင်းတွေထဲက တစ်ချို့ဆိုရင် မြေအောက် ပေ ၁၆၀၀ လောက်အထိ နက်ပါတယ်။

တွင်းထဲကရေတွေကို ပန့်တွေနဲ့ စုပ်ယူပြီး တစ်ဆင့်ခံ သိုလှောင်ကန်ကြီးတွေထဲကို ပို့ပါတယ်။ ဒီနောက်မှာတော့ ရေတွေကို ပိုက်လိုင်းကတစ်ဆင့် လစ်ဗျားတစ်နိုင်ငံလုံးကို ဖြန့်ဝေပေးပါတယ်။

စီမံကိန်းရဲ့ ဒုတိယအဆင့်ကတော့ မြို့တော် ထရီပိုလီကို ရေပေးဝေဖို့ပါ။ ဒါကိုတော့ ၁၉၉၆ ခုနှစ်မှာ အောင်မြင်စွာ ပြီးစီးခဲ့ပါတယ်။ လူ‌ဦးရေ (၆.၅ သန်းကျော်ကို ရေပေးဝေနိုင်ခဲ့ပါတယ်။

စီမံကိန်တစ်ခုလုံးအတွက် ဒေါ်လာ (၂၅) ဘီလီယံ ကုန်ကျခဲ့ပါတယ်။ ပိုက်လိုင်း စုစုပေါင်း အရှည်က (၂,၃၃၃) မိုင်အတိ ရှိပါတယ်။ ‌ရေ ရပြီဆိုတော့ စိုက်ပျိုးရေးကလည်း တွဲပြီး ပါလာပါတယ်။

စိုက်ပျိုးရေးအတွက် နောက်ထပ် ဒေါလာ (၁.၅) ဘီလီယံ ရင်းနှီးမြှုပ်နှံပေးခဲ့ပါတယ်။ ပိုက်လိုင်းတစ်လျှောက် အရိပ်ရပြီး ရေငွေ့ပျံမှု သင်သာစေဖို့ အပင် (၅၀,၀၀၀)ထိ စိုက်ပျိုးခဲ့ပါတယ်။

၂၀၁၀ ခုနှစ်အထိ တွက်ချက်မှာအရ လစ်ဗျားဟာ မြေအောက်ရေပမာဏ ကုဗပေ သန်း (၉၀)လောက် ထုတ်ယူသုံးစွဲခဲ့ကြပါတယ်။ ဒါက လစ်ဗျားတစ်နိုင်ငံလုံး တစ်နေ့သုံးစွဲတဲ့ ရေပမာဏပါ။ တစ်ချို့နေရာတွေမှာ ကုဗပေ သန်း(၂၅၀)ထိအောင် သုံးဆွဲနိုင်ခဲ့ပါတယ်။

သွယ်တန်းယူပြီး သုံးစွဲတဲ့ရေတွေကိုလည်း အလဟဿ မဖြစ်စေရပါဘူး။ အဲဒီရေအားလုံးရဲ့ (၇၀) ရာခိုင်နှုန်းကို စိုက်ပျိုးရေး ကဏ္ဍမှာ သုံးပါတယ်။ အဲဒီရေဟာ စိုက်ပျိုးရေးသမားတွေအတွက် အဖိုးတန်လှပါတယ်။ လစ်ဗျားဟာ ယခင်က စိုက်ဖို့၊ ပျိုးဖို့ မလွယ်တဲ့နိုင်ငံ ဖြစ်ပါတယ်။

ကဒါဖီဟာ အဲဒီစီမံကိန်းအတွက် အလွန် ဂုဏ်ယူခဲ့ပါတယ်။ သူက ကမ္ဘာ့အံ့ဖွယ် (၇)ခုထဲမှာ သူ့စီမံကိန်းကို ထည့်သွင်းပြီး ကမ္ဘာ့အံဖွယ် (၈)ခုလို့တောင် တင်စားပြောဆိုခဲ့ပါတယ်။

သိကြတဲ့အတိုင်းပါပဲ ၂၀၁၁ ခုနှစ်မှာတော့ လစ်ဗျားပြည်တွင်းပဋိပက္ခတွေ ဖြစ်ခဲ့ပါတယ်။ စစ်တပ်ဟာ ရေပိုက်လုပ်တဲ့ စက်ရုံတွေကို လက်နက်သိုလှောင်တဲ့ ဂိုဒေါင်တွေအဖြစ် ပြောင်းလဲခဲ့ကြပါတယ်။

ပိုက်စက်ရုံတစ်ခုဟာ ‌NATO (နေတိုး)ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရပါတယ်။ ကဒါဖီအစိုးရ ပြုတ်ကျသွားပြီး ကဒါဖီလည်း သုတ်သင်ခံလိုက်ရပါတယ်။

ဒါနဲ့မပြီးသေးပါဘူး။ ၂၀၁၄ ခုနှစ်မှာ ပြည်တွင်းစစ် တစ်ကျော့ပြန် ဖြစ်ပွားခဲ့ပြန်ပါတယ်။ အဲဒီစစ်ပွဲဟာ ၆ နှစ် ကြာခဲ့ပါတယ်။ ရေအရင်းအမြစ်တွေလည်း နည်းပါးလာပါတယ်။ တွင်းအမှတ် ၁၀၁ ကနေ ၄၀၉ အထိ ပိုက်လိုင်းတွေကို ဖြုတ်သိမ်းလိုက်ရပါတယ်။

လူ့သမိုင်းမှာ အကြီးကျယ်ဆုံး လူလုပ် ဆည်မြောင်းတူးဖော်မှု စီမံကိန်းကြီးဟာ ပျက်စီးလု နီးနေပါပြီ။ ရေအရင်းအမြစ်ကို လက်နက်ကိုင်တွေက ချုပ်ကိုင်ပြီး စစ်ရေးအမြတ်ထုတ်တာတွေ ရှိလာပါတယ်။

ဧပြီလ ၂၀၂၀ မှာ ထရီပိုလီမြို့ကို ပေးဝေနေတဲ့ ရေပေးရေးစခန်းကို စစ်တပ်က ထိန်းချုပ်လိုက်ပါတယ်။ ထရီပိုလီနဲ့ အနီးအနားမြို့တွေကို ရေဖြတ်တောက်ခဲ့ပါတယ်။ လူ ၂ သန်းကျော် ရေရှားပါးမှုဒါဏ်ကို ခံစားကြရပါတော့တယ်။

အခုတော့ လစ်ဗျားဟာ ငြိမ်းချမ်းစ ပြုနေပါပြီ။ ဒါပေမဲ့ (GMMRP) စီမံကိန်းကြီးရဲ့ အနာဂါတ်ကတော့ မရေမရာ ဖြစ်နေဆဲပါပဲလို့ တင်ပြရင်း အဆုံးသတ်လိုက်ရပါတယ်။

Knight News Team

Knight News © 2022

Crd