သူ့ရဲ့သွင်းဂိုးမှန်သမျှကို လက်ရေးနဲ့မှတ်ထားတဲ့ နှစ် ၁၀၀ အရွယ်အဖိုးအိုကို ကျေးဇူးတင်စကားပါးခဲ့တဲ့ မက်ဆီ

News

အာဂျင်တီးနားနိုင်ငံက ဒွန်ဟာနန် လို့အမည်ရတဲ့ အသက် ၁၀၀ အရွယ်အဖိုးအိုဟာ မက်ဆီ ကို စွဲစွဲလမ်းလမ်းအားပေးနေတဲ့ အသက်အကြီးဆုံးသစ္စာရှိပရိသတ်တယောက်ပဲဖြစ်တယ်လို့ ဆိုရမှာပါ။

ဟာနန် ဟာ မက်ဆီ ပရော်ဖက်ရှင်နယ်ကစားသမားဘဝစတင်ချိန်ကနေ အခုချိန်ထိ သွင်းယူခဲ့တဲ့ သွင်းဂိုးတိုင်းကို စာအုပ်တအုပ်မှာ လက်ရေးနဲ့ကိုယ်တိုင် မှတ်ထားတက်ပါတယ်။

အဲ့ဒီအကြောင်းကို ဟာနန် ရဲ့ မြေးဖြစ်သူက ဆိုရှယ်မီဒီယာပေါ်မှာ ဗီဒီယိုရိုက်ပြီးတင်လိုက်တဲ့အခါမှာတော့ ကြည့်ရှုသူတွေအလွန်များပြားခဲ့ပြီး ဟာနန် ရဲ့ အကြောင်းဟာ လူပြောများခဲ့ပါတယ်။

အဲ့ဒီအကြောင်းကို မက်ဆီ လည်း သိသွားခဲ့တဲ့နောက်မှာတော့ သူ့ရဲ့အမာခံပရိသတ်ကြီးကို ကျေးဇူးတင်စကားပြောထားတဲ့ ဗီဒီယိုမက်ဆေ့ချ်ပေးပို့ခဲ့ပါတယ်။

ဗီဒီယိုထဲမှာ မက်ဆီ က “ ဟိုင်း ၊ ဟာနန် ။ ကျွန်တော်ရဲ့သွင်းဂိုးတွေကို လက်ရေးနဲ့မှတ်ထားတဲ့ အဖိုးရဲ့ အကြောင်းကိုကြားတော့ တော်တော်လေးမိုက်တယ်လို့ ထင်မိတယ်ဗျာ။

အဖိုး စဉ်ဆက်မပြတ်လုပ်ခဲ့တဲ့အလုပ်အတွက် ကျေးဇူးတင်စကားပြောချင်ပါတယ်။

အဖိုး အရာအားလုံးအဆင်ပြေဖို့ ကျွန်တော်ဆုတောင်းပါတယ်။

မကြာခင်မှာ အဖိုးနဲ့ လူချင်းတွေ့နိုင်ဖို့လည်း ကျွန်တော်မျှော်လင့်ပါတယ် “ လို့ ပြောဆိုခဲ့ပါတယ်။

မက်ဆီ ပေးပို့ခဲ့တဲ့ အဲ့ဒီ ဗီဒီယိုမက်ဆေ့ချ်ကို ကြည့်ပြီးပြီးချင်းမှာပဲ ဟာနန် က “ ငါ မင်းကို အမြဲအားပေးခဲ့တယ်။

နောက်လည်း အဆုံးထိကို အမြဲအားပေးနေအုန်းမှာ။

မင်းရဲ့နောက်မှာ ငါအမြဲရှိနေမယ် “ လို့ မျက်ရည်တွေဝဲကာ ပြောခဲ့ပါတယ်။

ဟာနန်ရဲ့ အဲ့ဒီပုံရိပ်တွေကိုလည်း မြေးဖြစ်သူက ဗီဒီယိုရိုက်ကာ ဆိုရှယ်မီဒီယာပေါ်မှာ ထပ်မံတင်ခဲ့ပါတယ်။

အဲ့ဒီ ဗီဒီယိုကလည်း လူကြည့်များခဲ့ပြီး စွဲစွဲလမ်းလမ်းအားပေးခဲ့ရတဲ့ မက်ဆီ ရဲ့ ကျေးဇူးတင်စကားကိုကြားရလို့ ပျော်နေတဲ့ ဟာနန် ရဲ့ပုံရိပ်တွေဟာ လူတွေကို ကြည်နူးမှုဖြစ်စေခဲ့ပါတယ်။

Leave a Reply