“(၂၀၂၃) ခုနှစ်အတွက် မဟာသင်္ကြန်စာ”
ယခုနှစ်တွင်ကား သိကြားမင်းသည် လက်တစ်ဖက်က နံနံပင် တစ်စည်းနှင့် နောက်တစ်ဖက်က လက်နှိပ်ဓာတ်မီးကိုင်ကာ လူ့ပြည်သို့ ဆင်းလတ္တံ့။ သိကြားမင်း၏ ဝေဇယန္တာ စက်ဘီးကို ရှေ့က နင်းရသော မာတလိ နတ်သားသည် နိုင်တီဖိုက် အောက်တိန်းဖိုးတွေ မဝိုက်ရတော့သဖြင့် စောင်ရမ်း ဘူနေလတ္တံ့။
နေ့ကို လစောင့်၏။ လကို နှစ်စောင့်၏။ ဂျမ်းတောအဖေကို MC စောင့်၏။ မီးပွိုင့်အကွယ်ကို မော်တော်ပီကယ် စောင့်၏။ မီးဖြတ်ရမယ့် အချိန်ကို အီးပီစီ စောင့်၏။ လျှပ်စစ်မီး ခွဲတမ်းကို ဖုန်းအား နီနေတဲ့သူတွေ စောင့်၏။ ပတ်စ်ပို့စ်ရုံးကို ဗုဒ္ဓဂါယာ သွားမယ့်သူတွေ စောင့်၏။
ယခုနှစ်၌ကား သောကြာကြယ်ကြီး လနှင့်နီး၍ အင်ဗာတာများ အရောင်းအဝယ် ကောင်းလတ္တံ့။ မီးသွေးအိတ်များ ခေတ်စားလာအံ့။ အားသွင်းမီးအိမ်များ အဝယ်လိုက်အံ့။
နိုင်ငံခြား ရောက်နေသူများ ကုန်စျေးနှုန်း ကြီးမြင့်မှုများကြောင့် ဟိုမှာ အဆင်မပြေ ဖြစ်လတ္တံ့။ မုန့်ဟင်းခါးထဲ ပဲသီးတွေပါ ထည့်စားနိုင်သော မြန်မာပြည်သူတွေရဲ့ ဘဝကို လှမ်းပြီး အားကျလတ္တံ့။ ၄င်းတို့အား ဂိမ်းပေါင်း ၅၀၀ ကျော် ဆော့နေသော မြန်မာပြည်သူများမှ အားတင်းထားပါဟု ကော်မန့်ပေးလတ္တံ့။
ATM စက်ကို နှောင်းလူတို့ ဘာစက်ကြီးမှန်းမသိ ဖြစ်ကြလတ္တံ့။ လျှပ်စစ်ရထား လျှပ်စစ်ကား ပြေးဆွဲမည့်သူများ တစ်နှစ်ပါတ်လုံး ဓာတ်အားရအောင် ဆယ်တန်းစာမေးပွဲ နေ့တိုင်း ဖြေခိုင်းရလတ္တံ့။ မြန်မာပြည်သူများ အင်တာဗျူးကြည့်တိုင်း ခမ်းနားကမ္ဘာတစ်ခု နှင့် တိုးအံ့။ တစ်တော့ ဆယ်လီများ အနုပညာအလုပ်ကို ဆက်လက်လုပ်ကိုင်အံ့။
တန်ဖိုးကြီး စက်ဘီးစီးသူများ ရို-က်လုခံရမှာ စိုးရိမ်နေရလတ္တံ့။ ရန်ပုံငွေ ရှာသူများ တော်လှန်သကြင်္န် ဆင်နွှဲအံ့။ ဘောစိများ ပရိုက်ဗိတ်သကြင်္န် ပြုလုပ်အံ့။ လိပ်ပြာမလုံသူများ မတ်လ ကတည်းက အဖြူကတစ်မျိုး အနီက တစ်မျိုးနဲ့ ဘားမှာ ကွေးအောင် ကကြလတ္တံ့။ ဆံပင်နီကြောင်ကျားများ တဖန် မြင်လာရအံ့။ မန်းဒပ် အော်ဂနိုက်ဇာများ တရေးနိုး လာအံ့။
ပလုံ ကောက်ချင်သူများ တိုးပွါးလာအံ့။ ဖေ့စ်ဘုတ်ထဲကလူတွေကို မယုံလို့ လာကြည့်သူများ ကမ်းခြေမှာ ခြေချင်းလိမ်လတ္တံ့။ ထို့နောက် သိကြားမင်းသည် မီးလာတုန်း တက်ဘလက်လေး အမြန်အားသွင်းကာ သခင်ကြီး ယူနိုက်တက်ဖန်တွေကို 7 up ဟု အစကြမ်းသူများအား ခွေးရေပုရပိုဒ်တွေင် ရေးမှတ်သွားအံ့။ ထို့နောက် မီဒီယာသမားတွေ မမြင်ခင် နတ်ပြည်သို့ ခပ်သုတ်သုတ် ပြန်တက်သွားလတ္တံ့။
ဤသင်္ကြန်စာကို ဝေမျှသူများ မီးမပျက်ခင် ထမင်းကျက်လတ္တံ့။ တွေ့လျက်နှင့် ကျော်သွားသူများ တစ်ညလုံး ဖုန်းအားသွင်းထားပြီး မနက် မီးပျက်ခါနီးမှ မီးခလုတ်ဖွင့်ဖို့ သတိရလတ္တံ့။ ဤ သည် ကား ဘီယာနှစ်ဘူး ရေခဲပြေးစိမ်ရင်း ဒရင်းဘက်ပေါ်တွင် ခြေကလိန်ချိတ်ကာ ခုနှစ်ရက်သားသမီးများအား မေတ္တာပို့ပြီး ရွှီရှောင်လုပ်လိုက်ရသော ၂၀၂၃ ခုနှစ် ဝါးထားဖာထီ ရေဖာထီ၏ အလိုတည်း။ (ရွှန်းမီမီထက်)
1
Crd