သင်္ဘော တက်မပေါ်မှာ ပုန်းခိုလိုက်လာတဲ့ နိုက်ဂျီးရီးယား (၃) ဦးနှင့် ကိုယ်တွေ့ ဇာတ်လမ်းလေး တပုဒ်

ကိုယ်တွေ့ ဇာတ်လမ်းလေး တခုပါ..

နိုက်ဂျီးရီးယားနိုင်ငံ လာ့ဂိုစ့်မြို့က သင်္ဘောပြန်အထွက်မှာ ကိုယ့်နိုင်ငံက ဆင်းရဲလွန်းလို့ တခြားနိုင်ငံတစ်ခုခုကို ပြန်လည်ထွက်ခွာလာတဲ့ သင်္ဘောနဲ့ အတူ ပုန်းခိုလိုက်လာတဲ့အကြောင်းလေး ဖတ်မိလိုက်တော့ ဟိုးအရင် နှစ် ၂၀ လောက်ကအကြောင်းလေး ပြန်သတိရမိသည်။

ကျွန်တော်တို့၏ MV Alyia အမည်ရ ကုန်တင်သင်္ဘောဟာ လွန်ခဲ့တဲ့အနှစ် ၂၀ ဝန်းကျင်က အာဖရိကတိုက် နိုက်ဂျီးရီးယားနိုင်ငံ လာ့ဂိုစ် ဆိပ်ကမ်းကိုရောက်ခဲ့ပါသည်။ ကုန်တွေတင်လာတာက ထိုင်းနိုင်ငံ ဘန်ကောက်မှ ဆန်တွေကိုတင်ဆောင်ပြီး နိုက်ဂျီးရီးယား လာ့ဂိုစ့်မှာ ဆန်တွေကို ကုန်ချခြင်းဖြစ်သည်။ အဲ့ဒီ့ဆိပ်ကမ်းမှာ မှတ်မိပါသေး၏ ညဘက်အလုပ်မလုပ်ပဲ မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိပဲအလုပ်လုပ်ကြသည်၊ လုံခြုံရေးအတွက်ကြောင့်လို့ ထင်ပါသည်။

ကျွန်တော်တို့တတွေကလည်း ညနေ ၅ နာရီထိုးပြီးတာနဲ့ ကုန်ပေါက်တွေကို အကုန်ပိတ်ပြီး ကုန်ပေါက်ထဲသို့ ဝင်ရတဲ့ လူဝင်ပေါက်လို့ခေါ်တဲ့ အပေါက်တွေကို သံကြိုးတွေအထပ်ထပ်နှင့်သော့အထပ်ထပ်ခတ်ပြီး လုံခြုံအောင်လုပ်ရသည်။ ကျွန်တော်တို့က ကုန်ပေါက်တွေကိုပိတ်နေတဲ့အချိန် နိုက်ဂျီးယား ဆိပ်ကမ်းအလုပ်သမားများကတော့ ကရိန်းအင်ဂျင်တွေကို အအေးဓာတ်ပေးဖို့အတွက် ရေလှည့်ပတ်မှုစနစ်ဖြစ်တဲ့ မီးသတ်ပိုက်လိုင်းမှ ရေတွေကိုဖွင့်ပြီး ကုန်းပတ်ပေါ်မှာ ကိုယ်လုံးတီးပွဲတော်နဲ့ ရေချိုးကြလေ၏၊ သူတို့ကိုအကုန်မောင်းထုတ်ပြီး ကုန်းပတ်ပေါ်မှာ လူရှင်းသွားမှ သက်ပြင်းချ ဟင်း ချနိုင်တော့သည်။

ည ၈ နာရီလောက်မှာ လော်ရီကားကြီးတစ်စင်းဝေါကနဲထိုးဆိုက်လာပြီး ဓားတွေ ပုဆိန်တွေ တဝင်းဝင်းနဲ့ သင်္ဘောပေါ်ကို လွှားကနဲ လွှားကနဲ သင်္ဘောပေါ်သို့ ခုန်တက်လာပါလေရော။ ပင်လယ်ရေ၏သဘာဝအရ ဒီရေအတက်အကျဖြစ်စဉ်မှာ သင်္ဘောကုန်းပတ်နှင့် ဆိပ်ကမ်းနှဖူးတို့ တပြေးညီဖြစ်နေတဲ့အချိန် သင်္ဘောပေါ်သို့ ခုန်တက်ဖို့ အင်မတန်လွယ်ကူတဲ့အချိန်ပါ။ လက်နက်ကိုင်လူတစ်စုကလည်း ကုန်ပေါက်ထဲသို့ ဝင်သည့် လူဝင်ပေါက်ကိုတားဆီးပိတ်ဆို့ထားတဲ့ သော့ခလောက်တွေကို ပုဆိန်ဖြင့် ရိုက်ဖြတ်ချိုးဖဲ့ပြီး ကုန်ပေါက်ထဲသို့ လူတစ်ယောက်ဆင်းသွားသည်၊ လူဝင်ပေါက်က ၃ ပေပတ်လည်လောက်အကျယ်အဝန်းရှိသည်။ တစ်နေ့တာ ကုန်ချထားတာ မများသေးတဲ့အတွက် လူဝင်ပေါက်မှကုန်တွေ ဆန်အိတ်တွေ ပေါ်ကို ဆင်းသွားလျှင် ၆/၇ ပေလောက်တော့ ဆင်းရမှာဖြစ်ပြီး သူဆင်းပြီးပြီးခြင်း လူဝင်ပေါက်မှ ဆန်အိတ် ပလူပျံပြီးထွက်လာပါတော့သည်။

ဆန်အိတ်တွေက ကီလိုအစိတ် ကီလိုငါးဆယ် ရှိတဲ့ဆန်အိတ်တွေဖြစ်ပြီး ကျွန်တော်တို့ရပ်ကြည့်နေတဲ့နေရာကနေ မဝေးလှပါ.. ၄၅/၅၀ ပေလောက်ပဲဝေးလိမ့်မည်။ ကုန်ပေါက်ထဲက တစ်ယောက်က လူဝင်ပေါက်အပေါ်မှာစောင့်နေတဲ့ သူကိုပစ်တင်လိုက်.. လူဝင်ပေါက်အပေါ်မှာရှိတဲ့သူက ဆန်အိတ်ကိုဆတ်ကနဲဆွဲပြီး ကုန်းပတ်ပေါ်ကလူကိုလက်လွှဲပို့.. ကုန်းပတ်ပေါ်ကလူက ကမ်းနှဖူးကလူကို လက်လွှဲပို့.. ကမ်းနှဖူးကလူက လော်ရီကားပေါ်ကို ပစ်တင်.. မြန်ဆန်ချက်များကတော့ မျက်စေ့ထဲ ဆန်အိတ်အရောင်အဖြူမျဥ်းကြောင်းကလေးတန်းနေတာပဲမြင်နေရတာ ၁၀ မိနစ်လောက်မကြာခင်မှာ လော်ရီကားတစ်စီးပြည့်သွားပါလေရော။

ဆန်လုသူအဖွဲ့ ရောက်လာကတည်းက သင်္ဘောကပ္ပတိန်က အေးဂျင့်ဆီကို ချက်ချင်းဖုန်းဆက် အေးဂျင့်က ရဲကိုအကြောင်းကြား ရဲကလည်း ချက်ချင်းလိုလို ရောက်လာပေမယ့် နောက်ကျပြီးတော့ လွတ်သွားပါသည်။ ဘယ်သူမှလည်း သူတို့အနားကို မကပ်ရဲ အေးဂျင့်ကလည်း သူတို့ဆီသွားလို့ တစ်ခုခုဖြစ်ရင်တာဝန်မယူပါ.. မသွားပါနှင့် ကြည့်နေလိုက်ပါ ဆိုသည့်အတွက် ကြည့်ရုံလေးပါပဲ။ သည်လိုနှင့်တာဝန်ရှိသူတွေဖြေရှင်းကြပြီး နောက်ရက်တွေမှာ လက်နက်ကိုင် လုံခြုံရေးပါ လာချထားသည့်အတွက် မည်သည့် ဓားပြတွေမျှ ရောက်မလာတော့ပါ။

ဤသို့ဖြင့် သင်္ဘောပြန်ထွက်မည့်နေ့ကိုရောက်လာသည့်အတွက် ကုန်ချအပြီး သင်္ဘောပြန်မထွက်ခင် သင်္ဘော၌ ခိုးဝှက်လိုက်ပါလာသူ ရှိ မရှိ ချောင်ကြို ချောင်ကြားမကျန် အကုန်လိုက်စစ်၊ စစ်ဆေးပြီး ခိုးဝှက်ပါလာသူမရှိဟု သေချာပြီဆိုမှ ကျွန်တော်တို့သင်္ဘော နိုက်ဂျီးရီးယား နိုင်ငံ လာ့ဂိုစ့်ဆိပ်ကမ်းမှ ထွက်ခွာခဲ့ပါသည်။ သင်္ဘောထွက်တဲ့နေ့ ည သန်းခေါင်အချိန်မှာ စက်ခန်းထဲမှာ ဂျူတီကျသူက စက်ခန်းထဲ လိုက်လံလှည့်ပတ်ကြည့်ရှု့စဉ် မဲ မဲ မဲ မဲ နှင့်ရိပ်ကနဲ ရိပ်ကနဲတွေ့လိုက်လို့ သရဲဟုထင်ပြီး ထွက်ပြေးတော့ သူနှင့်အတူဂျူတီစောင့်သည့်တစ်ယောက်ကလည်း ဘယ်မှာလဲ သရဲ လိုက်ပြစမ်း ဆိုတော့မှ လား လား တစ်ကိုယ်လုံးမဲတူချိတ်နေတဲ့ လူနှစ်ယောက်ကို တွေ့လိုက်ရသည်။

ငမဲနှစ်ကောင်ကို သင်္ဘောသားမဟုတ်မှန်း သရဲမဟုတ်မှန်းသိလိုက်ရတဲ့အချိန် စက်ခန်းမှဂျူတီသမားနှစ်ယောက် အင်မတန်ထိတ်လန့်သွားပြီး ချက်ခြင်းပဲ သက်ဆိုင်ရာ အထက်လူကြီးတွေကို ဖုန်းဆက်သတင်းပို့တော့ ငယ်ထိပ်မြွေပေါက်ခံရတဲ့အလား စက်ခန်းချုပ်နဲ့ ကပ္ပတိန်တို့ ပြာယာခတ်ကြတော့၏။ ဇတ်လမ်းကို နည်းနည်းချုံ့ရရင်ဖြင့် ငမဲနှစ်ကောင်ကို သင်္ဘောသားတွေအားလုံး ဝိုင်ရံပြီး စစ်မေးတော့ သူတို့က မီးခိုးခေါင်းတိုင်အထဲမှာ ညကတည်းက ဝင်ပုန်းနေကြပြီး သင်္ဘောထွက်တဲ့အချိန်မှာ ဗိုက်ဆာလို့ စားစရာမရှိလို့ အစာထွက်ရှာတဲ့အချိန် စက်ခန်းဂျူတီသမားနဲ့တိုးခြင်းဖြစ်သည်။

ငါတို့ကို ပြန်မပို့ပါနဲ့ နောက်ဆိပ်ကမ်းမရောက်မခြင်း သင်္ဘောပေါ်မှာ ကြိုက်တဲ့အလုပ်ကိုခိုင်းပါ.. နောက်ဆိုက်ရောက်မယ့် နိုင်ငံတစ်ခုခုမှာဆင်းပါရစေ.. ငါတို့နိုင်ငံမှာ ဒီအတိုင်းနေရင်လည်း ငတ်ပြီးသေမယ့်အတူတူ ဘယ်နိုင်ငံရောက်ရောက် ငါတို့ထက်တော့သာမှာပါ ငါတို့မငတ်နိုင်ဘူး အလုပ်လုပ်လို့ရမယ်လို့ တွေးပြီးထွက်လာတာပါ ငါတို့ကိုပြန်ပို့ရင်တော့ ငါတို့နိုင်ငံက ငါတို့ကို That ပစ်မှာသေချာတယ် ဒါကြောင့်ပြန်တော့မပို့ပါနဲ့.. လို့ သူတို့အခက်အခဲကိုရှင်းပြသည်။

အားလုံးပြေလည်မှုရပြီးတော့မှ မီးခိုး ကျပ်ခိုးတွေနဲ့ မဲတူချိတ်ညစ်ပတ်နေတဲ့ သူတို့ကို ရေအရင်ချိုးခိုင်းရသည်၊ ဆပ်ပြာဆိုလည်း အကြီးစားတစ်တုံးအသစ်ပေးလိုက်တာကို နှစ်ယောက်သားချိုးချက်က အကြွေစေ့အထူသာသာလောက်ပဲကျန်တော့သည်၊ ဆပ်ပြာကို မွှေးလွန်းလို့ ကောင်းလွန်းလို့ပါ သူတို့ဘဝမှာ ဒါမျိုးမသုံးခဲ့ရဖူးဘူးတဲ့.. ဖြစ်နိုင်ပါတယ် ဆပ်ပြာခဲလက်ကျန်ကိုက ပိစိလေးပဲကျန်တော့သည်ကိုး။ ရေချိုးပြီးတော့ သူတို့ကို ကျွန်တော်တို့ရဲ့အဝတ်အစားအဟောင်းတွေပေးဝတ်ပြီး အခန်းလွတ်တစ်ခုထဲထည့် ရေနှင့် အစားအစာပါပေး အပြင်ကနေသော့ခတ်ပြီး ကျွန်တော်တို့တွေ အခန်းအပြင်ကနေ တစ်ယောက်တစ်လှည့် ကင်းစောင့်ရပါတော့သည်.. အပြင်ထွက်လာပြီး သင်္ဘောကိုလုပ်ချင်ရာတွေလုပ်သွားမှာစိုးလို့ပါ။

ကပ္ပတိန်နှင့်စက်ခန်းအုပ်တို့ကလည်း ကုမ္ပဏီကို ဖုန်းဆက် ကြေးနန်းပို့ ဘယ်လိုဆက်လုပ်ရမလဲ အမိန့်တောင်းခံတော့၊ သင်္ဘောကိုပြန်လှည့်ပါ ဆီဖိုးတကွ အခြားကုန်ကျစားရိတ်တွေကို ကျခံပေးပါ့မယ် သူတို့နိုင်ငံကိုပဲ သူတို့ကိုပြန်ပို့ပေးလိုက်ပါ ဆိုတဲ့ညွှန်ကြားချက်အရ ကျွန်တော်တို့သင်္ဘောကို ပြန်လှည့်ရပါတော့သည်။ သင်္ဘောဆိုတာမျိုးကလည်း ပင်လယ်ထဲ သမုဒ္ဒရာထဲမှာ လှည့်ချင်တဲ့ဖက်ကိုလှည့် ဘယ်အရပ်ကိုသွားနေမှန်းမသိတဲ့အရာမျိုး အနည်းဆုံး နေဝင် နေထွက်ကိုကြည့်ပြီး မှန်းတတ်ရင်တော့ ဘယ်အရပ်မျက်နှာကိုသွားနေပြီလို့ အကြမ်းဖျဉ်းတော့မှန်းလို့ရသပေါ့.. ရှိနေတဲ့ နိုက်ဂျီရီးယားသားနှစ်ယောက်ကလည်း ဘယ်ကိုသွားနေပြီလို့ဘာမျှမသိရှာ။

ကပ္ပတိန်ကလည်း နိုက်ဂျီးရီးယားနိုင်ငံ အာဏာပိုင်အဖွဲ့အစည်းတွေကို သတင်းပို့ ဘယ်အရပ် ဘယ်နေရာအထိလာရမလဲဆိုတဲ့ တည်နေရာကိုတောင်း၊ ဘယ်အချိန်ရောက်မယ်လို့ သတင်းပြန်ပို့ အရာခပ်သိမ်းကို အလုပ်ရှုပ်အောင်ကိုစီစဉ်ရပါတယ်။ (ဤနေရာမှာ စကားချပ်အနေဖြင့်ပြောချင်တာက ဟိုး အရင့်အရင်တွေတုန်းက ဒီလိုကိစ္စတွေရှိလာခဲ့ရင် လက်စတုန်းပြီး ရေထဲကန်ချလိုက်တယ် အလုပ်ရှုပ်မခံဘူးလို့ ကြားဖူးပါတယ်) သည်လိုနဲ့ နိုက်ဂျီးရီးယားနိုင်ငံပင်လယ်ဝကို တစ်ခေါက်ပြန်ရောက်ခဲ့ရပြန်သည်။ ကျွန်တော်တို့သင်္ဘော စက်အရှိန်လျှော့လိုက်ပြီး သင်္ဘောရပ်လိုက်တဲ့အချိန် နိုက်ဂျီးရီးယားသားနှစ်ယောက်ကို သင်္ဘောသား လေးယောက်က အခန်းတံခါးဖွင့်ပြီး ခေါ်ထုတ်ပါတယ် သူတို့မျက်နှာကလေးတွေက ဝင်းပလို့ ဘယ်နိုင်ငံကိုရောက်ပြီလဲဟင်တဲ့ သူတို့လွတ်မြောက်ပြီ လွတ်လပ်ပြီ လို့ တွေးထားကြပုံရသည်။

သွားခေါ်တဲ့ ၄ ယောက်စလုံးလည်း ရင်ထဲမကောင်းကြသလို သင်္ဘောတစ်စီးလုံး ရင်ထဲမကောင်းကြပါလေ။ သွားခေါ်တဲ့သူ ၄ ယောက်အနောက်က နိုက်ဂျီးရီးယားနိုင်ငံတာဝန်ရှိသူတွေကို ဘွားကနဲမြင်တွေ့လိုက်ရချိန်မှာ ငမဲနှစ်ယောက် ခြုံးပွဲချ ငိုချလိုက်ကြပါတော့သည်။ သူတို့ပြောသွားတဲ့ နောက်ဆုံးစကားကတော့ ငါတို့ဘဝတော့သွားပြီကွာ တဲ့။ သည်လို့နဲ့ကျွန်တော်တို့လည်း တာဝန်ရှိသူတွေကိုလွှဲပြောင်းပြီး သင်္ဘောပြန်လည်ထွက်ခွာလာပါတော့သည်။ ဇတ်လမ်းကလေးကတော့ဒါပါပဲ..

နိုက်ဂျီးရီးယား နိုင်ငံကပြည်သူတွေ ဟိုးအရင်ကတည်းက ခုချိန်ထိ သူများနိုင်ငံကို ခိုးထွက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့ကြတယ်.. ခုလည်း သင်္ဘောတက်မပေါ်မှာထိုင်လိုက်ပြီး ကြိုးပမ်းကြတယ်.. လွတ်သွားတဲ့သူတွေရှိသလို ဆုံးရှုံးသွားတဲ့သူတွေလည်းရှိမှာပါ။ ခုမြင်တွေ့ရတဲ့ပုံကတော့ ခိုးလိုက်လာတဲ့ နိုက်ဂျီးရီးယားနိုင်ငံသားတွေကို မကြာသေးခင်ရက်ပိုင်းကမှ စပိန်ကမ်းခြေစောင့်တပ်ကတွေ့ရှိကယ်တင်ခြင်းခံရတဲ့ သူ ၃ ယောက်ပါ.. သူတို့မိခင်နိုင်ငံကို ပြန်မပို့ပါစေနဲ့လို့ပဲဆုတောင်းမိပါရဲ့။ ကျွန်တော်တို့မြန်မာနိုင်ငံသားတွေ ယခုလို စားနပ်ရိက္ခာ ဘေးဒုက္ခ စိတ်ဒုက္ခအသက်ဖြင့်ရင်းနှီးပြီး ရှင်သန်ဖို့ကြိုးစားကြရတဲ့ဒုက္ခ တိုင်းပြည်အာဏာပိုင်များမှ လူသားခြင်းမစာနာ မထောက်ထားခြင်းဘေးဒုက္ခ အပေါင်းတို့မှ မည်သို့သော အခါမျှ မဖြစ်ကြပါစေနဲ့လို့ ဆုတောင်းရင်း.. (အများဖတ်ရှုရ နားလည်လွယ်စေရန် သင်္ဘောသားအသုံးအနှုံး တစ်ခုမျှ မသုံးခဲ့ပါ) (Zaw Maung)

2

Crd