ဝက်သားချဉ် ငါးချဉ် အစိမ်း စားတတ်တဲ့သူ​တွေနဲ့ ကြောက်စရာ တိရိစ္ဆာန် သံကောင်

“ဆရာရေ.. ကျမလက်ကောက်၀တ်က အရမ်းယားလို့ ပွတ်နေမိတာ အဲဒီနေရာက သံကောင်သေးသေးလေး အရှင်လေး ထွက်လာလို့” “ဟား” ကိုယ်လည်း အံ့သြယုံသာ။ တကယ်တော့ သူအဲဒီနေရာမှာ ကွက်ပြီး ယားနေခဲ့တာ ၁ နှစ်လောက် ရှိပြီ။

ကျနော်လည်း ရွာလည်နေအောင် စဉ်းစားကုခဲ့တာ မအောင်မြင်။ နောက်တော့ ညည်း Fixed Drug Eruption ဖြစ်မှာပဲ လို့ ကောက်ချက်ချပေးခဲ့မိတာ။ သူကိုယ်တိုင်ကလည်း သူနာပြု ဆရာမ။ အပြင်ဆေးခန်းမှာ ကျနော်နဲ့ အတူ အလုပ်လုပ်နေသူ။ သူလည်း အမျိုးမျိုး စဉ်းစားပြီး ရှောင်တာ။ ပါရာစီတမောလား ထင်မိကြသေး။ နောက်တော့လည်း သူ့ခမျာ ပြန်ပြန်ဖြစ်နေတာ။

ထိုင်းမှာ သင်တန်းသွားတက်တော့မှ Gnathostomiasis (larva migrans profundus) အကြောင်း ဆလိုက်ထိုးသင်တော့မှ လူနာပုံတွေမှာ အားလုံးက ထမီ၀တ်ထားကြတာ။ မြန်မာပြည်မှာ မပျောက်လို့ ထိုင်းလာကုတာတွေရော။ ထိုင်းရောက်နေတဲ့ မြန်မာအလုပ်သမားတွေရော ဖြစ်လိုက်ကြတာ။ ထိုင်းပုံတောင် ခပ် နည်းနည်းရယ်။ ပြန်လာမှ ဆရာမကို သံချဆေး ပေးမိတော့တယ်။ ဆရာမ Albendol ဆေးစသောက်လို့ ၁ ပါတ် နေတော့ သန်ကောင် အရှင် ထွက်လာတော့။ အခုတော့ Sister ဖြစ်သွားပြီ။ နယ်မှာ။

ကြောင်၊ ခွေး၊ ဖား၊ ရေချိုငါး၊ မြွေ၊ ငှက် အစရှိတဲ့ သတ္တဝါတွေမှာ ရှိတဲ့ သံလုံးကောင်က လူကိုယ်ထဲ ရောက်သွားတာ။ များသောအားဖြင့် အသားအစိမ်း (ငါးချဉ် ၀က်သားချဉ်) စားသူတွေမှာ ဖြစ်တာ။

နောက်တစ်ယောက် အသက် ၄၀ လောက်။ ဗိုက်နာလို့ ကျနော်နဲ့ ပြနေဆဲမှာ လေဖြတ်သလို တက်သွားလို့ ဆေးရုံတင်ရတယ်။ စီတီမှာ ဘာမှ မတွေ့ဘူး။ နောက်တော့ ပြန်ကောင်းသွားတယ်။ နောက်လတွေမှာမှ Eosinophilia နဲ့ ယားပြီး ဆေးကုရတာ ၃ လတောင်ကြာတယ်။

(Neurognathostomiasis) ပုံထဲက ကလေးမလေးက ညာ လက်ဖျံနဲ့ လက်မောင်းမှာ နီပူယားယောင် ဖြစ်လိုက် ပျောက်လိုက်နဲ့ ၁ နှစ်ရှိပြီ။ ရှမ်းပြည်က။ မပျောက်တော့လို့ မန်းလေး လာပြတာ။ ပုံမှာလိုပဲ အညို အမည်း စွဲနေပြီ။ သွေးထဲမှာ Eosinophilia နဲ့။ သူ့ကို မေးလိုက်တော့ “ငါးချဉ်စားလား” “စားတယ်။ အရမ်းကြိုက်တာ။” “ချက်စားလား။ အစိမ်းစားလား။” “အစိမ်းသုတ်စားတာ” တဲ့။

ခုလည်း ဆရာမ တစ်ယောက်ကို ၀လာလာလိုက်တာလို့ နှုတ်ဆက်မိတော့ Allergy ဆိုပြီး Prenisolone သောက်နေရလို့ပါတဲ့။ ဟာ မှားနေပြီ။ Prednisolone ဆိုတာ ဘာမှ အကြောင်းရှာမတွေ့မှ သက်သာအောင်ပေးတာမျိုး။ ဘယ်နေရာလဲ လို့ မေးတော့ ညာလက်မောင်းရင်းရယ် ညာဖက်ရင်ဘတ် အပေါ်ပိုင်းရယ်ကို ပြတယ်။

ဒီလို Localized ဆိုရင် နေရာကွက်ပြီး allergy ဖြစ်တာ မဖြစ်နိုင်ဘူး။ သံချပြီးပြီလားလို့ မေးလိုက်တော့ Albendazole 400 mg HS 3 days သောက်ပြီးပြီတဲ့.. မှားပြီ။ ဒါက လူသန်ကောင်မဟုတ်ဘူး။ တိရိစ္ဆာန် သံကောင်။ 400 bd for 3 weeks ၄၂ လုံးတောင် သောက်ရမှာလို့ ပြောလိုက်ရတယ်။

တနေရာထဲ ကွက်ပြီး ယားလိုက် ယောင်လိုက် ဖြစ်နေရင် Gnathostomiasis စဉ်းစားပါ။ ကျွမ်းကျင်တဲ့ ဆရာဝန်တဲ့ တိုင်ပင်ပြီး အမြန်ဆုံး ကုသမှု ခံယူပါ။ (EGV)


2

Crd