လေယာဉ်တွေကို ဘာလို့ ဆေးခနခန ပြန်သုတ်ရတာလဲ

လေယာဉ်တွေကို ဘာလို့ ဆေးခနခန ပြန်သုတ်ရတာလဲ

ခရီးသည်တင်လေယာဉ်တွေကို သက်တမ်း နှစ် ၂၀ မှ ၃၀ အထိ အမျိုးမျိုး သတ်မှတ်ထားကြပါတယ်။ ဒီလို သက်တမ်းအရ ၇ နှစ်ကနေ ၁၀ နှစ်ကြားမှာ လေယာဉ်တွေကို ဆေးပြန်ချယ်သလေ့ ရှိကြပါတယ်။

ဒီအတွက်လည်း လေယာဉ်တွေကို အသုံးပြုတဲ့ လေကြောင်းလိုင်း ကုမ္ပဏီတွေဟာ ဒေါ်လာ သိန်းချီ ကုန်ကျပါတယ်။

အခုတင်ပြချင်တာကတော့ လေယာဉ်ကို ဆေးသုတ်တဲ့ စနစ်ရယ်၊စစ်ဆေးမှုတွေရယ်၊ ဆေးသုတ်ရာမှာ လေယာဉ်ရဲ့ လုံခြုံစိတ်ချရမှုကို မထိခိုက်အောင် ဘယ်လို လုပ်ဆောင်ကြတယ်ဆိုတာကိုပဲ ဖြစ်ပါတယ်။ ရှုစားကြပါနော်။

လေယာဉ်ကို ဆေးပြန်သုတ်ရတဲ့ အကြောင်းအရင်းတွေ ရှိပါတယ်။ ဒါတွေကတော့ လေယာဉ်ရဲ့ အရွယ်အစား၊ ပျံသန်းခဲ့တဲ့ အကြိမ်အရေအတွက်၊ ပျံသန်းခဲ့တဲ့နေရာရဲ့ ရာသီဥတုအခြေအနေတွေပဲ ဖြစ်ပါတယ်။

ဒါတွေကြောင့် လေယာဉ်ကိုယ်ထည်ပေါ်က လှပတဲ့ ဆေးရောင်စုံတွေဟာ ပျက်စီးကုန်ကြပါတယ်။ ဒီတော့ လေယာဉ်ကို ဆေးပြန်သုတ်ဖို့ လိုအပ်ပါတယ်။

ပထမဆုံးကတော့ ဆေးအဟောင်းတွေကို ဖယ်ရှားရတာ ဖြစ်ပါတယ်။ မဖယ်ရှားခင်မှာ ပညာရှင်က တစ်စီးလုံးရဲ့ ဧရိယာကို အသေးစိတ် စစ်ဆေးပါတယ်။

လေယာဉ်အကြီး၊ အသေးပေါ်မူတည်ပြီး ဆေးအသစ်ဟာ ပေါင် ၆၀၀ ကနေ ပေါင် ၁၂၀၀ အထိ လိုအပ်ပါတယ်။ ဒါက ဘိုးအင်း Boeing 737 လေယာဉ်မျိုးတွေကို အခြေခံတွက်ချက်ခန့်မှန်းတာပါ။ ‌

ဒေါ်လာ ၁၀၀,၀၀၀ ကနေ ၂၀၀,၀၀၀ ကြား ကုန်ကျနိုင်ပါတယ်။ ပိုကြီးလေ ကုန်ကျစရိတ် ပိုများလေပါပဲ။ ကြာချိန်ကတော့ ၂ ပါတ်လောက်ရှိပါတယ်။ လေကြောင်းလိုင်းအနေနဲ့တော့ လေယာဉ်ကို နှစ်ပါတ်လောက် အနားပေးထားရတာဟာ ငွေကြေးအရ နစ်နာပါတယ်။

ဒါပေမယ့် လေကြောင်းလိုင်းတွေဟာ လေယာဉ်ကို ဘာကြောင့် ဆေးပြန်သုတ်ကြတာလဲ။ ဘာကြောင့် ကုန်ကျစရိတ်ကို ကျေကျေနပ်နပ် အကုန်ခံခဲ့ကြတာလဲ။ စဉ်းစားစရာပါ။

လေယာဉ်ကြီး ပျံသန်းနေတဲ့ သက်တမ်းတစ်လျောက်မှာ ဖုန်၊သဲ၊ ချောဆီ၊ ရေ နဲ့ ဘက်ထရီက အက်စစ်တွေဟာ လေယာဉ်ရဲ့ လှပတဲ့ ဆေးသားတွေကို ပျက်စီးစေပါတယ်။ ဒါ့ကြောင့် အောက်ခံသတ္တုထည် ပေါ်လာပါတယ်။

ဒီသတ္တုဟာ လေထုထဲက အောက်ဆီဂျင်နဲ့ ထိတွေ့ ဓါတ်ပြုပြီး သတ္တုအောက်ဆိုဒ် ဖြစ်လာပါတယ်။ ဒါဆိုရင် လေယာဉ်ကိုယ်ထည်ရဲ့ ကြံ့ခိုင်မှုကို ထိခိုက်စေပါတယ်။ ဒါက အရမ်း အန္တရာယ်ကြီးပါတယ်။

ဆေးကွာနေတဲ့ လေယာဉ်ကိုယ်ထည်ကို UV Ray လို့ခေါ်တဲ့ Ultra Violet ရောင်ခြည်ကလဲ အလွယ်တကူ ထိုးဖောက်နိုင်ပါတယ်။ ဒါက လေယာဉ်အတွင်းပိုင်းက အဖိုးတန် အိလက်ထရောနစ် ပစ္စည်းတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။

ဒါ့ကြောင့်လည်း ပုံမှန်စစ်ဆေးမှုတွေကို လေယာဉ်ကိုယ်ထည်အပြင် Landing Gear (လေယာဉ်ဘီး အတင်အချ ကိရိယာ)တွေ အပေါ်မှာပါ စနစ်တကျ စစ်ဆေးမှု ပြုလုပ်ကြရပါတယ်။ ဒါ့ကြောင့်လည်း အကုန်အကျခံ ဆေးပြန်သုတ်ကြရတာ ဖြစ်ပါတယ်။

Boeing 737 တစ်စီးကို ဆေးသုတ်တော့မယ်ဆိုပါစို့။ ပထမ တစ်စီးလုံးကို ဆေးအဟောင်းတွေ ချွတ်ကြရပါတယ်။ Rosewell လေယာဉ်ပြုပြင်ရေးစခန်းဟာ မက္ကဆီကိုမှာ ရှိပါတယ်။ သူတို့ အလုပ်လုပ်ပုံအချို့ကို တင်ပြမယ်။

ပုံမှန်အားဖြင့် အလုပ်သမား (၈) ယောက်ဟာ အဆိုင်းလိုက် လေယာဉ်နားမှာ လေယဉ်အနားမှာ ၂၄ နာရီ ရှိနေကြပါတယ်။ လေယာဉ်ခေါင်းပိုင်းကနေ အမြီးအထိ ဆေးချွတ်တာဟာ ပျမ်းမျှ (၈)ရက်လောက် ကြာမြင့်ပါတယ်။

တစ်စီးလုံးကို ဆေးအဟောင်းတွေ မကျန်အောင် ချွတ်ရတာပါ။ မလိုအပ်တဲ့နေရာတွေကို တိပ်၊ပလပ်စတစ်တို့နဲ့ ဖုံးအုပ်ပြီး ကာကွယ်ရပါတယ်။ ဥပမာ- မှန် (windshield), ပြတင်းပေါက်များ စသဖြင့်ပေါ့။

လေယာဉ်ရဲ့ လိုဂို(Logo) တံဆိပ်ကိုတော့ လက်နဲ့ပဲ စနစ်တကျ ကော်ပတ်စား ဖျက်ကြပါတယ်။ ကျန်ဧရိယာတွေကိုတော့ (Paint Removal) ခေါ် ဓါတုဆေးနဲ့ ဖြန်းပြီးထားလိုက်ပါတယ်။ ဓါတုဆေးဟာ ဆေးဟောင်းကို အရည်ပျော်ပြီး ပွလာစေပါတယ်။

ဆေး‌ဟောင်းတွေဟာ ဓါတုဆေးကြောင့် တစ်ညသိပ်ပြီးချိန်မှာ ပွတက်ပြီး ကိုယ်ထည်ကနေ ကွာလာပါတယ်။ ဒါကို ရေနဲ့ ဆေချလိုက်ရင် လေယာဉ်ကိုယ်ထည်သတ္တုသား ပေါ်လာပါတယ်။

ဒီအချိန်မှာ လေယာဉ်ကိုယ်ထည်ပေါ်မှာ Corrosion ရှိမရှိ၊ ပွန်းရာ ခြစ်ရာ ရှိမရှိ စစ်ဆေးကြပါတယ်။ လေယာဉ်ရဲ့ လုံခြုံမှုကို ထိခိုက်နိုင်တဲ့ ဒါဏ်ရာဆိုရင် တစ်ခါတည်း ပြုပြင်ကြပါတယ်။ မလိုဘူးဆိုရင်တော့ ဆေးအသစ်သုတ်နိုင်ပါပြီ။

ဒါနဲ့ပါတ်သက်လို့ အဖြစ်အပျက်တစ်ခု ရှိခဲ့ဖူးပါတယ်။ Aloha လေကြောင်းလိုင်းရဲ့ ဖလိုက်နံပါတ် ၂၄၃ မှာ ဖြစ်ခဲ့တာပါ။ လေယာဉ်ဟာ လေထဲပျံနေရင်း ရှေ့ပိုင်း ကိုယ်ထည်ရဲ့ အမိုးပိုင်း ပွင့်ထွက်သွားခဲ့ပါတယ်။ အကျယ် ၁၈ ပေလောက် ပွင့်သွားတာပါ။

NTSB (National Transportation Safety Board)ရဲ့ အစီရင်ခံစာအရ လေယာဉ်ကို ပြုပြင်ထိန်းသိမ်းမှု လျော့နည်းခဲ့တာလို့ ဆိုပါတယ်။

လေယာဉ်သက်တမ်းဟာ ၁၉ နှစ်ရှိပါပြီ။ Aloha လေကြောင်းလိုင်းရဲ့ အင်ဂျင်နီယာတွေဟာ လေယာဉ်ရဲ့ ကြံ့ခိုင်မှုကို ဒီလို ဆေးသုတ်စဉ်ကာလမှာ စစ်ဆေးဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ ဒါ့ကြောင့်လည်း ထိခိုက်ပျက်စီးမှု များခဲ့ရပါတယ်။

ဒါတွေကို ကာကွယ်နိုင်တဲ့ နည်းလမ်းကတော့ ဆေးဟောင်းတွေ ခွာချပြီးချိန်မှာ လေယာဉ်ကိုယ်ထည်ကို စစ်ဆေးတာရယ်၊ ဆေးအသစ်သုတ်ပြီး ကိုယ်ထည်ပျက်စီးမှုကို ကာကွယ်စေတာရယ် ဖြစ်ပါတယ်။

ဆေးအသစ် မသုတ်ခင်မှာလည်း စိမ်းဝါရောင် အောက်ခံဆေးတစ်မျိုးကို အရင်သုတ်လိမ်းရပါတယ်။ ဒီဆေးကတော့ ဇင့်ခရိုမိတ်(Zinc Chromate) ဖြစ်ပြီး သံချေးတက်ခြင်းကို ကာကွယ်ပါတယ်။

လေယာဉ်မှာတော့ သတ္တုချေးတက်ခြင်းလို့ ဆိုရမှာပေါ့။သူက UV ray ဒါဏ်ကိုလည်း ခံနိုင်ရည် ရှိပါတယ်။ ပြီးရင်တော့ ပမာဏများပြီး ဖိအားနည်းနည်းနဲ့ ကွန်ပရက်ဆာကိုသုံးပြီး လေမှုတ်ဆေးသုတ်ကိရိယာနဲ့ ဆေးသုတ်ကြပါတယ်။

Boeing 737 တစ်စီးမှာဆိုရင် ဆေးသုတ်ရတဲ့ ဧရိယာဟာ ၃၃,၃၀၀ စတုရန်းပေလောက် ရှိပါတယ်။ ဆေးအထူကို ၀.၁၂ မီလီမီတာလောက် ထူအောင်သုတ်ရပါတယ်။

ဒီအတွက် ဆေးရည်အလေးချိန် ပေါင် ၁၃၀၀ ကနေ ၂၂၀၀ လောက်အထိ လိုအပ်ပါတယ်။ ဒါတောင် အဖြူရောင် အောက်ဆေးအလွှာပဲ ရှိပါသေးတယ်။ ဒီဆေးရည် အလေးချိန်ဟာ လေယာဉ်ရဲ့ အလေးချိန်ကို တိုးစေပါတယ်။ ဒါ့ကြောင့် စနစ်တကျနဲ့ ဂရုတစိုက် လုပ်ကြရပါတယ်။

ပုံမှန်အားဖြင့်တော့ လေယာဉ်ကိုယ်ထည်တစ်ခုလုံးနီးပါဟာ အဖြူရောင် ဒါမှမဟုတ် မီးခိုးရောင် ဖျော့ဖျော့‌‌တွေသာ များပါတယ်။ ဒါကလည်း နေရောင်ခြည်ကို ရောင်ပြန်အား များစေပြီး အပူကို သက်သာစေပါတယ်။

တစ်ချို့က အောက်ခံဆေးပြီးရင် UV ray ကို ကာကွယ်နိုင်တဲ့ ဆေးအကြည် တစ်ထပ်မှုတ်ဖြန်းကြပါသေးတယ်။ ပြီးမှ ကွန်ပျူတာနဲ့ ဒီဇိုင်းဆွဲထားတဲ့ လေကြောင်းလိုင်းရဲ့ လိုဂို(Logo)တွေ၊ Placard တွေ စာတမ်းတွေကို အချောသတ်ရေးဆွဲကြပါတယ်။

ဒီလောက်နဲ့ မပြီးသေးပါဘူး။ လေယာဉ်ဟာ ဆေးမသုတ်မီနဲ့ ဆေးသုတ်ပြီး အချိန်တွေမှာ အလေးချိန်အပြောင်းအလဲ ဖြစ်နိုင်တဲ့အတွက် လေယာဉ်ကို weight ပြန်ချိန်ရပါတယ်။ ပြောင်းလဲခဲ့ရင်လည်း သက်ဆိုင်ရာ Weight Schedule မှာ တွက်ချက်ထည့်သွင်းပြီး မှတ်တမ်းတင်ကြရပါတယ်။

ဆေးရောင်လှလှ‌တွေနဲ့ လေယာဉ်ဟာ ခရီးသည်တွေကို ဆွဲဆောင်မှုတစ်ခုလည်း ဖြစ်‌စေပါတယ်။ လေယာဉ်ကြီးလည်း အန္တရာယ်ကင်းစေပါတယ်။ မျက်စိပသာဒလည်း ဖြစ်စေပါတယ်လို့ တင်ပြလိုက်ပါတယ်။

လေယာဉ်နဲ့ပါတ်သက်တာတွေ ကြိုးစားတင်ပြသွားမှာဖြစ်လို့ Like and Share လေး ချီးမြှင့်ခဲ့ကြပါအုံးလို့။

Knight News Team

Knight News © 2022

Crd