လူပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့သော သိပ္ပံပညာရှင် ချက်တဲ့ ဟင်းအိုး

ကနေဒါနိုင်ငံသား သိပ္ပံပညာရှင် တစ်ယောက်ဖြစ်တဲ့ ခရစ်စတိုဖာ ချားလ်စ်ဟာ လွန်ခဲ့တဲ့ ၈ နှစ်လောက်က သွေးအားနည်းရောဂါ ပြင်းပြင်းထန်ထန်ခံစားနေရတဲ့ ကမ္ဘောဒီးယားလူမျိုးတွေကို တွေ့ခဲ့ရပါတယ်။ သူဟာ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းအမျိုးမျိုးနဲ့ကြိုးပမ်းခဲ့ပါတယ်။ ကံဆိုးစွာနဲ့ပဲ သူစမ်းသပ်ခဲ့တဲ့နည်းလမ်းတွေနဲ့ သံဓာတ်ဖြည့်စွက်စာ၊ အားဆေးတွေဟာ အလုပ်မဖြစ်ခဲ့ပါဘူး။ ရွာသူရွာသားတွေဟာ ဆင်းရဲလွန်းလှတဲ့ အတွက် ဖြစ်ပါတယ်။

ချားလ်စ်ဟာ အဆင်းတကာ့အဆင်းရဲဆုံး လူတွေနဲ့ အလုပ်လုပ်ခဲ့ပါတယ်။ သူတို့ဟာ အသားနဲ့အားဆေးတွေ ၀ယ်ဖို့လည်း မတတ်နိုင်ကြပါဘူး။ နောက်ဆုံး သံအိုးပြောင်း ချက်ခိုင်းတာတောင် မ၀ယ်နိုင်ကြလောက်တဲ့အထိ ဆင်းရဲပါတယ်။ နောက်ဆုံးမှာတော့ အကောင်းဆုံးနည်းလမ်းတစ်ခုကို ချားလ်စ်ဟာ တွေ့ရှိခဲ့ပါတယ်။ ဒီနည်းကတော့ အစားအစာတွေထဲမှာ သံတုံးတစ်တုံးကို ထည့်သွင်း ချက်ပြုတ်ခိုင်းတဲ့နည်းပဲ ဖြစ်ပါတယ်။

ချားလ်စ်ဟာ အဝိုင်းပုံသံတုံးကို အမျိုးသမီးတစ်ယောက်ကို ပေးပြီး ချက်စေခဲ့ပါတယ်။ အမျိုးသမီးဟာ မထည့်ခဲ့ပါဘူး။ ဒါဟာသံတုံးရဲ့ ပုံစံကြောင့်လို့ ချားလ်စ်ဟာ သိခဲ့တဲ့အတွက် သံတုံးကို ကြာပန်းပုံစံပြောင်းပြီး ထပ်ပေးခဲ့ပါတယ်။ ဒီတစ်ခါမှာလည်း အငြင်းခံခဲ့ရပါတယ်။

ကမ္ဘောဒီးယားတွေရဲ့ သမိုင်းနဲ့ယဉ်ကျေးမှုကို လှန်ပြီးတဲ့ အခါမှာတော့ ချားလ်စ်ဟာ သံတုံးကို ငါးပုံစံပြောင်းလဲပြီး ပေးခဲ့တဲ့အခါမှာတော့ အဆင်ပြေခဲ့ပါတယ်။ ငါးဟာ သူတို့ လူမျိုးအတွက် ကံကောင်းစေတဲ့အဆောင်လို့ ယူဆထားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

ဒီနည်းလမ်းကတော့ ဆူနေတဲ့ရေ (သို့) ဟင်းအိုးထဲမှာ ၃၊ ၄ လက်မလောက်ရှိတဲ့ သံတုံးကို ၁၀ မိနစ်ခန့်ထည့်ပြီး ပြန်ထုတ်စေတာပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် လူတစ်ယောက် တစ်နေ့တာအတွက် လိုအပ်တဲ့သံဓာတ်ရဲ့ ၇၅% ကို ရရှိစေနိုင်ပါတယ်။

၁၂ လလောက် ဒီနည်းလမ်းကိုသုံးပြီး ရာပေါင်းများစွာသော ရွာသူရွာသားတွေရဲ့ သွေးအားနည်းရောဂါကို ကုသပေးနိုင်ခဲ့ပါတယ်။ အခုချိန်မှာတော့ မိသားစု ၂၅၀၀ လောက်ဟာ ဒီငါးပုံသံတုံးကို သုံးနေကြတဲ့အတွက် ဆေးရုံဆေးခန်းတွေ သွားဖို့ မလိုအပ်တော့ပါဘူး။

“ဒီစီမံကိန်းကနေ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေရခဲ့ပါတယ်။ ဒီရောဂါကို ကမ္ဘာ့အကောင်းဆုံးနည်းလမ်းတွေနဲ့ ကုသနိုင်ပေမယ့် မတတ်နိုင်တဲ့သူတွေအဖို့တော့ အခုနည်းလမ်းဟာ အဆင်ပြေစေမှာဖြစ်ပါတယ်” လို့ ချားလစ်က ဆိုပါတယ်။

သံဓာတ်ချို့တဲ့လျှင် မောပန်းနွမ်းနယ်ခြင်း၊ အာရုံမစိုက်နိုင်ခြင်း စတဲ့ ရောဂါလက္ခဏာများ ဖြစ်ပေါ်စေပြီး ဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက်စေပါတယ်။

မြန်မာပြည်မှာလည်း ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ဒေသအချို့မှာ သံဓာတ်ချို့တဲ့နေတဲ့ လူတွေ အများအပြား ရှိတယ်လို့ စာရင်းတွေက ဖော်ပြနေကြပါတယ်။ အဲဒါကြောင့် သိပ္ပံပညာရှင် ချားလ်စ် တီထွင်ခဲ့တဲ့ နည်းလမ်းအတိုင်း အသုံးပြုမယ်ဆိုပါက ငွေကုန်ကြေးကျ သက်သာပြီး သံဓာတ်ချို့တဲ့မှုကို တားဆီးနိုင်မှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။ (BKR)

1

Crd