လူတွေကို အသေသတ်ပစ်နိုင်တဲ့ ပုရွက်ဆိတ်တစ်ကောင်အကြောင်း – hotnewmyanmar.com

News Social News

လူတွေကို အသေသတ်ပစ်နိုင်တဲ့ ပုရွက်ဆိတ်တစ်ကောင်အကြောင်း

ပုရွက်ဆိတ်တို့ရဲ့ သဘာဝအရကတော့ သူတို့တွေဟာ အန္တရာယ်ပြုလာတယ်လို့ ထင်မှတ်ကြတဲ့အခါ လူတွေကို ကိုက်တတ်ကြပါတယ်။

များသောအားဖြင့် ပုရွက်ဆိတ် အကိုက်ခံရရင် အဖုအပိန့်တွေ ထမယ်၊ ယားယံလာမယ်၊ စပ်ဖျင်းဖျင်းလေး ဖြစ်နေမယ်။ ဒီလောက်ပါပဲ။

ဒါပေမဲ့ အခုပြောပြပေးမယ့် ပုရွက်ဆိတ် အကိုက်ခံရရင်တော့ လူတစ်ယောက်ကိုတောင် ဆုံးပါးစေနိုင်ပါတယ်။

ဂင်းနစ်ရဲ့ ကမ္ဘာ့စံချိန်တင်ထားတဲ့ ကမ္ဘာ့အဆိပ်အပြင်းဆုံး ပုရွက်ဆိတ်ဆိုရင်လည်း မမှားပါဘူး။ သူ့ရဲ့မျိုးရင်းနာမည်ကတော့ Myrmeciinae (Bulldog Ant) လို့ ခေါ်ပြီး ဒီပုရွက်ဆိတ်တွေဟာ အဆိပ်ပြင်းဆုံး သက်ရှိလောကမှာလည်း ဘုရင်တွေဖြစ်ကြပါတယ်တဲ့။

မြန်မာနိုင်ငံမှာတော့ ဒီကောင်တွေမရှိတာမလို့ သိပ်တော့စိတ်ပူစရာ မလိုပါဘူး။ ဒီပုရွက်ဆိတ်တွေရဲ့ ဇာတိကတော့ သြစတေးလျနိုင်ငံဖြစ်ပြီး သူတို့ဟာ လွန်စွာမှကို ရန်လိုတတ်တဲ့ ပုရွက်ဆိတ်တွေလည်း ဖြစ်ကြပါတယ်။

ဆိုလိုတာက သူ့ကို အန္တရာယ် ပြု၊ မပြု၊ သူက လှုပ်ရှားနေတဲ့အရာကို ရန်သူအဖြစ် ထင်မှတ်ပြီး တိုက်ခိုက်တတ်တဲ့သဘော ရှိနေလို့ပါပဲ။

သူတို့တွေဟာ တစ်ခါထဲမှာပဲ ကိုက်တတ်ကြသလို တစ်ချိန်ထဲမှာပဲ သူတို့ရဲ့ နှာမောင်းတံကြီးနဲ့ လူရဲ့အသားထဲကို ထိုးစိုက်စေပါတယ်။

အဆိပ်တွေကတော့ ဒီနှာမောင်းတံကနေ မြစ်ဖျားခံတာဖြစ်ပြီး ဆေးကုသမှု မခံယူပါက သာမန်လူတစ်ယောက်ကို ၁၅ မိနစ်အတွင်း ဆုံးပါးသွားနိုင်စေတဲ့အထိ အဆိပ်ပြင်း ပုရွက်ဆိတ်မျိုးတွေ ဖြစ်ပါတယ်။

ဒီခွေးဘီလူးပုရွက်ဆိတ်ကြီးတွေကြောင့် သမိုင်းတစ်လျှောက်မှာ လူသား ၄ ယောက်အထိ သေဆုံးဖူးခဲ့ကြောင်း ဂင်းနစ်မှတ်တမ်းတွေက ဖော်ပြထားပါတယ်။

သူတို့ဟာ လူတွေကို သေဆုံးစေခဲ့တာကိုကြည့်ခြင်းဖြင့် သာမန်ပုရွက်ဆိတ်တစ်ကောင် မဟုတ်တာကို သိမြင်နိုင်တဲ့အပြင် အရွယ်အစားနဲ့ ဖွဲ့စည်းပုံတို့ကစလို့ အခြားသော အပြုအမူတွေ အဆုံး သာမန်ပုရွက်ဆိတ်တွေနဲ့ ကွဲပြားနေတာကို မြင်တွေ့ရပါမယ်။

ဒီကြောက်စရာကောင်းတဲ့ ပုရွက်ဆိတ်တွေဟာ အရွယ်အားဖြင့် ၄၀ မီလီမီတာအထိ ကြီးထွားနိုင်တာကြောင့် ပုရွက်ဆိတ်မျိုးနွယ်ထဲမှာဆိုရင် အလွန်ကြီးမားတဲ့ အရွယ်ပါပဲ။

ပုရွက်ဆိတ်တွေမှာ သူတို့ရဲ့ ကြီးမားတဲ့ မျက်လုံးများနဲ့အတူ ရှည်လျားသွယ်လျတဲ့ အဆိပ်ရည်ထိုးသွင်းတဲ့ အတံလေး ပါရှိပါတယ်။

ဒါ့အပြင် သူတို့ဟာ သာလွန်ကောင်းမွန်တဲ့ အမြင်အာရုံရှိပြီး တစ်မီတာ အကွာအဝေးမှ ကျူးကျော်သူများကို ခြေရာခံကာ အမဲလိုက်နိုင်ပါတယ်။

ဟုတ်ပါတယ်၊ သူတို့ဟာ ရန်လိုတဲ့ ပုရွက်ဆိတ်တွေဖြစ်တာကြောင့် အမဲလိုက်တဲ့ ပုရွက်ဆိတ်တွေဆိုရင်လည်း မမှားပါဘူး။

သူတို့ဟာ အမဲလိုက် ရန်လိုနေချိန်မှာ သူတို့ရဲ့ ရန်သူအရွယ်အစားကို ထည့်သွင်းစဥ်းစားနေမှာ မဟုတ်ပါဘူး။

ဒီပုရွက်ဆိတ်ရဲ့ မျိုးစိတ်များစွာမှာ ဦးခေါင်း သို့မဟုတ် ဝမ်းဗိုက်ပေါ်က အနီရောင် သို့မဟုတ် လိမ္မော်ရောင်တောက်တောက် အရောင်များရှိတတ်တာကြောင့် သူတို့ကို အခြား ပုရွက်ဆိတ်တွေနဲ့ ခွဲရတာ လွယ်ကူစေပါတယ်။

ဩစတေးလျမှာ ခွေးဘီလူးပုရွက်ဆိတ်မျိုးစိတ် ၉၀ ခန့်ရှိပြီး ကွဲပြားခြားနားတဲ့ အပြုအမူများနဲ့ ဘဝသံသရာများစွာ လေ့လာမှတ်တမ်းတင်ထားခဲ့ပါတယ်။

ဆစ်ဒနီမှာတော့ ပုရွက်ဆိတ် မျိုးစိတ် ၉ မျိုးကို မှတ်တမ်းတင်ထားပြီးဖြစ်သော်လည်း နောက်ထပ် မဖော်ထုတ်ရသေးတဲ့ အမျိုးအစားများလည်း ရှိနေနိုင်ပါသေးတယ်။

ဒီမျိုးစိတ်တွေဟာ ကျူးကျော်သူများကို ပြင်းပြင်းထန်ထန် ရန်လိုတိုက်ခိုက်တတ်တဲ့ အလေ့အထကြောင့် သူတို့ကို jumper ant ပုရွက်ဆိတ်များလို့လည်း လူသိများကြပါတယ်။

ဒီပုရွက်ဆိတ်တွေကို သြစတေးလျ နိုင်ငံတစ်ဝှမ်းက မြို့ပြဒေသများ၊ သစ်တောများနဲ့ အပူပိုင်းဒေသများမှာ တွေ့ရှိနိုင်ပါတယ်။

ပုရွက်ဆိတ်တွေက ဝတ်ရည်နဲ့ အခြားအပင်အရည်များအပြင် တိရစ္ဆာန်သားကောင်များကိုလည်း အသိုက်သို့ပြန်လည် သယ်ယူကြလေ့ ရှိပါတယ်။

ပုရွက်ဆိတ် အသိုက်များဟာ များသောအားဖြင့် မြေအောက်ထဲမှာဖြစ်ပြီး ဝှက်ထားတဲ့ သေးငယ်သော ဝင်ပေါက်လေးများ ပါရှိပါတယ်။

အသိုက်များဟာ မြေပြင်အောက်ထဲမှာ မီတာများစွာ ကျယ်ဝန်းနိုင်ပါတယ်။ သူတို့တွေဟာ သူတို့ အသိုက်အနီး နီးကပ်လွန်းတဲ့ ဘယ်လိုအရွယ်အစားရှိတဲ့ အရာမှန်သမျှကို ကျူးကျော်သူအဖြစ် မှတ်ယူလေ့ရှိပြီး တိုက်ခိုက်ကြပါတယ်။

ဒါ့အပြင် သူတို့ရဲ့ ကောင်းစွာဖွံ့ဖြိုးတဲ့ အမြင်အာရုံကြောင့် အသိုက်မှနေ တော်တော်လှမ်းလှမ်းအထိလည်း လှုပ်ရှားနေတဲ့ အရာမှန်သမျှကို ခြေရာခံနိုင်ပါတယ်။

အများအားဖြင့် အသိုက်ထဲက ရန်လိုတဲ့ ပုရွက်ဆိတ်ကြီးတွေရဲ့ မြင်ကွင်းကနေ အလျင်အမြန် ဆုတ်ခွာဖို့ အချိန် လုံလောက်ပါတယ်။

မဟုတ်ပါက ပုရွက်ဆိတ်များဟာ ကျူးကျော်သူတွေကို သူတို့ရဲ့ မေးရိုးများဖြင့် ဆုပ်ကိုင်ကာ ကိုက်ခဲပြီး ဝမ်းဗိုက်ကို ကွေးညွှတ်ကာ အဆိပ်ရည်တွေ ထိုးသွင်းခြင်းဖြင့် နာကျင်ကိုက်ခဲတဲ့ ဝေသနာတွေကို ဖန်တီးပေးတော့မှာပါ။

သူတို့ရဲ့ အဆိပ်အတောက်တွေဟာ ခန္ဓာကိုယ်တစ်ဝိုက်လုံးကို ပျံ့နှံ့ဖို့အတွက် ၁၀ မိနစ်သာ ကြာမြင့်ပါတယ်။

ဒီပုရွက်ဆိတ်တွေရဲ့ မျိုးစိတ်ပေါင်းများစွာမှာ ကိုလိုနီ အလုပ်သမားများ မရှိပါဘူး။ ယင်းအစား သူတို့ကို အုပ်စိုးကြတဲ့ ဘုရင်မကိုယ်တိုင် အခြားမျိုးစိတ်များရဲ့ အသိုက်ကို ကျူးကျော်ဝင်ရောက်လေ့ရှိပြီး ဌာနေမိဖုရားကို သုတ်သင်ကာ ကိုလိုနီကို သိမ်းပိုက်လေ့ ရှိကြပါတယ်။

ဤပုရွက်ဆိတ်တွေဟာ နာကျင်ကိုက်ခဲမှုများကနေ အစပြုလို့ အသက်အန္တရာယ် ဆုံးရှုံးစေတဲ့အထိ ဖြစ်ပေါ်စေနိုင်ပါတယ်။

သူတို့ရဲ့ကိုက်ရာကိုတော့ ရေခဲထုပ် သို့မဟုတ် စီးပွားဖြစ်ရနိုင်တဲ့ ဖြန်းဆေးတို့ကို အသုံးပြုပြီး ဖြေရှင်းနိုင်ပေမဲ့ အဆိပ်နဲ့ပတ်သက်ရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းမှာ ဆေးကုသမှု ခံယူသင့်ပါတယ်။

Knight News Team

Crd