လစာ (၁၅) သိန်း၊ သိန်း (၂၀) ရတယ်ဆိုတဲ့ နာမည်ကြီး တရုတ်ကုမ္ပဏီများ၏ နောက်ကွယ်

မြဝတီမြို့ ၂၅ ဂိတ်, ဝမ်း Online ကာစီနို ငရဲခန်းမှ လွတ်မြောက်လာသူ ညီလေးတစ်ယောက်ရဲ့ ရင်ဖွင့်သံပါ..

ယခုဖော်ပြပါအကြောင်းအရာသည် မြဝတီမြို့ ၂၅ ဂိတ်, Online ကာစီနိုတွင် ဝင်ရောက်အလုပ်လုပ်ကိုင်ခဲ့တဲ့ ညီငယ်တစ်ယောက်ရဲ့ ဖြစ်ရပ်မှန် အတွေ့အကြုံကို မသိသေးကြတဲ့ ညီငယ် ညီမငယ်များသိစေရန်နှင့် သူလိုအလိမ်မခံကြမိစေရန်အတွက် ပညာပေးရေးသားလိုက်ရခြင်းဖြစ်ပါသည်။

အလုပ်ဝင်ဖြစ်ရတဲ့အကြောင်းကတော့ Eng 4 skill နဲ့ ကွန်ပျူတာ ရရင် လစာ ဘတ် ၂၇၀၀၀ (မြန်မာငွေ ၁၅ သိန်းခန့်) ပေးတယ်ဆိုလို့ သွားလုပ်ခဲ့မိတာပါ အကို။ ရှင်းရှင်းပြောရရင် သူတို့ပေးမယ်ဆိုတဲ့ လစာ ဘတ် ၂၇၀၀၀ ကိုမက်လို့ သွားလုပ်ခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။

အလုပ်စဝင်တာနဲ့ Q ၁၂ ရက်ဝင်ရပါတယ်။ Q စဝင်တာနဲ့ စာချုပ်ယူလာပြီး လက်မှတ်ထိုးခိုင်းပါတယ်။ ဘာအတွက် စာချုပ်မှာ လက်မှတ်ထိုးရတယ် ဆိုတာကိုလည်း မပြောပါ။ ဘုမသိဘမသိနဲ့ စာချုပ်မှာ လက်မှတ်ထိုးပေးလိုက်ရတာပါ။၁၂ ရက် Q ပြီးတာနဲ့၊ ကိုဗစ်‌ ရောဂါပိုးရှိ/မရှိ တန်းစစ်ပါတယ်။ ရောဂါမရှိမှ အလုပ်ခန့်တာပါ။

အလုပ်ခန့်စဉ်က Online Game လုပ်ရမယ်လို့ပြောပေမယ့်၊ ရှင်းရှင်းပြောရရင် တကယ်တန်းလုပ်ရတာကတော့ what app သုံးပီးလိမ်ရတာပါ။ အလုပ်ဝင်ဝင်ခြင်းရက်မှာ IG အကောင့်ဖွင့်ခိုင်းပါတယ်။ အကောင့်ဖွင့်လို့ရပြီဆိုတာနဲ့၊ အဲ့ဒီ IG အကောင့်ကနေ ကောင်မလေး ပုံတွေရှာရတယ်။ ကိုယ်မသိတဲ့ ကောင်မလေးပုံတွေ ယူသုံးပီး လိမ်ခိုင်းတာပါ။ အကောင့်ဖွင့်ပြီး ၃ ရက်အကြာမှာ လိမ်လည်ဖို့ရန်အတွက် သားကောင် (လူ) စရှာရပါတယ်။

နောက်ပြီး တစ်ရက်ကို လူ ၅ ယောက်၊ ရ‌အောင်ရှာခိုင်းပါတယ်။ လူ ၅ ယောက်ရှာ မရရင် အချိန်ပိုထပ်ဆင်းခိုင်းပြီး မရ ရအောင်ရှာခိုင်းပါတယ်။ လူရှာလို့ရပြီးဆိုတာနဲ့ ပိုက်ဆံရအောင် လိမ်လည်လှည့်ဖြားရပါတယ်။ ပိုက်ဆံရအောင် မလိမ်နိုင်ရင်တော့ ကျနော်တို့လစာထဲက ဖြတ်မယ်လို့ပြောပါတယ်။

အလုပ် လုပ်ရတဲ့အချိန်က‌တော့၊ ည ၁၁:၀၀ နာရီ ကနေ၊ မနက် ၁၁:၀၀ အထိ လုပ်ရပြီး၊ နားနေချိန်ကတော့ ၂:၀၀ နာရီ ပေးနားပါတယ်။ ကျနော် ဒီအလုပ်ကို ၁၁ လပိုင်း၊ ၂ ရက်နေ့က ဝင်လုပ်ခဲ့တာပါ။ ဒါပေမဲ့ ၁၁ လပိုင်း၊ ၂၆ ရက်မှာတော့၊ ကျနော်ကို ဘာမှမပြောပဲ အလုပ်ကထုတ်ပစ်ခဲ့ပါတယ်။

ကျနော်ကိုအကြောင်းမဲ့ အလုပ်ထုတ်ယုံတင်မကပါဘူး။ အလုပ်ထုတ်သည့်အပြင် လျော်ကြေး ဘတ် ၁၀၀၀၀ (မြန်မာငွေ ၅ သိန်းခွဲခန့်) ပါ၊ တောင်းပါတယ်။ တကယ်လို့ သူတို့တောင်းတဲ့ ဘတ် ၁၀၀၀၀ မပေးရင် အပြင်ပေးမထွက်ပဲ ကျနော်ဖုန်းသိမ်းပြီး အခန်းထဲမှာ ချုပ်ထားမယ်လို့ ပြောပါတယ်။

၁၁ လပိုင်း၊ ၆ ရက်နေ့က အလုပ်ထုတ်တာ ကျနော်တစ်ယောက်တည်းမဟုတ်ဘူးဗျ။ ကျနော်အပါဝင် ယောက်ျားရော မိန်းကလေရော စုစုပေါင်း ၁၈ ယောက်၊ အလုပ်ထုတ်ခံရတာပါ။ သူတို့လည်း ကျနော်လိုပဲ သူတို့ခိုင်းသမျှလုပ်ပေးတာတောင် ဘာအပြစ်မှမရှိပဲ အကြောင်းမဲ့ အလုပ်ထုတ်ပစ် ခံခဲ့ကြရတာပါ။

ကျနော်တို့ကို အလုပ်ထုတ်ယုံတင်မကပဲ လျော်ကြေးပါတောင်းပြီး ပြဿနာရှာနေလို့ အဲ့ဒီဂိတ်ထဲအသိ သူငယ်ချင်းမိန်းကလေးကို ဖုန်းဆက် အကူညီတောင်းတော့.. သူအသိ လက်နက်ကိုင်အဖွဲ့အစည်းထဲက လူကြီးတစ်ယောက်ကိုအကျိုးအကြောင်းပြောပြီး ကျနော်တို့ကိုကူညီပေးဖို့ ကူပြီးပြောပေတယ်။ အသိသူငယ်ချင်း မိန်းကလေးက အဖွဲ့အစည်းကိုခေါ်လာပြီး ကျနော်တို့ကို ပြန်လွတ်ဖို့ပြောတာတောင် ၃ နာရီလောက် ပြောယူရတယ်။

ကျနော်တို့ဘက်က လက်နက်အဖွဲ့အစည်းပါနေလို့ သူတို့က ပြဿနာဖြစ်မှာစိုးလို့ ကျနော်တို့ကို ပြန်လွတ်လိုက်တာပါ။ အခုဆိုရင် တရုတ်ငရဲခန်းက လွတ်မြောက်ခဲ့ပါပြီ၊ အခုကျနော်ပြောပြတဲ့ အကြောင်းအရာတွေအားလုံးက ကျနော့်ကိုယ်တွေ့မို့ ကျနော်လို အလိမ်မခံရအောင် မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ပြီး ပြောပြတာပါ။

ကျနော်တို့ကို တရုတ်ငရဲခန်းက လွတ်မြောက်အောင် ကူညီပေးကြတဲ့ သူငယ်ချင်း မိန်းကလေးအပါအဝင် လာရောက်ကူညီ‌ေပးတဲ့ အဖွဲ့အစည်းကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျ။

ကိုဝေ (မြဝတီမဲဆောက်မီဒီယာ)

1

Crd