လက်ရှိ ဂျပန်နိုင်ငံကို ဝင်ရောက်တိုက်ခတ်နေတဲ့ စူပါတိုင်ဖွန်း “Nanmadol” အကြောင်း

News Social News

လက်ရှိ ဂျပန်နိုင်ငံကို ဝင်ရောက်တိုက်ခတ်နေတဲ့ စူပါတိုင်ဖွန်း “Nanmadol” အကြောင်း

အင်အားပြင်းထန်လွန်းတဲ့ မုန်တိုင်းရဲ့ဒဏ်မှ လွတ်ကင်းဖို့အတွက် လူပေါင်း သောင်းကျော်က ခိုလှုံနေရကြပါတယ်။

အင်အားပြင်း စူပါတိုင်ဖွန်း Nanmadol ဟာ တစ်နာရီကို ၁၄၅ မိုင် (၂၃၄ ကီလိုမီတာ) နှုန်းဖြင့် ဂျပန်နိုင်ငံ တောင်ပိုင်းတစ်လျှောက်ကို ဝင်ရောက် တိုက်ခတ်ခဲ့ပါတယ်။

ဒါကြောင့် လူဦးရေ ၁၄ သန်းနီးပါး နေထိုင်ရာ တိုကျိုကို မုန်တိုင်းကျရောက်လာမှုကြောင့် ဂျပန်အာဏာပိုင်များက လူ ၉ သန်းကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ညွှန်ကြားပေးခဲ့ရပါတယ်။

ဂျပန်နိုင်ငံရဲ့ တောင်ဘက်အကျဆုံး ကျွန်းကြီး Kyushu ကိုတော့ တနင်္လာနေ့ (စက်တင်ဘာ ၁၈ ရက်) နံနက်ပိုင်းက ကုန်းတွင်းပိုင်းထိ မုန်တိုင်းဝင်ရောက်ခဲ့ပြီး တနင်္လာနေ့ (စက်တင်ဘာ ၁၉ ရက်) မှာတော့ Nanmadol ဟာ ဂျပန်နိုင်ငံရဲ့ အကြီးဆုံး ကျွန်း Honshu သို့ ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ပြီး လူ ၂ ဦး သေဆုံးခဲ့ရပါတယ်။

နိုင်ငံရဲ့ ကျယ်ပြန့်သော ရေကြီးရေလျှံမှုများနဲ့ မြေပြိုမှုများအတွက် ခန့်မှန်းချေ အိမ်ခြေ ၃၅၀,၀၀၀ ခန့် လျှပ်စစ်မီး ပြတ်တောက်ခဲ့ပြီး လူပေါင်း ထောင်သောင်းချီ အရေးပေါ် ကယ်ဆယ်ရေးစခန်းများမှာ ခိုလှုံနေရကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

တကယ်တမ်းတော့ Nanmadol ဟာ ရာသီရဲ့ ၁၄ ခုမြောက် တိုင်ဖွန်းဖြစ်ပြီး ဒီမုန်တိုင်းဟာ ဆယ်စုနှစ်များစွာအတွင်း ဂျပန်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အင်အားအပြင်းဆုံး မုန်တိုင်းတစ်ခုဖြစ်ခဲ့ပြီး နိုင်ငံအနောက်ပိုင်းမှာလည်း စံချိန်တင်မိုးရွာသွန်းမှုနှင့်အတူ စိုစွတ်နေကြောင်း သိရပါတယ်။

ဒါ့အပြင် Nanmadol ဟာ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ကမ်းရိုးတန်း ရေကြီးခြင်းနဲ့ လေပြင်းများ တိုက်ခတ်ခြင်းတို့ကြောင့် လူနေအိမ်များ ပြိုကျနိုင်လောက်အောင် အားပြင်းထန်ပါတယ်။

ဒီတိုင်ဖွန်းမုန်တိုင်း Nanmadol ဟာ “တွေ့ဖူးသမျှ အပြင်းထန်ဆုံး မုန်တိုင်းများထဲမှ တစ်ခုဖြစ်တယ်” လို့လည်း ကမ္ဘာ့ မိုးလေဝသအဖွဲ့ (WMO) က စက်တင်ဘာ ၁၈ ရက်က ဆိုခဲ့ပါတယ်။

တာဝန်ရှိသူများက တိုကျိုနဲ့ ကပ်လျက်ကမ်းရိုးတန်း Kanagawa အတွက် ရေကြီးရေလျှံမှု သတိပေးချက်များ ထုတ်ပြန်ခဲ့ပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများလည်း ဖြစ်နိုင်ကြောင်း Bloomberg က ဖော်ပြခဲ့ပါတယ်။

သောကြာနေ့ (စက်တင်ဘာ ၁၆) မှာ Nanmadol ရဲ့ လေတိုက်နှုန်း တစ်နာရီကို ၁၅၅ မိုင် (၂၅၀ ကီလို)ဖြင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး အမေရိကန်ရေတပ်ရဲ့ ပူးတွဲတိုင်ဖွန်းသတိပေးဌာန (JTWC) မှ Nanmadol အား “စူပါတိုင်ဖွန်း” အဖြစ် သတ်မှတ်ပေးခဲ့သလို ဟာရီကိန်းရဲ့ အင်အားနဲ့လည်း ယှဉ်နိုင်တယ်လို့ Al Jazeera က ဆိုခဲ့ပါတယ်။

မုန်တိုင်းရဲ့ လမ်းကြောင်းနဲ့ ဗဟိုဖိအား တူညီမှုအရ စက်တင်ဘာလ ၁၇ ရက်နေ့မှာ ဂျပန်ကို ဝင်ရောက်လာတဲ့ Nanmadol ဟာ ကာဂိုရှီးမား ပင်လယ်အော်မှာ ပင်လယ်ရေ အမြင့်ပေ ၆ ဒသမ ၆ ပေ (၂ မီတာ) ကျော် တိုးလာနိုင်ကြောင်းလည်း ပညာရှင်များက ခန့်မှန်းထားပါတယ်။

Nanmadol ဟာ မနေ့က (စက်တင်ဘာ ၂၀) မှာ တိုကျိုမြို့သို့ ရောက်ရှိမှာဖြစ်ပြီး၊ ထို့နောက် ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၂၁) မှာ ပင်လယ်ပြင်သို့ ပြန်မထွက်ခွာမီ ဟွန်ရှူးကျွန်း အရှေ့ဘက်သို့ ဆက်လက်ရောက်ရှိမယ်လို့ ခန့်မှန်းထားကြောင်း Al Jazeera က ဖော်ပြခဲ့ပါတယ်။

Knight News Team

Crd