ရွှေဆိုင်တွေရဲ့ ရွှေအဝင်အထွက်နဲ့ ရွှေဈေးကွက်ကို ထိန်းချုပ်မည်၊ ‌‌ရွှေစျေး တက်နေ

ရွှေဆိုင်တွေရဲ့ ရွှေအဝင်အထွက်နဲ့ ရွှေဈေးကွက်ကို ထိန်းချုပ်နိုင်ဖို့ သတ္တုရွှေလိုင်စင်အသစ် ထုတ်ပေးသွားဖို့ရှိတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က အခုလို ပြောပါတယ်။

“ရွှေနဲ့ပတ်သက်တာတွေကို နောက်ပိုင်းထွေ အုပ်က ကိုင်တယ်။ သူတို့ရွှေနဲ့ပတ်သက်တဲ့ သတ္တုရွှေလိုင်စင်တခုပေးမယ်ပေါ့။ လိုင်စင်က ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ သင်တန်းတက်ထားတဲ့ ရွှေဆိုင်တွေကိုထုတ်ပေးမှာ။ အဓိကက ဈေးကွက်ငြိမ်အောင် ရောင်းတဲ့ ဝယ်တဲ့ ဈေးနှုန်းကိုထိန်းချင်တာရယ် ရွှေဆိုင်တွေရဲ့ အဝင်အထွက် စာရင်းဇယားကို ထိန်းချင်တာကြောင့်ပါပဲ။ ရွှေဆိုင်လိုင်စင်ကို မြို့တော်စည်ပင်ကပေးမယ်။ သတ္တုရွှေလိုင်စင်ကို ထွေအုပ်ကပေးမယ်”

သတ္တုရွှေလိုင်စင်အသစ်ကို သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပေးသွားမှာဖြစ်ပြီး လိုင်စင်တွေရဲ့သက်တမ်းကိုတစ်နှစ် သတ်မှတ်ထားကာ လက်ရှိ ရွှေဈေးကစားနေတဲ့အဖွဲ့တွေကို ရွှေမရောင်းမိစေဖို့ ဆိုင်တွေကို သင်တန်းပေးနေတယ်လို့ သိရပါတယ်။

“အခွန်က တစ်နှစ်တစ်ကြိမ် ဆောင်ရတာဖြစ်လို့ အခွန်ကိုအဓိကထားပြီး လိုင်စင်ကို တစ်နှစ်တစ်ကြိမ် သက်တမ်းသတ်မှတ်တာပါ။ စတင်လျှောက်ထားတဲ့ဆိုင်တွေတော့ရှိနေပါပြီ။ ရွှေရောင်းချတဲ့အခါမှာ ငွေကြေးခဝါချတဲ့အဖွဲ့တို့ နယ်စပ်ဖြတ်ကျော်တဲ့အဖွဲ့ ဈေးကစားတဲ့အဖွဲ့ အဲ့ဒါတွေကို မရောင်းမိစေဖို့ အခုသင်တန်းတွေပေးနေတယ်” လို့ ရန်ကုန်ရွှေအသင်း ဥက္ကဌ ဦးမျိုးမြင့်က ပြောပါတယ်။

၂၀၂၃ ခုနှစ်အစမှာ တရုတ်နှစ်သစ်ကူးကာလကြောင့် ကမ္ဘာ့ရွှေဈေးက အတက်ဘက်ကိုရောက်ရှိလာတဲ့အတွက် ပြည်တွင်းရွှေဈေးနှုန်းပါ လိုက်တက်လာခဲ့ပြီး အရောင်းအဝယ်ကတော့ ပုံမှန်အတိုင်းရှိတယ်လို့ ရွှေဈေးကွက်ကနေ သိရပါတယ်။

သို့သော် နောက်ပိုင်း ဈေးပြန်ကျသွားနိုင်တယ်လို့ ရွှေအသင်းက သုံသပ်ပါတယ်။

လက်ရှိ ပြင်ပရွှေဈေးကွက်မှာတော့ အခေါက်ရွှေတစ်ကျပ်သားကို ၂၇ သိန်း ၃ သောင်းဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။

Crd