ရုရှားမှ တင်သွင်းသည့် ဆီ တန်ချိန် (၃၀၀၀၀) ရောက်ရှိ၊ အများပြည်သူအား ရောင်းချရန် မဟုတ်

News Social News

“ရုရှားနိုင်ငံမှ တင်သွင်းသည့် စက်သုံးဆီ တန်ချိန် (၃၀၀၀၀) ရောက်ရှိ၊ အများပြည်သူအား ရောင်းချရန် မဟုတ်” ဟုဆို..

ရုရှားနိုင်ငံမှ ဝယ်ယူတင်သွင်းခဲ့သည့် စက်သုံးဆီ တန် (၃၀၀၀၀) မှာ စက်တင်ဘာ ၄ ရက်နေ့က ရောက်ရှိပြီ ဖြစ်သော်လည်း အများပြည်သူထံရောင်းချရန် မဟုတ်ခဲ့ကြောင်း စကစရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ဝါဒဖြန့် မီဒီယာမှ တဆင့် ဝန်ခံပြောကြားခဲ့သည်။

အဆိုပါ စက်သုံးဆီရောက်ရှိမှုမှာ ပထမအသုတ် ရောက်ရှိခြင်းဖြစ်ပြီး သတင်းဖုံးကွယ်ထားကာ စကစ လက်အောက်ခံ ဌာနဆိုင်ရာများကို ဦးစားပေးရောင်းချခဲ့ကြောင်းနှင့် ထပ်မံဝင်ရောက်မည့် စက်သုံးဆီအား စက်သုံးဆီကုမ္ပဏီများကို ရောင်းချပေးရန်ရှိကြောင်း သိရသည်။

“အခုအချိန်ထိလည်း ရုရှားဆီစျေးကွက်အခြေအနေကို စကစ အနေနဲ့ ပွင့်ပွင့်လင်းလင်းပြောတာ မရှိသေးဘူး။ ရောက်လာတယ်ဆိုတာလည်း ခိုးကြောင်ခိုးဝှက်နဲ့။ အခု သတင်းတွေမှာပါမှ ရောက်နေပြီဆိုတာသိရတာ” ဟု စက်သုံးဆီအရောင်းဆိုင်ရှင်တစ်ဦးကပြောသည်။

ရုရှားနိုင်ငံထံမှ စက်သုံးဆီဝယ်ယူသိုလှောင်ဖြန့်ဖြူးရေးဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်တွင် သိုလှောင်ထားသော စက်သုံးဆီများအား တပ်မတော်နှင့် ဝန်ကြီးဌာနအဖွဲ့အစည်းများအား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရန်ဟုသာ ဖော်ပြထားပြီး အများပြည်သူအား ရောင်းချပေးရန်ဟူ၍ ဖော်ပြထားခြင်းမရှိရာ ၎င်းတို့အကျိုးစီးပွါး အတွက်သာ ဦးစားပေး တင်သွင်းခြင်း ဖြစ်သည်။

စကစ အနေဖြင့် ရုရှားထံမှ နောက်ထပ်စက်သုံးဆီများ ထပ်မံရောက်ရှိရန်ရှိသည်ဟု ဆိုသော်လည်း ဝယ်ယူသည့်ပမာဏနှင့် စျေးနှုန်းကိုမူ ထုတ်ဖော်ပြောကြားထားခြင်းမရှိပေ။

သို့သော် ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူနိုင်ခြင်းကြောင့် ပြည်တွင်းစက်သုံးဆီစျေးနှုန်း ကျဆင်းကာ ကုန်စည်လည်ပတ်မှု အထောက်အကူပြုစေမည်ဟု ဝါဒဖြန့် ကြွေးကြော်ခဲ့သော်လည်း အထင်နှင့် အမြင်မှာ တခြားစီ ဖြစ်နေခဲ့သည်။

လက်ရှိ ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ ရန်ကုန်မြို့ရှိ ဆိုင်များ၌ အောက်တိန်း 92 တစ်လီတာလျှင် ၂၃၆၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၂၄၇၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၉၉၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၃၀၇၅ ကျပ်ဖြင့် အမြင့်စျေးတွင် ရှိနေဆဲဖြစ်သည်။

ကမ္ဘာ့ရေနံစိမ်းစျေးမှာ တစ်စည်လျှင် ၈၆ ဒေါ်လာရှိပြီး အကျဖက် ဦးတည်နေကြောင်း ကမ္ဘာ့စျေးကွက်သတင်းများအရ သိရသည်။ (LNK)

Crd