ရုရှားနိုင်ငံမှ ဆီများ ရောက်ရှိလာပြီးနောက် ပြည်တွင်း စက်သုံးဆီစျေး ထပ်မံမြင့်တက်

News Social News

ရုရှားနိုင်ငံမှ ဝယ်ယူထားသော စက်သုံးဆီများ ရောက်ရှိလာပြီးနောက် ပြည်တွင်းစက်သုံးဆီစျေးမှာ ထပ်မံမြင့်တက်လာကြောင်း စျေးကွက်အတွင်းမှ သိရသည်။

ယနေ့ ပြည်တွင်းစက်သုံးဆီစျေးမှာ ရန်ကုန်မြို့ရှိ အရောင်းဆိုင်များတွင် အောက်တိန်း 92 တစ်လီတာလျှင် ၂၄၈၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၂၅၇၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၃၀၆၅ ကျပ်နှင့် ပရီမံဒီဇယ် တစ်လီတာလျှင် ၃၁၅၀ ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း စျေးကွက်မှ သိရသည်။

အဆိုပါစျေးနှုန်းမှာ စက်တင်ဘာ ၁၂ ရက်ကထက် အောက်တိန်း 92 တစ်လီတာလျှင် ၁၂၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၁၀၅ ကျပ်နှင့် ဒီဇယ်ဆီ ၂ မျိုးမှာ တစ်လီတာ ၇၅ ကျပ်စီ မြင့်တက်သွားသည်။ ရုရှားနိုင်ငံမှ ဝယ်ယူထားသော စက်သုံးဆီရောက်ရှိပါက ပြည်တွင်းစက်သုံးဆီစျေး ကျဆင်းမည်ဟု စကစ က ဝါဒဖြန့်ခဲ့သော်လည်း လက်တွေ့တွင် ဆီစျေးမှာ ဆက်လက်မြင့်တက်မှု ရှိနေခြင်းဖြစ်သည်။

ထိုသို့ ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် စက်သုံးဆီတန်ချန် (၃၀၀၀၀) မှာ စက်တင်ဘာ ၄ ရက်နေ့ကတည်းက ရောက်ရှိနေခဲ့ပြီး ထိုသို့ရောက်ရှိသည့်အကြောင်းကို စကစ က ဖုံးကွယ်ထားကာ စက်တင်ဘာ ၁၂ ရက်မှ စကစရဲ့ ပြောခွင့်ရသူ ဇော်မင်းထွန်းက အတည်ပြုခဲ့သည်။

ထိုသို့ ရုရှားဆီရောက်ရှိနေပြီး စျေးကွက်အတွင်း ဖြန့်ဝေမှု မရှိခဲ့ဟုဆိုသည့် ၎င်း၏ပြောကြားချက်ကြောင့် ရက်အတန်ကြာ ငြိမ်နေသည့် ပြည်တွင်းစက်သုံးဆီစျေးမှာ ပြန်လည်မြင့်တက်သွားခဲ့ခြင်းဖြစ်သည်။

“ဆိုင်တွေကလည်း ရုရှားက ဆီတွေ ရောက်ရင် စျေးကျမယ်ဆိုလို့ စောင့်နေကြတာ။ နောက်တော့ရောက်လို့ရောက်မှန်းတောင် မသိလိုက်ကြဘူး။ အခု ထင်သလိုဖြစ်မလာဘဲ စျေးတောင် ပြန်တက်ကုန်တယ်” ဟု အလတ်စားစက်သုံးဆီ အရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။ ထိုသို့ ပြည်တွင်းစက်သုံးဆီစျေး ပြန်တက်သော်လည်း ကမ္ဘာ့ရေနံစိမ်းစျေးမှာ တစ်စည်လျှင် ၈၇ ဒေါ်လာခန့်ဖြင့် ရက်အတော်ကြာတည်ငြိမ်နေသည်။

ရုရှားနိုင်ငံမှ စက်သုံးဆီများ ဝယ်ယူသိုလှောင်ဖြန့်ဖြူးရေးအတွက် ဖွဲ့စည်းထား‌သော ဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်တွင် သိုလှောင်ထားသော စက်သုံးဆီများအား တပ်မတော်နှင့် ဝန်ကြီးဌာနအဖွဲ့အစည်းများအား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရန်ဟုသာ ဖော်ပြထားပြီး အများပြည်သူအား ရောင်းချပေးရန်ဟူ၍ ဖော်ပြထားခြင်းမရှိရာ ၎င်းတို့အကျိုးစီးပွါး အတွက်သာ ဦးစားပေး တင်သွင်းခဲ့ခြင်း ဖြစ်သည်။ (LNK)

Crd