ရုရှားတို့အတွက် ခက်ခဲတဲ့ စိန်ခေါ်မှု (သို့မဟုတ်) နေတိုးရဲ့ အစွမ်းထက်လက်နက်(၅)မျိုး

ရုရှားတို့အတွက် ခက်ခဲတဲ့ စိန်ခေါ်မှု (သို့မဟုတ်) နေတိုးရဲ့ အစွမ်းထက်လက်နက်(၅)မျိုး

နေတိုး (NATO)ကို မြောက်အတ္တလန်တစ်စစ်ရေးအဖွဲ့ဆိုတာ သိကြမှာပါ။ ဥရောပနိုင်ငံစုံအပြင် အမေရိကန်ကပါ အားဖြည့်ထားဝာာမို့ တောင့်တင်းခိုင်မာလှပါတယ်။

နေတိုးအဖွဲ့ရဲ့ အစွမ်းထက်လက်နက် အများကြီးထဲက အကောင်းဆုံး (၅) ခုကို ရွေးနုတ်တင်ပြလိုက်ပါတယ်။

(၁) ယူရိုဖိုက်တာ တိုင်ဖွန်း (Eurofighter Typhoon)

နေတိုးအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ယူကေ၊ ဂျာမဏီ၊ အီတလီ၊ စပိန်၊ ဩစတြီးယားတို့ဟာ ဒီ တိုင်းဖွန်း တိုက်လေယာဉ်တွေကို အဓိက အသုံးပြုလေ့ ရှိကြပါတယ်။

လျင်မြန်စွာ တိုက်စစ်ဆင်ကစားနိုင်အောင် အထူးပုံစံ ထုတ်လုပ်ထားပြီး အထူးသဖြင့် လေယာဉ်ချင်းတိုက်ခိုက်မှု (Dog Fight) အတွက် ရည်ရွယ်ထားပါတယ်။

ဒါပေမဲ့ ဝေဟင်မှ မြေပြင်တိုက်ခိုက်မှုအတွက်လည်း အသုံးဝင်ပါတယ်။ အသံထက် (၂) ဆမြန်တဲ့ တစ်နာရီကို ၁၃၂၀ မိုင်နှုန်း မောင်းနှင်ပျံသန်းနိုင်ပါတယ်။ စတုတ္ထအပေါင်းမျိုးဆက် (4th + Generation) တိုက်လေယာဉ် ဖြစ်ပါတယ်။

ဒီလေယာဉ်ကို လစ်ဗျားစစ်ပွဲတွေမှာ တွေ့ခဲ့ကြပြီးသား ဖြစ်ပါတယ်။ ၂၇ မီလီမီတာ စက်အမြောက်တပ်ဆင်ထားပြီး ဒုံးကျည်မျိုးစုံလည်း သယ်ဆောင်နိုင်ပါတယ်။ ရန်သူကို အဝေးမှ တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။ ဒါကို (Beyond Visual Range Combat Capabilities) လို့ ပြောရမှာပါ။

ကိုယ်ပျောက်စွမ်းရည်မရှိပေမဲ့ ရေဒါပုံရိပ် (Radar Cross-Section) က သေးငယ်လို့ ရေဒါမှာ အလွယ်တကူ သတိမထားမိနိုင်ပါဘူး။ ကောလဟာလတွေအရတော့ ယူကရိန်းပိုင်းလော့တွေဟာ ဒီလေယာဉ်တွေနဲ့ လေ့ကျင့်နေပြီလို့ ဆိုပါတယ်။

(၂) FV4034 Challenger 2

ဗြိတိသျှသုံးတင့်ကား ဖြစ်ပါတယ်။ တတိယမျိုးဆက် ပင်မတိုက်ပွဲဝင်တင့်ကား အမျိုးအစားပါ။ ယုံကြည်စိတ်ချရဆုံးလို့ ဆိုပါတယ်။

ဒီ Challenger 2 တင့်ကားဟာ ဘော့စနီးယား၊ ကိုဆိုဗိုနဲ့ အီရတ်စစ်ပွဲတွေမှာ အောင်မြင်မှုတွေ ပြသနိုင်ခဲ့ပါတယ်။ မကြာခင်မှာ ယူကရိန်းကို ပို့ဆောင်ပေးတော့မှာ ဖြစ်ပါတယ်။ညယူကရိန်းတင့်ကားတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးပြီးပါပြီတဲ့။

ဒီတင့်ကားရဲ့ အဓိကလက်နက်ကတော့ ၁၂၀ မမ အမြောက်ဖြစ်ပါတယ်။ ဒါ့အပြင် ၇.၆၂ မီလီမီတာစက်သေနတ်နဲ့ အားဖြည့်ထားပါတယ်။ သူက ရုရှားတင့်ကားအများစုထက် အလေးချိန်တော့ ပိုများပါတယ်။ ဒါပေမဲ့ ပိုကြောက်စရာကောင်းပြီး အသုံးဝင်ပါတယ်လို့ ဆိုပါတယ်။

(၃) Eurocopter Tiger

ပြင်သစ်၊ ဂျာမဏီနဲ့ စပိန်မှာသုံးနေတဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြစ်ပါတယ်။ ထုတ်လုပ်သူကတော့ Airbus (အဲယားဘတ်စ်)ကုမ္ပဏီ ဖြစ်ပါတယ်။

ပထမထုတ်လုပ်စဉ်က တင့်ကားချေမှုန်းရေးအတွက် ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဘက်စုံသုံး တိုက်ခိုက်ရေးရဟတ်ယာဉ်အဖြစ် မွမ်းမံထုတ်လုပ်ခဲ့ပါတယ်။ လက်ဟောင်းပုံစံကို ခေတ်မီနည်းစနစ်‌တွေ ထပ်မံဖြည်းတင်းလိုက်တာပါ။

ခေါင်းခန်းက Glass Cockpit အမျိုးအစားဖြစ်ပါတယ်။ ကိုယ်ပျောက်စွမ်းရည် (Stealth)ရှိပြီး လျှင်မြန်စွာလှုပ်ရှားစစ်ကစားနိုင်ပါတယ်။ Tiger တွေကို အာဖဂန်နစ္စတန်မှာ သုံးခဲ့ပါသေးတယ်။ လစ်ဗျားနဲ့မာလီမှာလည်း အောင်မြင်စွာ တိုက်ပွဲဝင်ခဲ့ပါတယ်။

ဒီရဟတ်ယာဉ်နဲ့ဆို ရုရှားတင့်ကားတွေကို အလွယ်တကူ ချေမှုန်းနိုင်ပါလိမ့်မယ်။ မျိုးကွဲအမျိုးမျိုးရှိသလို သယ်ဆောင်နိုင်တဲ့လက်နက်ဝန်ချိန်လည်း ကွာခြားပါတယ်။

(၄) Spike Missile

ဘယ်လ်ဂျီယမ်၊ ကနေဒါ၊ အက်စတိုးနီးယား၊ ဂျာမဏီ၊ ဂရိ၊ ဟန်ဂေရီ၊ အီတလီ၊ လတ်ဗီးယား၊ လစ်သူရေးနီးယား၊ နယ်သာလန်၊ ပိုလန်၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယား၊ ဆလိုဗေးနီးယား၊ စပိန်၊ ယူကေ၊ ယူအက်စ်စတဲ့နိုင်ငံတွေမှာ သုံနေတဲ့ ဒုံးစနစ်ဖြစ်ပါတယ်။

အစ္စရေးလုပ် လမ်းညွှန်ဒုံးကျည်ဖြစ်ပြီး တင့်ကားတွေ၊ ခြေလျင်တပ်ဖွဲ့တွေကို တိုက်ခိုက်ချေမှုန်းရာမှာ အသုံးတည့်ပါတယ်။ Fire and Forget System ဖြစ်လို့ ပစ်ပြီးရင် လှည့်ကြည့်စရာမလိုပါဘူးတဲ့။

တာတို၊ တာလတ်၊ တာဝေးပစ် အမျိုးမျိုးရှိတဲ့အပြင် ပိုဝေးတဲ့ပစ်မှတ်ကို ဆန့်ထုတ်ပစ်ခတ်နိုင်ပါတယ်။ Extend Range Version ဆိုပြီး ထုတ်လုပ်တာပါ။ တချို့ဆို (၅) မိုင် အကွာအဝေးအထိ ပစ်ခတ်နိုင်ပါတယ်။

ဥရောပမှာတော့ ယူရိုစပိုက် (Eurospike) လို့ ခေါ်ပါတယ်။ ဂျာမဏီက ထုတ်လုပ်ပါတယ်။ ပစ်လွှတ်တဲ့ ပြွန် (Launcher)ဟာ ပြန်လည်အသုံးပြုလို့ရပြီး ပုခုံးထမ်း ပစ်ခတ်နိုင်တဲ့ (Man Portable) ဖြစ်ပါတယ်။

ဒီဒုံးဟာ ဂျက်ဗလင် (Javelin FGM-148) ကိုတောင် ယှဉ်နိုင်ပါတယ်လို့ ဆိုပါတယ်။ ဂျက်ဗလင်ကတော့ ယူကရိန်းမှာ အစွမ်းပြပြီးပါပြီ။

(၅) Type 212A Submarine

ဂျာမဏီ၊ အီတလီသုံး ရေငုပ်သင်္ဘော ဖြစ်ပါတယ်။ ပုံစံထုတ် တည်ဆောက်သူကတော့ ဂျာမဏီ ဖြစ်ပါတယ်။ ဒီဇယ်အင်ဂျင်သုံး ရေငုပ်သင်္ဘောပါ။

ထပ်မံအားဖြည့်ထားတာကတော့ Air-Independent Propulsion စနစ်နဲ့ ဟိုက်ဒရိုဂျင် လောင်စာဆဲတွေ လောင်ကျွမ်းစေတဲ့ လောင်စာစနစ် ဖြစ်ပါတယ်။ Hydrogen Fuel Cell တွေ သုံးပါတယ်။

ဒီဇယ်အင်ဂျင်ကတော့ အရှိန်မြှင့်မောင်းနှင်ရာမှာသုံးပြီး AIP (Air-Independent Propulsion) ကတော့ ရေထဲငုပ်လျှိုးပြီး တိတ်တဆိတ်လှုပ်ရှားရာမှာ သုံးပါတယ်။ ဒါကြောင့် အသံဆူညံမှုကို လျော့ချနိုင်ပြီး ရန်သူက အလွယ်တကူ ထောက်လှမ်းဖို့ ခက်ပါတယ်။

ရေအောက်မှာ (၂၁)ရက်ကြာ ငုပ်လျှိုးနေနိုင်ပါတယ်။ လှုပ်ရှား အတက်အလက် အနည်းငယ်သာ ပါရှိပါတယ်။ သူဟာ ကိုယ်ပျောက်(Stealth)စွမ်းရည်လည်း ရှိပါတယ်။ ကိုယ်ထည်(၂) ခုတွဲ (Double Hull)ဖြစ်ပြီး သံမလိုက်နိုင်တဲ့သတ္တု (Non-magnetic Metal) နဲ့ တည်ဆောက်ထားပါတယ်။

ကင်းထောက်ခြင်း၊ သင်္ဘောတွေကို ခြေရာခံခြင်းတို့ ကောင်းစွာ ပြုလုပ်နိုင်ပါတယ်။ တော်ပီဒိုအပြင် သင်္ဘောဖျက်ဒုံးကျည်တွေ၊ ရေမြှုပ်မိုင်းတွေပါ သယ်ဆောင်နိုင်ပါတယ်။ ကမ်းရိုးတန်းပစ်မှတ်တွေကိုလည်း ပစ်ခတ်ချေမှုန်းနိုင်ပါတယ်။

ကဲ ဒီလက်နက် (၅) မျိုးသာ ယူကရိန်းလက်ထဲရောက်သွားခဲ့ရင်တော့ စစ်ပွဲဟာ အဖြေမြန်မြန်ထွက်ပေါ်လာမှာ မလွှဲဧကန်ပါပဲလို့ တင်ပြလိုက်ရပါတယ်။

Knight News Team

Knight News © 2022

Crd