ရန်ကုန် ကမာရွတ်မြို့နယ်မှာရှိတဲ့ စိတ်ဝင်စားဖွယ်ရာ ဆင်ရေတွင်းမှတ်တိုင် အကြောင်း














ရန်ကုန် ကမာရွတ်မြို့နယ်မှာရှိတဲ့ စိတ်ဝင်စားဖွယ်ရာ ဆင်ရေတွင်းမှတ်တိုင် အကြောင်း..

ကမာရွတ်မြို့နယ်ဟာ ရှေးမွန်ဘုရင်များလက်ထက်အခါက ဒဂုန်မြို့နယ် လက်အောက်မှာရှိတဲ့ ကျေးရွာကြီးတစ်ရွာဖြစ်တယ်လို့ သိရပါတယ်။ ကုန်းဘောင်ခေတ်အထိ ကျေးရွာကြီးတစ်ရွာအဖြစ်ဆက်ရှိခဲ့ပြီး အင်္ဂလိပ် – မြန်မာ ပထမစစ်ပွဲကာလအတွင်းကလည်း ကမာရွတ်ခံတပ်တိုက်ပွဲ ပေါ်ပေါက်လာခဲ့ဖူးပါတယ်။

ကမာရွတ်မြို့နယ်က က္မာရတ်ဟူတဲ့ မွန်ဝေါဟာရကနေ ဆင်းသက်လာတာဖြစ်ပြီး မွန်ဘာသာအရ က္မာ – ရေလှောင်ကန် ၊ ရတ် – ရတနာ စကားလုံးနှစ်လုံးပေါင်းစပ် အဓိပ္ပါယ် ရတာနာကန်ဟု အဓိပ္ပါယ်ရကြောင်းသိရပါတယ်။ အင်းလျားကန်ကို ဆိုလိုခြင်းဖြစ်ပြီး အင်းလျားကန်နားက ရပ်ကွက်ကို ကမာရွတ်ဟုခေါ်ဆိုခြင်းဖြစ်တယ်လို့ သိရပါတယ်။

အခုကမာရွတ်မြို့နယ်ထဲက ဆင်ရေတွင်းမှတ်တိုင်ဟာလည်း လူတော်တော်များများ မသိကြသေးတဲ့ လျို့ဝှက်ချက်တစ်ခု ရှိလို့နေပါတယ်။ ဆင်ရေတွင်းမှတ်တိုင်ကနေ အတွင်းထဲကိုဝင်ပြီး ဆက်သွားလိုက်ရင် လမ်းသွယ် (၂) လမ်းထဲမှာ ဆင်ရုပ်လေးနဲ့ ရေတွင်းလေးတစ်ခုရှိနေပါတယ်။ ဆင်ရုပ်ရေတွင်းကို အမှီပြုပြီး ဆင်ရေတွင်းမှတ်တိုင်လို့ ခေါ်ဝေါ်ထားတာဖြစ်တယ်လို့ လေ့လာတွေ့ရှိထားသူ လူငယ်ရဲ့ ပြောဆိုချက်အရသိရပါတယ်။

ဆင်ရုပ်လေးရဲ့အောက်မှာ ရေတွင်းငယ်လေးရှိနေပြီး သောက်ရေအတွက် အသုံးပြုကြတယ်လို့ သိရပြီး ဆင်ရုပ်ဘေးမှာတော့ သုံးရေအတွက်ရေတွင်းကြီး ရှိနေပါတယ်။ ဘယ်တော့မှ မခမ်းခြောက်တဲ့ ရေတွင်းဖြစ်ပြီး ဟိုးရှေးနှစ်ပေါင်းများစွာကတည်းက အနီးနားစပ်ကရွာတွေအားထား အသုံးပြုခဲ့ကြတဲ့ ရေတွင်းဖြစ်တယ်လို့ သိရပါတယ်။

ကမာရွတ်မြို့နယ်ကလည်း အင်းလျားကန်နဲ့ စပ်ဆက်မှုရှိနေတယ်ဆိုတော့ ဒီဆင်ရေတွင်းကလည်း အောက်ခြေမှာ အင်းလျားကန်ရေကြောနဲ့ ချိတ်ဆက်မိနေတာလား။ ဒါမှမဟုတ် အခြားရေကြော တစ်ခုခုရှိ နေတာလားဆိုတာကိုတော့ တော်တော်စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ ဆင်ရေတွင်းမှတ်တိုင်ရောက်ရင် သွားလေ့လာကြည့်သင့်ပါတယ်။

ရှေးခေတ်မြန်မာပုံရိပ်များမှ (Sai Min Thant)


1








Crd