ရန်ကုန်မြို့မှာ ရှေးအကျဆုံးလမ်းတွေထဲက တခုဖြစ်တဲ့ ရှပ်ဖရဇ် (Shafraz) လမ်း

ရှပ်ဖရဇ် (Shafraz) လမ်းပါ။ ရန်ကုန်မြို့မှာ ရှေးအကျဆုံးလမ်းတွေထဲက တခုဖြစ်တယ်။ နဝတစစ်အစိုးရခေတ် ၁၉၉၀ နောက်ပိုင်း “ဘဏ်လမ်း” ပြောင်းခေါ်ခဲ့တယ်။ ကမ်းနားလမ်း အကောက်ခွန်ရုံးကြီးအနောက်ဘက်၊ ပင်စင်ဦးစီးဋ္ဌာန၊ ဘဏ် (၂) ဘဏ် (၄) များတည်ရှိရာ အရှေ့ – အနောက်လမ်းဖြစ်တယ်။ ဘဏ်လမ်းအရှေ့ဘက်က ပန်းဆိုးတန်း (အောက်ဘလောက်) ဖြစ်ပြီး ဘဏ်လမ်း အနောက်ဘက်က ဆူးလေဘုရားလမ်းပါ။

Mr.Shafraz ဟာ အာမေးနီးယန်းလူမျိုး ကန်ထရိုက်တဦး ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်း ကုန်စည်ဆိပ်ကမ်းရှင်းလင်းရေး (Custom Clearing) လုပ်ငန်းလုပ်ကိုင်ခဲ့ဟန်တူတယ်။ ဒါ့အပြင် Shafraz လမ်းထဲက ရန်ကုန်မြို့မှာအစောဆုံးဟိုတယ်တလုံးကို ပိုင်ဆိုင်ခဲ့တယ်လို့ ပြောကြတယ်။

ကန်ထရိုက်တာကြီး Mr.Shafraz ဟာ မြန်မာနိုင်ငံအောက်ပိုင်းကို သိမ်းပိုက်ထားတဲ့ အင်္ဂလိပ်ရဲ့ ရန်ကုန်မြို့ပြတည်ဆောက်ရေးကို အများကြီးအကူအညီပေးခဲ့ပါလိမ့်မယ်။ ဒါကြောင့် လမ်းနာမည်နဲ့ သူဂုဏ်ပြုခံခဲ့ရတာပါ။

ဓါတ်ပုံကဆူးလေဘုရားလမ်းကနေ Shafraz လမ်းဘက်ရိုက်ထားတာပါ။ ဘယ်ဘက်မှာအခု Yangon Stock Exchange (မဆလခေတ် ဗဟိုဘဏ်ဟောင်း) ရှိခဲ့ပြီး ညာဘက်မှာအခု Rose Wood Hill ဟိုတယ် (မဆလခေတ်စုပေါင်းတရားရုံး/ပုလိပ်မင်းကြီးရုံး) ရှိခဲ့ဖူးတယ်။

ပန်းဆိုးတန်း (အောက်) ကနေ Shafraz လမ်းကိုကြည့်ရင် ဘယ်ဘက်အဆောက်အဦး (ပေါင်းအိုးအမိုး) ဟာ ဒုတိယကမ္ဘာစစ်အတွင်းဗုံးကြဲလို့ တပိုင်းတစပျက်စီးနေတာ ဒီနေ့ခေတ်အထိမြင်နိုင်ပါသေးတယ်။ ပန်းဆိုးတန်းလမ်းဘက်ခြမ်းအဆောက်အဦးကို တရားမဆိုင်ရာတရားရုံးအဖြစ် ဖွင့်လှစ်ထားတယ်။ Shafraz လမ်းဘက်အခြမ်းမှာ ပင်စင်ဦးစီးဋ္ဌာနာရှိတယ်။ ပင်စင်ဦးစီးအနောက်ဘက်ကမ်းနားလမ်းမပေါ်မှာ အကောက်ခွန်ရုံးချုပ်ရှိတယ်။

ပန်းဆိုးတန်း (အောက်) ကကြည့်ရင် ညာဘက်အဆောက်အဦးမရှိတော့ဘူး။ အခု အစိုးရဘဏ် (၂) နဲ့ ဘဏ် (၄) ရှိကြတယ်။ အစိုးရဘဏ်(၂)အဆောက်အဦးက ဖဆပလခေတ်က Standard Charter ဘဏ်ဖြစ်ခဲ့တယ်။

တခုထူးဆန်းတာက “Shafraz Rd” ဆိုင်းဘုတ်အပြားက ဗုံးထိမှန်လို့ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အအုံနရံမှာ ဒီနေ့အထိရှိနေပါသေးတယ်။ ရန်ကုန်မြို့တော်စည်ပင်နဲ့ “ရန်ကုန်မြို့ပြအမွေအနှစ်ထိမ်းသိမ်းရေးအဖွဲ့” က Shafraz လမ်းဆိုင်းဘုတ်ကို အမှတ်တရထိမ်းသိမ်းစောင့်ရှောက်ထားတယ် ယူဆပါတယ်။ (လွင်ဦး)


2

Crd