ယနေ့ ဒေါ်လာစျေးနဲ့ ရွှေစျေး ပြန်တက်ပါပြီ၊ ကုန်စျေးနှုန်းတွေ ကျဖို့ လမ်းမမြင်တော့ပါ

News Social News

ယနေ့ ဒေါ်လာစျေးနဲ့ ရွှေစျေး ပြန်တက်ပါပြီ၊ ကုန်စျေးနှုန်းတွေ ကျဖို့ လမ်းမမြင်တော့ပါ..

ပြီးခဲ့တဲ့ရက်ပိုင်း ကျရိပ်ပြခဲ့တဲ့ ပြင်ပ ဒေါ်လာစျေးက ယနေ့ စက်တင်ဘာ ၁၅ ရက် နေ့လည် ၁ နာရီခွဲမှာ အနည်းငယ်ပြန်တက်လာပြီး တစ်ဒေါ်လာကို ၃၅၀၀ ကျပ်ဝန်းကျင် ပြန်ရောက်လာတယ်လို့ ပြင်ပနိုင်ငံခြားငွေကြေး လဲလှယ်သူတွေဆီက သိရပါတယ်။ ဒီနေ့နေလည် ၁ နာရီခွဲမှာ ပြင်ပစျေးကွက်ထဲ တစ်ဒေါ်လာကို ၃၄၀၀ ကနေ ၃၅၀၀ ကျပ်ကြား ကြိုက်ရောင်းကြိုက်ဝယ် အရောင်းအဝယ်မျိုး ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း စက်တင်ဘာ ၁၃ ရက်နေ့က ပြင်ပဒေါ်လာစျေးကွက်မှာ တစ်ဒေါ်လာကို ကျပ် ၃၃၀၀ ကနေ ၃၃၇၀ ကြားပြန်ကျခဲ့ပြီး စက်တင်ဘာ ၁၄ ရက်နေ့မှာ တစ်ဒေါ်လာကို ၃၂၀၀ ဝန်းကျင်ထိ ရောက်ခဲ့ပေမယ့် ဒီနေ့မှာတော့ စျေးအနည်းငယ်ပြန်တက်လာခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ပြင်ပဒေါ်လာစျေးကတည်ငြိမ်မှုရှိမနေဘဲ အချိန်နဲ့အမျှ ပြောင်းလဲမှုရှိကာ အခုရက်ပိုင်း အတက်အကျစျေး ကျပ် ၂၀၀ ကနေ ၃၀၀ ကြားမှာရှိနေတယ်လို့ သိရပါတယ်။

အလားတူ ယနေ့ စက်တင်ဘာ ၁၅ ရက် နံနက် ၁၁ နာရီခွဲ ပြင်ပရွှေစျေးကွက်ဖွင့်ချိန်မှာတော့ အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၃၀ ကျော် စျေးတန်းကို ပြန်တက်လာခဲ့တယ်လို့ ရန်ကုန်မြို့က ရွှေဆိုင်တွေဆီက သိရပါတယ်။

ယမန်နေ့ရွှေစျေးကွက်ဖွင့်ချိန်က အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၈ သိန်းကျော် ဝန်းကျင်မှာရှိခဲ့တဲ့ရွှေစျေးဟာ ၂၄ နာရီအတွင်း ၂ သိန်းနီးပါး ပြန်တက်ခဲ့ပြီး ဒီမနက်စျေးကွက်စဖွင့်ချိန် တစ်ကျပ်သားကို ကျပ် ၃၀၅၀၀၀၀ နဲ့ စျေးဖွင့်လာခဲ့တယ်လို့ သိရပါတယ်။

“မနေ့ကထက်ရွှေစျေးတက်ပါတယ်။ မနေ့က အဖွင့်စျေး ၂၈ သိန်းလောက်ရှိပေမယ့် နေ့လည်ပိုင်းကနေ စျေးကွက်ပိတ်ချိန်ထိဆို ၂၉ သိန်းကျော်သွားတယ်။ ဒီနေ့အဖွင့်စျေးကတော့ သိန်း ၃၀ ကျော်ကို ပြန်ရောက်ပြီး ၁၆ ပဲရည် ဆိုင်ရောင်းစျေး ၃၀၅၀၀၀၀ ကျပ်၊ ဆိုင်ပြန်ဝယ်စျေး သိန်း ၃၀ နဲ့ ၁၅ ပဲရည်က ၂၈ သိန်း ၇သောင်းကျော်မှာ အရောင်းအဝယ်လုပ်ပါတယ်” လို့ ရန်ကုန်မြို့မှ ရွှေဆိုင်တစ်ဆိုင်က ပြောပါတယ်။

စက်တင်ဘာလအတွင်း အခေါက်ရွှေစျေး ကျပ်သိန်း ၃၀ အထက်မှာပဲရှိခဲ့ပြီး သိန်း ၃၀ အောက်ရောက်ရှိတဲ့စျေးတန်းဟာ နာရီပိုင်းလောက်သာကြာပြီး ခဏအတွင်း စျေးနှုန်းပြန်တက်လာတဲ့အတွက် စျေးကွက်တည်ငြိမ်မှုမရှိသေးဘူးလို့ သိရပါတယ်။

လက်ရှိမှာဗဟိုဘဏ်အနေနဲ့ ရွှေစျေးကွက်တည်ငြိမ်အောင်ထိန်းနိုင်ဖို့ ရွှေတုံးရွှေခဲတွေကို ဘဏ်စနစ်နဲ့သာ ငွေပေးချေပြီး အရောင်းအဝယ်လုပ်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ (MP)

Crd