■မွေးမြူရေးလုပ်တဲ့ ခြံအိမ်ကျယ်ကြီးမှာပြန်နေခဲ့တဲ့ George W Bush

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■မွေးမြူရေးလုပ်တဲ့ ခြံအိမ်ကျယ်ကြီးမှာပြန်နေခဲ့တဲ့ George W Bush

George W Bush ကတော့ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ သမ္မတ တစ်ဦးဖြစ်ပြီး သမိုင်းတစ်လျှောက် ပြည်သူတွေ ရဲ့ အများဆုံးထောက်ခံမှု ရခဲ့တာတွေလည်းရှိပြီး ထောက်ခံမှု အနည်းဆုံးလည်း ဖြစ်သွားခဲ့ဖူးပါတယ်။ နိုင်ငံအုတ်မြစ်အတွက် စွမ်းစွမ်းတမံ လုပ်ဆောင်နိုင်ခဲ့တာမျိုးမဟုတ်တဲ့အတွက် သမ္မတရာထူးကဆင်းပြီး Texas(တက်ဆက်စ်) မှာရှိတဲ့ ပါရိန် ချာပယ်(Prairie Chapel) လို့ခေါ်တဲ့ မွေးမြူရေးလုပ်တဲ့ ခြံအိမ်ကျယ်ကြီးကို ပြန်နေ ရတာလည်း လက်ခံလို့ရပါတယ်။

သူ့ရဲ့ခြံကြီးက ဝယ်ကိုမြို့ရဲ့ (Waco) အနောက်ဘက် ၂၅ မိုင်အကွာမှာရှိပြီး သူသမ္မတ တာဝန်ထမ်းဆောင်နေစဉ်တည်းက အရေးပါတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ Vladimir Putin (ဗလာဒီမာ ပူတင်)၊ ဆောဒီနိုင်ငံဘုရင် အပ်ဒူလာ(Abdullah)၊ အိန်ဂျယ်လာ မာကယ်(Angela Merkel)၊ တိုနီ ဘလဲ (Tony Blair)၊ စပိန်နိုင်ငံ ဘုရင် ဝဲ ကာလို့စ် (Juan Carlos) နဲ့ အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် အေရီရယ် ရှရွန် (Aerial Sharon) တို့အပြင် တခြားနိုင်ငံ့ခေါင်းဆောင်တွေလည်း လာလည်ခဲ့ကြပါတယ်။

သူ့ရဲ့တာဝန်ထမ်းဆောင်မှု ပြီးဆုံးချိန်မှာတော့ သူ့ရဲ့မွေးမြူရေး ခြံကျယ်ကြီးမှာ ပြန်နေပြီး အားအင်ဖြည့် အနားယူခဲ့ပါတယ်။ ၁၆၀၀ ဧက ကျယ်တဲ့ ခြံကြီးထဲမှာ မိုင်၄၀ စာ စက်ဘီးနဲ့ မြင်းစီးလမ်းကြောင်းလည်း ရှိပြီး အိမ်ရဲ့မျက်နှာစာဘက်မှာလည်း မြစ်လေးတစ်လျှောက် ၃ မိုင်စာနေရာလေးရှိပါသေးတယ်။ ဒါ့အပြင် ၂၂ ဧကကျယ်တဲ့ ဖန်တီးဆောက်လုပ်ထားတဲ့ ရေကန်ကြီးလည်း ရှိပါသေးတယ်။ ၁၇ပေကျော်နက်တဲ့ အဲ့ကန်ကြီးထဲမှာ သမ္မတ ဘုရှ် က ငါးလေးတွေတောင်ထည့်မွေးထားပါသေးတယ်။ ရေကန်က ရေပေါ်လှေနဲ့ သွားလာဖို့အတွက်လည်း သင့်တော်ပါတယ်။

အဲ့ခြံကြီးထဲမှာ သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်းလေးလည်းရှိပါတယ်။ စတုရန်းပေ လေးထောင်ကျယ်တဲ့ အိပ်ခန်းလေးခန်းပါအိမ်ကြီးဟာ အပြင်က ရှုခင်းလေးကို အလွယ်တကူ ခံစားနိုင်အောင် အောက်ကြမ်းပြင်ကနေ မျက်နှာကျက်အထိ ပြတင်းပေါက်ကို အပြည့်လုပ်ထားပြီး အခန်းတိုင်းမှာလည်း အပြင်ကို ကြည့်လို့ရတဲ့ ပြတင်းပေါက်တွေ အများကြီး ထည့်သွင်း ဆောက်လုပ်ထားတာပါ။

ဆင်ဝင်ပေါက် ဝရန်တာကိုလည်း ပတ်ပတ်လည်မှာ ၁၀ပေအကျယ်ရှိအောင်ထားထားပြီး မိုးရွာနေရင်တောင်မှ သူနဲ့သူ့မိသားစုဝရန်တာလေးမှာထိုင်ပြီး နားနေနိုင်အောင် သံဖြူအမိုးလေးအောက်မှာ လုံလုံခြုံခြုံဖြစ်အောင် ဆောက်လုပ်ထားပါတယ်။ အိမ်မကြီးအပြင် အိမ်ရဲ့ အနောက်တောင်ဘက်မှာ ဧည့်ရိပ်သာနဲ့ ကားဂိုဒေါင်တစ်ခုလည်း ရှိပါသေးတယ်။ သာမန်ခြံတွေထဲမှာ မတွေ့ရတဲ့ နောက်တစ်နေရာကတော့ ခြံထဲမှာ ဟယ်လီကော်ပတာ ဆင်းသက်ရပ်နားဖို့ လုပ်ထားတဲ့နေရာတောင်ရှိပါသေးတယ်နော်။
Ref:youtube
Trans:thegeektext