မြန်မာပြည်မှာ ပြေးဆွဲခဲ့တဲ့ လေယာဉ်များ

မြန်မာပြည်မှာ ပြေးဆွဲခဲ့တဲ့ လေယာဉ်များ

မြန်မာပြည် ခရီးသွားပို့‌ဆောင်ရေးမှာ လေယာဉ်တွေနဲ့ စတင်ပြေးဆွဲခဲ့တာက တွေ့ရသလောက် ဗိုလ်စင်္ကြာဖြစ်ပါတယ်။ သူက Air Burma အမည်နဲ့ ပြေးဆွဲခဲ့တာဖြစ်ပြီး Douglas DC-3 လေယာဉ်တွေနဲ့ပါ။

ဒီနောက်မှာတော့ ၁၉၄၈ ခုနှစ်မှာ UBA (Union of Burma Airways) ဆိုပြီး အစိုးရပိုင် လေကြောင်းလိုင်းကို စတင်တည်ထောင်ခဲ့ပါတယ်။

Dove

UBA ဟာ de-Havilland (ဒီဟာဗလန့်) ကုမ္ပဏီထုတ် Dove အမျိုးအစား လေယာဉ်ငယ် (၆)စီးနဲ့ စတင်ပြေးဆွဲခဲ့ပါတယ်။ Dove လေယာဉ်ဟာ ခရီးသည် (၁၁) ယောက်ဆံ့ပါတယ်။ မြန်မာလိုတော့ ရွှေဂျိုးဖြူလို့ နာမည်ပေးကြပါတယ်။

ဒါပေမဲ့ လေယာဉ်တွေမှာ Registration Mark လို့ခေါ်တဲ့ မှတ်ပုံတင် ရှိရပါတယ်။ ဒါကို XY- နဲ့ အက္ခရာသုံးလုံး နောက်ကအစဉ်လိုက် သတ်မှတ်ပေးပါတယ်။

အဲဒီလေယာဉ်တွေရဲ့ Registration က XY-ABS, XY-ABU, XY-AST စသဖြင့်ပေါ့။ (XY ဆိုတာက မြန်မာနိုင်ငံရဲ့ အမှတ်အသားပါ။ (ဥပမာ-မလေးဆို MH စသဖြင့်)

UBA ဟာ ၁၉၅၀ ခုနှစ်မှာ အမေရိကန်လုပ် Douglas DC-3 လေယာဉ် (၉)စီး ဝယ်ယူဖြည့်တင်းခဲ့ပါတယ်။ ကျနော်တို့ အခေါ်ကတော့ ဒါကိုတာ (Dakota) ပေါ့။

Douglas DC-3

နောက်ထပ် ဗိုလ်စင်္ကြာရဲ့ Air Burma က လေယာဉ် (၄)စီးကိုပါ သိမ်းဆည်းပြီး UBA ထဲ ပေါင်းထည့်လိုက်ပါတယ်။ လေယာဉ်အမျိုးအစားအလိုက် Registration XY-ACA, ACO, ACN စသဖြင့် မှည့်ခေါ်ပါတယ်။ ဒါကိုတာတွေဟာ အကြမ်းခံပြီး မာကျောသလို စိတ်ချရတဲ့ လေယာဉ်တွေပါ။

UBA ရွှေခေတ်ဟာ ဒီလောက်နဲ့ မရပ်သွားဘူး။ ၁၉၅၂ ခုနှစ်မှာ အင်္ဂလန် Miles ကုမ္ပဏီက မာရသွန်အမျိုးအစားလေယာဉ် (၃) စီး ထပ်ဝယ်ပြီး အင်အားဖြည့်တင်းပါတယ်။ မှတ်ပုံတင် – Registration ကတော့ XY-ACX နဲ့ ACY, ACZ တို့ ဖြစ်ပါတယ်။

ဒီ (၃) စီးမှာ တစ်စီးက မြောင်းမြမြို့အဆင်းမှာ ပျက်ကျခဲ့ပြီး ကျန် (၂)စီးကလည်း စိတ်မချရလို့ ရပ်နားသွားပါတယ်။ ဒီ မာရသွန်လေယာဉ်က အင်ဂျင် (၄) လုံးတပ်ပါ။ Vertical Stabilizer က (၃) ခု ပါပါတယ်။

မာရသွန်လေယာဉ်

ထုတ်လုပ်ပြီးကတည်းက ကမ္ဘာတစ်ဝှမ်း မကြာခဏ ပြဿနာတက်တဲ့လေယာဉ်ဖြစ်လို့ စောစောနားလိုက်ရပါတယ်။ လေယာဉ်ရဲ့ ဒီဇိုင်းပိုင်းမှာ ပြဿနာရှိတယ် ဆိုပါတယ်။

၁၉၅၆ ခုနှစ်မှာတော့ အင်္ဂလန်နိုင်ငံထုတ် Vickers Co ရဲ့ (Viscount) ဗိုင်းကောင့်လေယာဉ်(၃)စီး ဝယ်ယူခဲ့ပါတယ်။ ခရီးသည် (၄၈)ယောက် တင်ဆောင်နိုင်ပြီး အင်ဂျင်(၄)လုံးတပ် အမျိုးအစားပါ။

အင်ဂျင်ကို Roll-Royce ကုမ္ပဏီက ထုတ်လုပ်ပြီး Turboprop DART အင်ဂျင်တွေ ဖြစ်ပါတယ်။ Registration တွေကတော့ XY-ADF, XY-ADG နဲ့ XY-ADH တို့ ဖြစ်ပါတယ်။

Boeing 727

အဲဒီကာလမှာ ရန်ကုန်လေဆိပ်နဲ့ မြန်မာ့ လေကြောင်းလောကဟာ အရှေ့တောင်အာရှမှာ အကြီးကျယ်ဆုံး ဖြစ်ခဲ့ပါတယ်။

၁၉၆၃ ခုနှစ်မှာတော့ နယ်သာလန်နိုင်ငံထုတ် ဖော်ကာလေယာဉ် (Fokker F-27)တွေ ဝယ်ယူခဲ့ပါတယ်။ မူလ ဝယ်ယူစဉ်က (၃)စီးဖြစ်ပြီး နောက်ထပ် တစ်စီးပြီးတစ်စီး ဝယ်ယူခဲ့ပါတယ်။ စုစုပေါင်း ဖော်ကာ (၇) စီးအထိ ရောက်ရှိလာပါတယ်။

ထပ်မံပြီး နိုင်ငံတကာပြေးဆွဲရန် ဘိုင်းရင်းကုမ္ပဏီထုတ် Boeing 727-100 တစ်စီးကို ငှားရမ်းပြေးဆွဲရာမှ အပိုင်ဝယ်ယူလိုက်ပါတယ်။ သူကတော့ XY-ADR ဖြစ်ပါတယ်။

F27

ကနေဒါထုတ် de-Havilland ကုမ္ပဏီနဲ့ DHC-6 300-Series တွင်အော်တာ(Twin Otter) လေယာဉ်(၉)စီးကိုတော့ ၁၉၇၆ ခုနှစ်မှာ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီနှစ်မှာပဲ နယ်သာလန်နိုင်ငံ၊ ဖော်ကာကုမ္ပဏီမှာ F 28 ဂျက်လေယာဉ်(၃)စီး ဝယ်ယူခဲ့ပါတယ်။

F28 -1000 Series တွေဖြစ်ပြီး ခရီးသည် (၇၅)ယောက် တင်ဆောင်နိုင်ပါတယ်။ တွင်အော်တာတွေကတော့ ခရီးသည် (၁၉)ယောက် တင်ဆောင်နိုင်ပါတယ်။ တွင်အော်တာတွေရဲ့ Registration ကတော့ XY-AEA ကနေ XY-AEI အထိ နောက်ဆုံးအက္ခရာအစဉ်လိုက် ရှိပါတယ်။

F28 – 4000

၁၉၇၇ ခုနှစ်မှာတော့ F 28-4000 Series တစ်စီး ထပ်မံဝယ်ယူပြီး ခရီးသည် (၈၅)ယောက် တင်ဆောင်နိုင်ခဲ့ပါတယ်။ ထပ်မံပြီး F 28-400 (၃) စီးအထိ တိုးချဲ့ခဲ့ရာမှာတော့ Registration တွေကို ဖော်ပြရင် XY-ADW, XY-AGA, XY-AGH, XY-AGB တို့ ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်မှာတော့ ပြင်သစ်နိုင်ငံထုတ် ATR-42 နဲ့ ATR-72 လေယာဉ်များ ဝယ်ယူခဲ့ပြန်ပါတယ်။ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ ဘရာဇီးထုတ် Embraer E-190 (၂)စီး ငှားရမ်းပြေးဆွဲခဲ့တာ တွေ့ရပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ Boeing 737 တွေ ငှားရမ်းပြေးဆွဲတာ တွေ့ရပါတယ်။

boeing 737

အထက်က တင်ပြခဲ့တာတွေက UBA, BAC, MA နဲ့ နောက်ဆုံး MNA (Myanmar National Airlines) အထိ ပြေးဆွဲတာတွေ့ရတဲ့ လေယာဉ်အမျိုးအစားတွေပါ။

Airbus

အခြားကုမ္ပဏီတွေအနေနဲ့ မြန်မာပြည်မှာ ပြေးဆွဲတဲ့ လေယာဉ်တွေကတော့ ကွဲပြားတာဆိုလို့ Airbus A-319, Airbus A-320, Airbus A-321 တွေကို MAI, Asian Wing နဲ့ Golden Myanmar Airlines တွေမှာ တွေ့ခဲ့ရပြီး Air Mandalay မှာတော့ Embraer E-145 (၂) စီး တွေ့ခဲ့ဖူးပါကြောင်း တင်ပြလိုက်ရပါတယ်။

Credit – Sayar U Hlaing Bwa

Knight News Team

Knight News © 2022

Crd