မသင့်တော်တဲ့ နေရာတွေတက် ဓာတ်ပုံရိုက်ခဲ့တဲ့ နဂါးကိုယ်တော် အရေးယူခံရတော့မည်

မွန်ုပြည်နယ်၊ ကျိုက္ခမီ ဆုတောင်းပြည့် ရေလည် ဆံတော်ရှင် ဘုရား ဂန္ဓကုဋီတိုက် အတွင်း သင်္ကန်းဝတ်နဲ့ ဘုရားစင်ပေါ် ဓာတ်ပုံ တက်ရိုက်ခဲ့တဲ့ ကိုယ်တော်ကို အရေးယူမယ်လို့ ကျိုက္ခမီ ရေလည်ဘုရား ဂေါပကအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၇ ရက် နေ့လယ် ၁၂ နာရီ ၄ မိနစ် ဝန်းကျင်က သင်္ကန်းဝတ်နဲ့ ကိုယ်တော် တစ်ပါး ဘုရားစင်ပေါ်တက်ပြီး ဓာတ်ပုံရိုက်ကာ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ် တင်ခဲ့ပြီးနောက် ဝေဖန်မှုတွေ မြင့်တက်ခဲ့ရာက အရေးယူမယ်လို့ ဂေါပကအဖွဲ့က ကြုံးဝါး ထုတ်ပြန်ခဲ့တာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“လူတွေ မေ့လောက်မှ စပြီး အစပြန်ဖော်တယ်လို့ မြင်တယ်။ ရှင်းစရာရှိရင် အစောကြီးထဲက ရှင်းကြလေ။ ခုလို တစ်လခွဲကျော် အကြာမှထပြီး သတင်းထုတ်တာတော့ မဟုတ်သေးဘူးလို့ မြင်တယ်။ တစ်ခြား ဘာသာဝင်တွေ ခုလိုလုပ်ပြီး ပုံတင်လိုက်ရင် ဘယ်လိုဖြစ်မလဲ။ ဂေါပက အဖွဲ့ဝင်တွေ အစောကြီးထဲက ရှင်းရမယ့် ကိစ္စပါ” လို့ သူကပြောပါတယ်။

အဲ့ဒီ သင်္ကန်းဝတ်ကိုယ်တော်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းမှာ ကျိုက္ခမီရေလယ်ဘုရားကို တပည့် ဒကာတွေနဲ့ လာရောက်ခဲ့ပြီး ဘုရားကြီးရဲ့ ဂန္ဓကုဋီတိုက်အတွင်းကို ဘုရာဖူးတွေမရှိတဲ့အချိန်နဲ့ တာဝန်ကျဝန်ထမ်းတွေ ထမင်းစားနေချိန်မှာ မသမာတဲ့နည်းနဲ့ အခွင့်ကောင်းယူ ဝင်ရောက်ခဲ့ပြီး အခုလို ဓာတ်ပုံရိုက်ကူးခဲ့တာဖြစ်တယ်လို့ ဂေါပကအဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလို သာသနာ ညှိုးနွမ်းစေတဲ့ ရည်ရွယ်ချက်နဲ့ ဘုရားကြီးကို ဆွမ်းပန်းရေချမ်း ကပ်လှူထားတဲ့ အမြင့်ပေါ်ကို တက်ရောက်ခဲ့မှုကို ဘုရားကြီးရဲ့ သြဝါဒါစရိယဆရာတော်ကြီးတွေရဲ့ သြဝါဒတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားတာပါ။

အဆိုပါ ရဟန်းဟာ ကျိုက္ခမီရေလယ်ဘုရားတင်သာမကဘဲ အခြားသော မြို့တွေက ဘုရားတွေမှာလည်း အခုလို မတက်ရောက်အပ်တဲ့ နေရာတွေကို တက်ရောက်ဓာတ်ပုံရိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

သင်္ကန်းဝတ်နဲ့ ဓာတ်ပုံရိုက်ခဲ့တဲ့ ကိုယ်တော်ဟာ လူမှုကွန်ရက်ကို အရှင်ဝိစာရိန္ဒမထေရ် အမည်နဲ့ အသုံးပြုသူ ဖြစ်ပြီး သူရောက်ရှိခဲ့တဲ့ ဘုရားတွေပေါ်မှာလည်း အခုလို ဓာတ်ပုံတက်ရိုက်ထားတဲ့ ပုံတွေ တင်နေတဲ့ ကိုယ်တော် ဖြစ်တယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။

Crd