ပင်လယ်ကမ်းခြေတွေမှာ လူတွေကိုဒုက္ခပေးလေ့ရှိတဲ့ ငါးမန်းအသေးစားလေးများ

News Social News

ပင်လယ်ကမ်းခြေတွေမှာ လူတွေကိုဒုက္ခပေးလေ့ရှိတဲ့ ငါးမန်းအသေးစားလေးများ

လတ်တလောရဲ့ ကမ္ဘာတစ်ဝှမ်းက မီဒီယာခေါင်းစီးပိုင်းတွေမှာတော့ ဒီငါးမန်းအသေးစားလေးတွေက နေရာယူထားပါတယ်။

ခြေထောက်တွေ အများကြီး ပိုင်ဆိုင်ထားတဲ့ ဒီပိုးမွှားတွေဟာ လူတွေကို ကြီးမားစွာ ဒုက္ခရောက်ပေးနိုင်စွမ်း ရှိနေပါတယ်။

ကယ်လီဖိုးနီးယား တောင်ပိုင်းရှိ ကမ်းခြေသွားသူများဟာ သူတို့ရဲ့ ခြေထောက်တွေမှာ ဒဏ်ရာတွေဖြစ်ပေါ်စေခဲ့တဲ့ ဒီသေးငယ်သော ငါးမန်းများလို့ တင်စားထားကြတဲ့ ပင်လယ်ပိုးကောင်များရဲ့ အစုအဝေးလိုက် တိုက်ခိုက်တာကို ခံစားနေရပါတယ်။

ပုစွန်ကဲ့သို့သော ပုစံမျိုးရှိတဲ့ သေးငယ်ကြမ်းတမ်းတဲ့ သတ္တဝါလေးတွေဟာ ကမ်းရိုးတန်းတစ်လျှောက် လျှောက်သွားနေကြတဲ့ ဒေသခံတွေရဲ့ ခြေဖဝါးများကို ကိုက်ပစ်လေ့ရှိပြီး ရေကူးသူတွေနဲ့ ဖြတ်သန်းသွားလာနေသူများကို နာကျင်စွာ ခံစားစေခဲ့ရကြောင်း ဒေသတွင်း သတင်းများက ဖော်ပြထားကြပါတယ်။

ဒီအကောင်လေးတွေက ဘာကောင်များဖြစ်မလဲ။ ဝါရှင်တန်ရှိ Walla Walla တက္ကသိုလ်ရဲ့ အဆိုအရ ဒီရေကိုက်ပိုးများကို ကျွမ်းကျင်သူများက ရေလိုင်း isopods (Excirolana chiltoni) အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

သူတို့ရဲ့ အရွယ်အစားမှာ အရှည် ၀ ဒသမ ၃ လက်မ (၀.၈ စင်တီမီတာ) သာ ရှိပေမဲ့ တစ်ခါသားပေါက်ရင် အကောင်ရေ တစ်ထောင်ကျော်အထိ ပေါက်ရောက်နိုင်ကြောင်း သိရပါတယ်။

သူတို့ရဲ့ နှုတ်သီးတွေဖြင့် လူ‌တွေရဲ့ခြေဖဝါးကို ကိုက်ပါတယ်။ သူတို့ရဲ့ အကိုက်ခံရပါက နာကျင်ကိုက်ခဲမှုကို ဖြစ်ပေါ်စေပြီး သွေးများကိုပင် ထွက်နိုင်ပါတယ်။

သို့သော်လည်း အသက်အန္တရာယ်စိုးရိမ်ရအထိ မဖြစ်ပေါ်စေကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့ (သြဂုတ် ၂၈) မှာတော့ San Diego အနီးရှိ ကမ်းခြေများမှာအကိုက်ခံရတဲ့ ဖြစ်ရပ်များကို သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

isopods များ အကိုက်ခံခဲ့ရတဲ့ ဒေသခံတစ်ဦးကလည်း သူမရဲ့ အတွေ့အကြုံကို “နာကျင်စရာ” နဲ့ “အံ့သြစရာ” လို့ ဖော်ပြခဲ့ပါတယ်။

အကိုက်ခံရသူရဲ့ ပြောကြားချက်အရ သူမရဲ့ ခြေဖဝါးနဲ့ ခြေချောင်းတွေကြားမှာ သွေးတွေထွက်နေခဲ့တယ်လို့ ဆိုလာခဲ့ပြီး အသားစား piranha လေးတွေ ကိုက်သလိုမျိုးပဲလို့ ဝေဒနာကို ဖော်ပြလာခဲ့ပါတယ်။

ဒါပေမဲ့ ခြေထောက်ကို ရေနဲ့ သေချာ ဆေးကြောအပြီးမှာတော့ ၁၅ မိနစ်ကနေ မိနစ် ၂၀ အတွင်း နာကျင်မှုတွေ သက်သာသွားခဲ့တယ်လို့ ဆိုပါတယ်။

အဏ္ဏဝါ၊ ရေချိုနဲ့ ကုန်းနေမျိုးစိတ် တစ်သောင်းကျော်ထဲမှာ ပါဝင်တဲ့ ပုစွန်ပုံစံ သေးငယ်သော အကောင်ငယ်လေးများကို ကယ်လီဖိုးနီးယား ကမ်းရိုးတန်းတစ်လျှောက်၊ အမေရိကန်နဲ့ ကနေဒါ အနောက်မြောက်ပိုင်း ပစိဖိတ်ဒေသရှိ ကမ်းခြေများမှာ တစ်နှစ်ပတ်လုံး တွေ့ရလေ့ရှိပါတယ်။

ဒီတိရစ္ဆာန်များ စုဝေးရာနေရာတိုင်းမှာ လူတွေကို အကိုက်ခံရစေနိုင်ပြီး ကိုက်ခံရတဲ့ဖြစ်ရပ်တွေဟာလည်း ဧရိယာတစ်ခုတည်းတွင် တစ်သမတ်တည်းဖြစ်ပွားလေ့မရှိပေမဲ့ တစ်ခါတစ်ရံမှာတော့ လတ်တလောကလိုမျိုး အကိုက်ခံရမှုများစွာ ဖြစ်ပွားလေ့ရှိပါတယ်။

ဥပမာအားဖြင့် ၁၉၉၃ ခုနှစ်မှာ ကယ်လီဖိုးနီးယားပြည်နယ်၊ Newport Beach အနီးမှာ ကိုက်ခဲတတ်တဲ့ crustaceans ဆိုတဲ့ အခွံမာရေနေသတ္တဝါ အရေအတွက် တိုးလာခဲ့ပြီး အကိုက်ခံရသူများ သိသိသာသာ တိုးလာခဲ့ဖူးပါတယ်။

အဲဒီတုန်းကလည်း အကိုက်ခံရတဲ့ အသက် ၂ နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် လူတွေအတော်အများ ပြင်းထန်တဲ့ ဝေဒနာတွေကို ခံစားခဲ့ဖူးတယ်လို့ လော့စ်အင်ဂျလိစ်တိုင်းမ်က ဖော်ပြခဲ့ဖူးပါတယ်။

ငါးမန်းအသေးစားများလို့ ခေါ်တဲ့ Isopods တွေကတော့ သူတို့ရဲ့ ဘဝအများစုကို သဲသောင်ပြင်များက ဒီရေကြောင်းတစ်လျှောက်က သဲများအောက်မှာ မြှုပ်နှံထားတတ်ကြပြီး များသောအားဖြင့် ဒီရေတက်ချိန် ရေတိမ်ပိုင်းမှာ သားပေါက်ခြင်းကို ပြုလုပ်တတ်ကြပါတယ်။

သူတို့တွေဟာ ငါးအသေ သို့မဟုတ် အခြားသော အဏ္ဏဝါ အသေကောင်များကို စားသောက်တတ်ကြတယ်လို့ Walla Walla တက္ကသိုလ်က ဖော်ပြထားခဲ့ပါတယ်။

ဒီအကောင်လေးတွေဟာ အချို့သော ငါးမွေးမြူရေးခြံများရဲ့ လှောင်ကန်များအတွင်း ပါရှိလာတတ်ပြီး ငါးတွေကို လျင်မြန်စွာ ကိုက်စားနိုင်မှုလည်း ရှိခဲ့ဖူးပါတယ်။ ငါးတွေ ကိုက်စားခံရမှုကို မတားဆီးလိုက်နိုင်တာကြောင့် ပြဿနာများစွာ ဖြစ်ပေါ်စေခဲ့ဖူးပါတယ်။

ကနေဒါနိုင်ငံ၊ British CColumbia ရဲ့ ဇီဝမျိုးကွဲများဆိုင်ရာ ဒစ်ဂျစ်တယ်နယ်ပယ်လမ်းညွှန်ဖြစ်တဲ့ Biodiversity of the Central Coast ရဲ့ ဝဘ်ဆိုက်မှာ ဖော်ပြထားချက်အရ ဒီငါးမန်းသေးလေးတွေဟာ သိပ္ပံနည်းကျ ရောဂါဗေဒ ပညာရှင်များအတွက် ပြဿနာများကို ဖန်တီးပေးနိုင်ပြီး ရေနစ်သေဆုံးသွားသူများရဲ့ ရုပ်အလောင်းများကိုလည်း စားသောက်ပစ်တာကြောင့် ကျွမ်းကျင်သူများကို ဖော်ထုတ်ရန်အတွက် အခက်ခဲတွေကိုလည်း ဖန်တီးနိုင်တယ်လို့ ဆိုထားခဲ့ပါတယ်။

လူတွေကတော့ isopod အကိုက်ခံရပါက သွေးထွက်နိုင်ပြီး နာရီပေါင်းများစွာအထိ နာကျင်နေနိုင်ပါတယ်။အသက်အန္တရာယ်တော့ မရှိပါဘူး။

ဒါပေမဲ့ တစ်ခါတစ်ရံ ကြီးမားတဲ့ isopods အစုအဝေးများကတော့ ပိုပြီးအန္တရာယ်ရှိတဲ့ အန္တရာယ်တွေကို ဆောင်ယူပေးလာနိုင်ပါတယ်။

၂၀၁၇ ခုနှစ်မှာတော့ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှ အသက် ၁၆ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ E. chiltoni နဲ့ နီးစပ်တဲ့ isopod Cirolana harfordi ရဲ့ အဆက်မပြတ် အကိုက်ခံရပြီးနောက် သတိလစ်ပြီး ဆေးရုံတင်ထားခဲ့ရဖူးကြောင်း BBC က ဖော်ပြထားခဲ့ဖူးပါတယ်။

ဆယ်ကျော်သက်ဟာ အကိုက်ခံရတာကို အစပိုင်းမှာ သတိမထားမိခဲ့ဘဲ ထောင်နှင့်ချီပြီး အကိုက်ခံရခြင်းများကို ဆက်တိုက်ခံစားလာရချိန်မှာတော့ ဆေးထိုးအပ်တွေနဲ့ ဆက်တိုက် ထိုးနေခဲ့သလိုပဲလို့ သူ့ရဲ့ဝေဒနာကို သတိမလစ်ခင်မှာ ဖော်ပြထားခဲ့ပါတယ်။

နောက်ဆုံး ရေထဲမှ ထွက်လာပြီးနောက် ငါးမန်းသေးလေးများဟာ သူ့ခြေဖဝါးမှ အရေပြား အကွက်များကို စုတ်ပြဲသွားစေတဲ့အထိ စားသုံးလိုက်ကြပြီး သွေးထွက်ခြင်းကို မြောက်များစွာ ဖြစ်ပေါ်စေခဲ့တာကြောင့် “စစ်ပွဲ ဒဏ်ရာတစ်ခုလို ဖြစ်နေပုံရတယ်” လို့ BBC က ဆိုခဲ့ပြီး ဒဏ်ရာတွေကြောင့် လူငယ်မှာလည်း သတိလစ်ခဲ့ရပါတယ်။

ကျွမ်းကျင်သူတွေကတော့ ဒီကောင်တွေ အကိုက်ခံရချိန်မှာ ရေထဲမှထွက်ပြီး သင့်ခြေထောက်ကို စုပ်တွယ်ထားဆဲဖြစ်ပါက isopods များကို ဖယ်ရှားလိုက်ပါလို့ အကြံပြုထားကြပါတယ်။

ရွေ့လျားခြင်းဖြင့်လည်း isopods များ ပြန့်ကျဲသွားအောင် ပြုလုပ်နိုင်သော်လည်း အကိုက်မခံရဖို့ သေချာစေတဲ့ တစ်ခုတည်းသောနည်းလမ်းမှာတော့ ရေထဲကနေ တက်လာဖို့သာဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။

Knight News Team

Crd