တကောရဲ့ကျူးကျော်နိုင်ခြေကိုတားဆီးမယ့်ထိုင်ဝမ်ရေငုပ်သင်္ဘောသစ်များ

Militarily News

တရုတ်ရဲ့ကျူးကျော်နိုင်ခြေကိုတားဆီးမယ့်ထိုင်ဝမ်ရေငုပ်သင်္ဘောသစ်များ

(၁)
မကြာခင်က မြန်မာနိုင်ငံကို အိန္ဒိယက လက်ဆောင်ပေးတယ် ဆိုတဲ့ ရုရှားလုပ် ကီလို ရေငုပ် သင်္ဘောဟောင်း သတင်းက အတော် ဂယက်ထခဲ့တယ်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ် အပါအဝင် အိမ်နီးချင်း နိုင်ငံတချို့ ကြားမှာပါ လှုပ်လှုပ်ခတ်ခတ် ဖြစ်ပြီး ဝေဖန် ငြင်းခုန်မှု တချို့လည်း ထွက်ခဲ့တယ်။ မာစီးဒီး အဟောင်းနဲ့ ထော်လာဂျီ အသစ်လို့ တင်စားနှိုင်းယှဉ် ပြောဆိုသံလည်း ထွက်ခဲ့သေးတယ်။ အဓိကအားဖြင့်တော့ ရေငုပ် သင်္ဘောဆိုတာ ရေအောက်မှာ ခြေလုံလက်လုံ လှုပ်ရှားနိုင်ပြီး အထူးသဖြင့် ပင်လယ်ပြင် စိုးမိုးရေးမှာ ခံစစ်အတွက်ကော ထိုးစစ်အတွက်ပါ အသုံးတည့်တဲ့ လက်နက် ယန္တရား တစ်ခု ဖြစ်တာကြောင့် သူ့ကိုပိုင်တာ မပိုင်တာဟာ အရေးပါလို့ပါပဲ။
အခုအခါ စစ်အင်အား ကောင်းလှတဲ့ တရုတ် ပြည်မကြီးက ကျူးကျော်မှာကို စိုးရိမ် နေရတဲ့ ထိုင်ဝမ်ရဲ့ ရေငုပ် သင်္ဘောသစ် စီမံကိန်းကလည်း နိုင်ငံတကာ စစ်ရေး ကျွမ်းကျင်သူတွေ၊ အကဲခတ်တွေ အကြား အာရုံစိုက်စရာ ဖြစ်နေပါတယ်။ ထိုင်ဝမ်မှာ ရေငုပ်သင်္ဘော လေးစင်း ရှိပြီးသားပါ။ ဒတ်ချ်နဲ့ အမေရိကန်လုပ် အဲဒီ ရေငုပ်သင်္ဘောတွေက အတော်ကို ဟောင်းနွမ်းနေပြီး အမေရိကန်လုပ် နှစ်စင်းဆိုရင် ဒုတိယကမ္ဘာစစ် ပုံစံတွေပါ။ အခုတော့ အဲဒီနေရာမှာ ပြည်တွင်းဖြစ် ရေငုပ်သင်္ဘော ရှစ်စင်းနဲ့ အစားထိုးဖို့ ဆုံးဖြတ်လိုက်ပြီး ပထမဆုံး အစင်းကို နိုဝင်ဘာမှာ စတင် တည်ဆောက်ခဲ့ပါတယ်။ တောင်ပိုင်း ဆိပ်ကမ်းမြို့ Kaohsiung မှာ တည်ဆောက်နေပြီး ၂၀၂၅ မှာ ပင်လယ်ထဲ စတင် ခုတ်မောင်းနိုင်ဖို့ မျှော်လင့်ရပါတယ်။

ထိုင်ဝမ်ရဲ့ ခိုင်မာတဲ့ ဆန္ဒအား ကမ္ဘာကို ထုတ်ဖော်ပြသတဲ့ သမိုင်းမှတ်တိုင် တစ်ခုလို့ ရေငုပ်သင်္ဘော စတင် တည်ဆောက်တဲ့ အခမ်းအနားမှာ ထိုင်ဝမ် သမ္မတ ဆိုင်အန်းဝမ်က ပြောခဲ့ပါတယ်။ ထိုင်ဝမ်ရဲ့ အသစ်လွင်ဆုံး ရေငုပ်သင်္ဘော ရေယာဉ်စု စတင် တည်ဆောက်မှုကို နောက်ထပ် ကာကွယ်ရေး စွမ်းရည် မြှင့်တင်မှု တစ်ရပ်အဖြစ် ရှုမြင်ကြသလို ထိုင်ဝမ်ကို ကျူးကျော်ဖို့ ဒါမှမဟုတ် ရေတပ်နဲ့ ပိတ်ဆို့ဖို့ တရုတ် ပြည်မကြီးရဲ့ ဘယ်လို အကြံအစည်ကို မဆို ရှုပ်ထွေး သွားစေမယ့် ခြေလှမ်းလို့ ဆန်းစစ်သူတွေ ပြောကြပါတယ်။ ဂေါ်ဇီလာနဲ့ ဆိတ်လောက် ကွာခြားတဲ့ တရုတ်ကို ထိုင်ဝမ်က ဘယ်လို ဟန့်တားနိုင်ခြေ ရှိသလဲလို့ နိုင်ငံတကာ အကဲခတ်တွေ အပြောကို လေ့လာကြည့်ပါစို့။

(၂)
တရုတ်ပြည်မကြီး အရှေ့တောင်ဘက် ကမ်းလွန်မှာ တည်ရှိပြီး လူဦးရေ ၂၄ သန်းလောက် နေတဲ့၊ ဒီမိုကရေစီ စနစ်နဲ့ လည်ပတ်တဲ့ ကျွန်းနိုင်ငံလေးကို သူတို့က အပြည့်အဝ ပိုင်ဆိုင်တယ်လို့ တရုတ် အစိုးရက ထုတ်ပြန်ထားပါတယ်။ နှစ် ၇၀ ကျော်ကြာ သီးခြားစီ ကွဲပြားတဲ့ စနစ်နဲ့ နိုင်ငံတည်ထောင် ခဲ့ကြပေမယ့် ပြည်မကြီးမှာ တရုတ် ကွန်မြူနစ်ကို စစ်ရှုံးလို့ ထွက်ပြေးသွားပြီး သီးခြားနိုင်ငံ ထူထောင်နေတဲ့ တရုတ်ဖြူလို့ ခေါ်ခဲ့တဲ့ ထိုင်ဝမ်ဟာ သူတို့ လက်အောက်ခံသာ ဖြစ်တယ်လို့ ကြေညာထားတာပါ။
လက်ရှိ တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်ကို သီးခြား လွတ်လပ်တဲ့ နိုင်ငံအဖြစ် ဘယ်တော့မှ အရောက် မခံဘူးလို့ ကတိပြုထားပြီး လိုအပ်ရင် အင်အားသုံးဖို့ ဝန်လေးမှာ မဟုတ်ဘူးလို့လည်း ပြောဆိုထားပါတယ်။ လက်ရှိ ထိုင်ဝမ်သမ္မတ ဆိုင်အန်းဝမ်ကလည်း အာရှတိုက်မှာ အာဏာရှင် ရန်လိုမှုကနေ ဒီမိုကရေစီကို ကာကွယ်ဖို့ ထိုင်ဝမ်က ဟန့်တားမှာ ဖြစ်တယ်လို့ တုံ့ပြန်ထား ပါတယ်။

လပေါင်းများစွာ အတွင်း တရုတ် ပြည်မကြီးဟာ ထိုင်ဝမ် လေကြောင်း ကာကွယ်ရေး စိစစ်မှုဇုန်ထဲ စစ်လေယာဉ်တွေ လွှတ်တာမျိုး၊ ကျွန်းနားကပ်ပြီး စစ်ရေး လေ့ကျင့်မှုတွေ တိုးလုပ်တာမျိုး ထိုင်ဝမ်ကို ခြိမ်းခြောက်တဲ့ လုပ်ရပ်တွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့ခြင်းနဲ့ စစ်ရေး ဖိအားပေးမှုတွေ တိုးမြှင့်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထိုင်ဝမ်ကို ကျူးကျော် သိမ်းပိုက်မယ်ဆိုရင် တရုတ်ဟာ ကျဉ်းမြောင်းလှတဲ့ ထိုင်ဝမ် ရေလက်ကြားကို ဖြတ်သန်းပြီး ကြည်း၊ ရေနှစ်ထွေ စစ်ဆင်ရေးတွေနဲ့ ကမ်းတက် တိုက်ခိုက်ရမှာပါ။ တရုတ်ရဲ့ဘယ်လို ကျူးကျော်ရေး ရေယာဉ်စုမဆို ပြည်မကြီးနဲ့ ထိုင်ဝမ်ကို နယ်နိမိတ်လို ပိုင်းခြားထားတဲ့ သိသိသာသာ ကျဉ်းမြောင်းတဲ့ ထိုင်ဝမ် ရေလက်ကြားကို မလွဲမသွေ ဖြတ်ရပါမယ်။ အဲဒီနေရာမှာ ထိုင်ဝမ်က ဖြန့်ချထားတဲ့ ခေတ်ဟောင်း ရေငုပ်သင်္ဘော လေးစင်း နေရာမှာ ရေငုပ်သင်္ဘောသစ်တွေ အစားထိုးလိုက်မယ် ဆိုတာဟာ အခြေအနေကို အတော်ကြီး ခြားနားသွားစေပါလိမ့်မယ်။

(၃)
ရေငုပ်သင်္ဘောတွေဟာ ကမ္ဘာကြီးရဲ့ ရှေ့ဆောင် အသံတိတ် လက်နက်ဆန်း တစ်မျိုး ဖြစ်နေဆဲပါ။ ဘယ်လို ရန်သူ ရေယာဉ်တန်းကို မဆို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။ ထိုင်ဝမ် ရေငုပ် သင်္ဘောသစ်တွေဟာ ဒီဇယ် – လျှပ်စစ်သုံးပဲ ဖြစ်မယ်လို့ မျှော်လင့်ရပေမယ့် ခေတ်သစ် နည်းပညာတွေကြောင့် ရေငုပ်ချိန်မှာ ကြာရှည် အသုံးခံတဲ့ လစ်သီယမ် ဘက်ထရီ သုံးပြီး အလွန့်အလွန် ဆိတ်ငြိမ်တဲ့ လျှပ်စစ်မော်တာတွေ သုံးပြီး မောင်းနှင်မှာပါ။ အမေရိကန် ရေတပ်မှာ သုံးပြီး တရုတ် ရေတပ်မှာလည်း အသုံးများလာနေတဲ့ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော ဘာလို့ မရွေးလဲလို့ မေးစရာရှိပါတယ်။ ဒီဇယ် – လျှပ်စစ် ရေငုပ်သင်္ဘောတွေက တည်ဆောက်ရ ပိုလွယ်ပြီး ကုန်ကျစရိတ် သက်သာပါတယ်။ ဒါ့အပြင် ရေငုပ်တဲ့အခါ နျူကလီးယား ဓာတ်ပေါင်းဖိုတွေထက် လျှပ်စစ်မော်တာ လည်ပတ်သံက ပိုတိုးပါတယ်။
တရုတ်ရဲ့ရေငုပ်သင်္ဘော တိုက်ဖျက်ရေး လက်နက်တွေက အားနည်းပြီး အသံလှိုင်းနဲ့ ထောက်လှမ်းမှုကလည်း ရေတိမ်ပိုင်းမှာ အလွန် ခက်ခဲလိမ့်မယ်၊ ဂျပန်နဲ့ အမေရိကန်သုံး ပိုခေတ်မီတဲ့ စနစ်တွေ အတွက်တောင် ခက်ခဲစေမယ့် အခြေအနေမျိုး ဖြစ်တယ်လို့ မက်ဆာချူးဆက် စက်မှု တက္ကသိုလ်က ရေငုပ်သင်္ဘော စစ်ဆင်ရေး လေ့လာသူ တွဲဖက် ညွန်ကြားရေးမှူး အိုဝင်ကိုတေးက ပြောပါတယ်။ ထိုင်ဝမ် ရေငုပ်သင်္ဘောတွေမှာ ဘယ်လောက်ကောင်းတဲ့ လက်နက်တွေ တပ်ဆင်မလဲ မသဲကွဲသေးပေမယ့် ၂၀၂၀ အစောပိုင်းမှာ အမေရိကန်ဟာ ထိုင်ဝမ်ကို အမှတ် ၄၈ တော်ပီဒိုတွေ ရောင်းချပေးဖို့ အတည်ပြုခဲ့ပါတယ်။ အကြီးစား စစ်သည်တင် ရေယာဉ် တစ်စင်းကို ခေတ်မီတဲ့ အမှတ် ၄၈ တော်ပီဒို တစ်စင်း ထိမှန်တာနဲ့ အဲဒီ ရေယာဉ်ပေါ်က ကမ်းတက်တပ်ရင်းဟာ ကျွန်းပေါ် မရောက်နိုင်တော့ပါဘူး၊ ဒါကြောင့် ဒီလို ကျဉ်းမြောင်းတဲ့ ရေလက်ကြားမှာ ရေငုပ်သင်္ဘော ကင်းရှင်းတယ်လို့ အာမ မခံနိုင်မခြင်း ဘယ်သူကမှ ကြည်းရေနှစ်ထွေ တိုက်ခိုက်ရေး ရေယာဉ်တွေ လွှတ်ရဲမှာ မဟုတ်ဘူးလို့ အမေရိကန် ရေတပ် ကပ္ပတိန်ဟောင်းနဲ့ ဟာဝိုင်အီ ပစိဖိတ် တက္ကသိုလ်က ဆန်းစစ်သူ ကားလ်ရှုစတားက ပြောပါတယ်။

အမေရိကန် တော်ပီဒိုတွေ သုံးမယ့်အပြင် အမေရိကန်နဲ့ ဂျပန်တို့ ဦးဆောင်နေတဲ့ တခြား နည်းပညာတွေလည်း သုံးနိုင်တယ်လို့ ဆန်းစစ်သူတွေက ခန့်မှန်းပါတယ်။ ထိုင်ဝမ်အစား တရုတ်ရဲ့ တရားဝင် သံတမန် ဆက်ဆံရေး ထူထောင်ခဲ့ပေမယ့် အမေရိကန်ဟာ ထိုင်ဝမ် ဆက်ဆံရေး ဥပဒေ သီးခြား ပြဋ္ဌာန်းပြီး ထိုင်ဝမ်ကို လက်နက်ထောက်ပံ့ လာခဲ့တာ နှစ် ၄၀ ကြာခဲ့ပါပြီ။ မကြာခင်က ဆိုရင် စုစုပေါင်း ဒေါ်လာ ၁၀ ဘီလီယံလောက် တန်ဖိုးရှိမယ့် လက်နက်တွေ ရောင်းချဖို့ အဓိက စီမံကိန်းတွေ အတည်ပြုထားပါတယ်။ ဒါဇင်နဲ့ချီတဲ့ အက်ဖ် ၁၆ တိုက်လေယာဉ်တွေ၊ အမ် ၁ အေ၂ တီ အမ်ဘရမ် တင့်ကားတွေနဲ့ ပခုံးထမ်း စတင်ဂါ လေယာဉ်ပစ် လက်နက်တွေ အပါအဝင် ဖြစ်ပါတယ်။ ရေငုပ်သင်္ဘောတွေ အတွက် လိုအပ်တဲ့ ကိရိယာ တန်ဆာပလာတွေလည်း အမေရိကန်က ထောက်ပံ့ဖို့ မျှော်လင့်တယ်လို့ ထိုင်ဝမ် အရာရှိတွေက ပြောပါတယ်။
စီမံကိန်းအရ တန် ၂၅၀၀ ကနေ တန် ၃၀၀၀ လောက်ရှိမယ့် ရေငုပ်သင်္ဘောတွေ တည်ဆောက်ရမှာ ဖြစ်ပြီး ထိုင်ဝမ်အတွက် ဒါမျိုး ပထမဆုံး တည်ဆောက်မှုမို့ လုပ်နိုင်ပါ့မလား ဆိုတာ စောင့်ကြည့်ရမယ်လို့ တချို့ လေ့လာသူတွေက ပြောပါတယ်။ ပြည်ပကနေ ရဖို့ မသေချာတဲ့ အဆုံး ပြည်တွင်းမှာပဲ ရေငုပ်သင်္ဘော တည်ဖို့ CSBC ဆိုတဲ့ ထိုင်ဝမ် သင်္ဘော တည်ဆောက်ရေး ကုမ္ပဏီကို ကန်ထရိုက်ပေးခဲ့တာပါ။ တကယ်သာ ခေတ်မီ ရေငုပ်သင်္ဘောတွေ မိမိဘာသာ တည်ဆောက် ပြီးစီးနိုင်ရင် ထိုင်ဝမ်အတွက် အတော်လေးကို ကောင်းမွန်တဲ့ သက်ရောက်မှု ရှိမယ်လို့ ဝါရှင်တန် အခြေစိုက် ရန်းသုတေသန ကော်ပိုရေးရှင်းမှ သုတေသီ တင်မိုသီဟိတ်က ပြောပါတယ်။ ထိုင်ဝမ်အနေနဲ့ ရေငုပ်သင်္ဘောတွေ တည်ဆောက်ခြင်းကနေ သင်ယူလို့ ဆက်လက် တည်ဆောက်သွားတဲ့ တိုင်အောင် ၂၀၃၀ မှာ သင်္ဘောရှစ်စင်းလုံး သုံးနိုင်ဦးမှာ မဟုတ်ဘူးလို့ သုတေတီ ရှုစတားက ဆိုပါတယ်။
ဒါပေမယ့် ရေငုပ်သင်္ဘော စီမံကိန်း ကျဆုံးတာ ဒါမှမဟုတ် နှေးကွေးနေတာတောင်မှ တရုတ် စစ်တပ်ကို အန်တုဖို့ ထိုင်ဝမ် ကာကွယ်ရေး တခြား ကဏ္ဍတွေမှာ သိသာ ထင်ရှားတဲ့ တိုးတက်မှုတွေ ရှိဦးမှာပါလို့လည်း ရှုစတားက ပြောပါတယ်။ ထိုင်ဝမ်မှာ အမေရိကန်လုပ် ဟာပွန်းမစ်ဆိုင်း အပါအဝင် အမျိုးအစား စုံလင်တဲ့ သင်္ဘောဖျက် ဒုံးကျည်တွေ၊ ရေတပ်သုံး မိုင်းတွေနဲ့ သက်တမ်းရင့် ရေငုပ်သင်္ဘောတွေ ရှိသေးတယ်လို့ လန်ဒန် အခြေစိုက် ရူစီအုပ်စုက ပင်လယ်ရေကြောင်း စွမ်းပကားဆိုင်ရာ တွဲဘက်သုတေသီ ဆစ်ဟာ့သ် ကော်ရှယ်က ပြောပါတယ်။ အဲဒီ လက်နက်တွေ စုပေါင်းလိုက်ရင်ကို တရုတ်ရေတပ် သင်္ဘောတွေနဲ့ ကမ်းတက်ရမယ့် တရုတ် စစ်သားတွေအတွက် ကျဉ်းမြောင်းတဲ့ ရေလက်ကြား ခရီးက အရမ်းကို စွန့်စားရလိမ့်မယ်၊ အနှစ်သာရအားဖြင့် ကန့်သတ်ချက်တွေ ရှိနေဆဲဖြစ်တဲ့ တရုတ်ရဲ့ ကြည်းရေနှစ်ထွေ တိုက်ခိုက်ရေး သင်္ဘောတွေကို ထိုင်ဝမ်က တိုက်ခိုက်ရာမှာ ရေငုပ်သင်္ဘောတွေက အားသာမှု ပိုပေးလိမ့်မယ်လို့ ဆိုပါတယ်။

(၄)
ရေရှည် အခြေအနေမှာတော့ တရုတ် ပြည်မကြီးက စစ်ရေးအရ အသာစီး ရယူထားဆဲ ဖြစ်တာ ရှင်းပါတယ်။ ဘယ်လို ပဋိပက္ခကို မဆို ပြည်မကြီးဟာ ဒါဇင်ချီတဲ့ ရေငုပ်သင်္ဘောတွေ၊ ရေပြင်သွား သင်္ဘောတွေ၊ မြေပြင် အခြေစိုက် မစ်ဇိုင်းတွေ၊ ဗုံးကြဲ လေယာဉ်တွေ စေလွှတ်နိုင်ပါတယ်။ သာဓက အနေနဲ့ တရုတ်မှာ ရေငုပ်သင်္ဘော ၆၅ စီးကနေ အစင်း ၇၀ ထိ ရှိလာလိမ့်မယ်လို့ အမေရိကန် ကာကွယ်ရေး ဌာနက ခန့်မှန်းထားပါတယ်။ တရုတ်စစ်ရေး တည်ဆောက်မှုဟာ အန္တရာယ်ရှိတဲ့ အရှိန်အဟုန်နဲ့ ဆက်လက် တိုးတက်နေပြီး ကမ္ဘာမှာ စီးရေအများဆုံး ရေငုပ်သင်္ဘောစုကို တိုက်ခိုက်ရေး အင်အား ပိုတိုးပွားစေတုန်းပါပဲ။
ထိုင်ဝမ်မှာ ရေငုပ်သင်္ဘောသစ် စတည်ပြီး တစ်ပတ်အကြာမှာ တရုတ်ရေတပ်က ရေငုပ်သင်္ဘော တိုက်ဖျက်ရေး လေယာဉ်နဲ့ ရေနက်ပိုင်း တိုက်ခိုက်မှု သရုပ်ပြခဲ့ပြီး ဒါဟာ ထိုင်ဝမ် ခွဲထွက်ရေး သမားတွေကို တားမြစ်တာလို့ ရှုမြင်ကြောင်း နိုင်ငံပိုင် ဂလိုဗယ်တိုင်း သတင်းက ဖော်ပြခဲ့ပါတယ်။ သတင်း ထိပ်ဆုံးမှာ တရုတ် စစ်တပ်ရဲ့ ဝိုင် – ၈ အမျိုးအစား ရေငုပ်သင်္ဘော ဖျက်လေယာဉ်နဲ့ စစ်ရေး လေ့ကျင့်ပုံကို ဖော်ပြထားပြီး တရုတ်ရဲ့ ရေငုပ်သင်္ဘော ဖျက်စွမ်းရည်နဲ့ ပတ်သက်တဲ့ ရှားပါးသတင်း တစ်ပုဒ်လည်း ဖြစ်ပါတယ်။ ထိုင်ဝမ်ဘက်ကလည်း သူ့ရဲ့လေကာဇုန် စိစစ်ရေး ဧရိယာထဲ တရုတ် စစ်လေယာဉ်တွေ ကျူးကျော် ဝင်ရောက်မှုမှာ ဝိုင် – ၈ လေယာဉ်တွေကို ပိုမြင်ရတယ်လို့ ပြောဆိုထားပါတယ်။ မကြာခင် နှစ်တွေထဲ တရုတ် ရေတပ်မှာ ဝိုင်- ၈ လေယာဉ်တွေ အုပ်စုလိုက် ဖြန့်ချခဲ့ပြီး အဓိက ရေငုပ်သင်္ဘော တိုက်ဖျက်ရေး စွမ်းပကား သိသိသာသာ တိုးချဲ့လာတာလို့ ဂလိုဗယ်တိုင်းမ်က ဆိုပါတယ်။

ဒါပေမယ့် နိုင်ငံရေးနဲ့ ပုဂ္ဂိုလ်ရေးမှာ ကိန်းဂဏန်းတွေက အရေးမပါသလို ရေငုပ်သင်္ဘောသစ် စီမံကိန်းမှာလည်း ဒီသဘောပဲလို့ သုတေသီ ဟိတ်က ဆိုပါတယ်။ ထိုင်ဝမ် ပြည်တွင်းဖြစ် ရေငုပ်သင်္ဘော တည်တာက အမေရိကန်ရဲ့ ယုံကြည်လေးစားမှု အရေးပါပြီး ပိုအရေးကြီးတာက မဟာမိတ်တွေ အတွက်လို့ ဟိတ်က ပြောပါတယ်။ ထိုင်ဝမ်က ရေငုပ်သင်္ဘော တည်ဆောက်ဖို့ ပိုင်းဖြတ်လိုက်တာနဲ့ ကိုယ်ပိုင် ကာကွယ်ရေးမှာ ရင်းနှီးမြှုပ်နှံတာတွေက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ တတ်နိုင်သမျှ လုပ်နေတဲ့ နိုင်ငံတစ်ခုကို နိုင်ငံရေး တရားမျှတမှု အရ အမေရိကန်က ကူညီရမယ်လို့ အကြောင်းပြဖို့ ပိုမို လွယ်ကူစေမှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ကိုယ်ပိုင် ကာကွယ်ရေး စွမ်းရည် တိုးတက်အောင် ဘာမှ မလုပ်ဘဲနေရင် အမေရိကန်အဖို့ ဝင်စွက်ဖို့ နိုင်ငံရေးအရ ခက်ခဲစေမှာပါ။ အဆုံးစွန်မှာတော့ အမေရိကန် စစ်တပ်က ထိုင်ဝမ်ကို ကာကွယ် ပေးပါလိမ့်မယ်လို့ ဟိတ်က သုံးသပ်ပါတယ်။

အမေရိကန်က ဘယ်လိုမှ ဝင်မစွက်ဘူး ဆိုရင်တော့ တကယ့်ကို ဖြစ်လာနိုင်တာက တရုတ်ဟာ လက်အောက်ခံလို့ ပြောထားတဲ့ ဒေသတွေကို နှိမ်နင်းဖို့ နည်းလမ်းရှာမှာပဲလို့ ဟိတ်က ဆိုပါတယ်။ အသက်ထက်ဆုံး သမ္မတလုပ်မယ့် ရှီကျင့်ဖျင်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ကြည့်ရတာတော့ သူဟာ ဂမူးရှူးထိုး လုပ်တတ်တဲ့ ခေါင်းဆောင်မျိုးထက် သတိကြီးကြီးနဲ့ ဂရုတစိုက် တွက်ချက်တတ်တဲ့ ခေါင်းဆောင်မျိုးပဲလို့ သုတေသီ ရှုးစတားက ခန့်မှန်းပါတယ်။ အဟန့်အတား ဆိုတာကတော့ သူတို့ကို တိုက်ခိုက်ရင် ရနိုင်တာထက် ပေးဆပ်ရမယ့် တန်ဖိုးက ထိုက်တန်ရဲ့လား ဆိုတဲ့အပေါ် မူတည်တယ်၊ လာမယ့်နှစ် ၂၀ တစ်လျှောက် တရုတ် ပြည်မကြီးရဲ့ ကျူးကျော်မှုကို ဟန့်တားနိုင်ခြေ အားကောင်းစေမယ့် လက်နက်အဖြစ် ထိုင်ဝမ် ရေငုပ်သင်္ဘောတွေ တည်ရှိလာလိမ့်မယ်လို့ သုံးသပ်ရပါတယ်။

(CNN မှ Brad Lendon ၏ Taiwan’s planned submarine fleet could forestall a potential Chinese invasion for decades ကို ဆီလျော်အောင် ပြန်ဆိုပါတယ်။)

Credit – မင်းမြတ်စံ

Leave a Reply