ထိန်းချုပ်မှုများ လုပ်ဆောင်ပြီးနောက် ဒေါ်လာစျေး (၃၄၉၀) ‌ကျပ်အထိ အောင်မြင်စွာ ပြန်ဆင်းလာ

News

ပြင်ပဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်း စံချိန်တင် မြင့်တက်ခဲ့မှုကို အစိုးရက ထိန်းချုပ်လိုက်သည့်နောက် တစ်‌ပတ်ကျော် ကြာပြီးနောက် ဒေါ်လာဈေးနှုန်းမှာ ၃၅၀၀ ပတ်ဝန်းကျင်တွင် အရောင်းအဝယ်ဖြစ်နေကြောင်း ဒေါ်လာအရောင်းအဝယ် ပြုလုပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းက ပြည်တွင်းဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ (၄၅၀၀) ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့ရာက လက်ရှိအချိန်ထိ (၃၅၀၀) ပတ်ဝန်းကျင်တွင် ဈေးပေါက်နေခြင်း ဖြစ်သည်။ “တစ်ဒေါ်လာ (၃၄၉၀) ကျပ် အရောင်းအဝယ် လုပ်ပါတယ်” ဟု ပြည်တွင်းနိုင်ငံခြားငွေ ငွေလဲကောင်တာတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

လက်ရှိ ငွေလဲကောင်တာအများစုမှာ ဒေါ်လာအရောင်းအဝယ်ပြုလုပ်မှု နည်းပါးပြီးတော့ ကောင်တာတွေမှာ ဒေါ်လာဝယ်ရခက်သလို ပြင်ပဈေးကွက်မှာပဲ အရောင်းအဝယ်ပြုလုပ်မှုရှိတယ်လို့ ဒေါ်လာဝယ်ယူသူတစ်ဦးက ပြောပါတယ်။

ဩဂုတ်လ နောက်ဆုံးပတ်အတွင်းက အခြေအနေဆိုးရွာစွာ ဈေးကစားမှုများနှင့် ပြည်တွင်း သွင်းကုန်လုပ်ငန်းရှင်များ၏ ‌နိုင်ငံခြားငွေ လိုအပ်ချက်မြင့်မားမှုကြောင့် ဈေးကွက်အတွင်း ဒေါ်လာဈေး စံချိန်တင်မြင့်တက်မှုနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်ဟု စကစဘက်မှ ဆိုသည်။

အစိုးရက အဆိုပါ လိုအပ်ချက်ကို ထိန်းချုပ်သည့်အနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ဈေးကွက်အတွင်း ထုတ်ချေးပေးခဲ့ရာက တစ်ရက်အတွင်း ကျပ် (၁၀၀၀) ဝန်းကျင် ဈေးပြုတ်ကျခဲ့ပြီးနောက် လက်ရှိအချိန်တွင် ၃၄၉၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်ပြီး စျေးကွက်အနေအထား အေးလျက်ရှိသည်။

အဆိုပါ ကန်ဒေါ်လာ သန်း ၂၀၀ ကျော်ကို ဈေးကွက်ရဲ့ ဒေါ်လာလိုအပ်ချက်ကိုဖြည့်နိုင်ဖို့ ထောက်ပံ့ပေးထားတယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားပြီး စက်သုံးဆီနဲ့ စားသုံးဆီကဏ္ဍတွေအတွက် ဒေါ်လာလိုအပ်ချက်ရှိရင် ထပ်မံထောက်ပံ့ပေးမယ်ဆိုပြီး ထုတ်ပြန်ထားပါသေးတယ်။

ထို့အပြင် စက်သုံးဆီနှင့် စားသုံးဆီ တင်သွင်းသူများအနေဖြင့် ဒေါ်လာငွေ လိုအပ်ချက်ရှိပါက ထပ်မံထုတ်ချေးပေးသွားမည့်အပြင် ဒေါ်လာဈေးနှုန်း မြင့်တက်စေရန် ရည်ရွည်ချက်ရှိရှိ ဈေးကစားနေသူများနှင့် မီဒီယာများကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဗဟိုဘဏ်က ပြောကြားထားသည်။

ဗဟိုဘဏ်ရည်ညွှန်းဈေးမှာ ယနေ့တိုင် တစ်ဒေါ်လာ (၂၁၀၀) ကျပ် သတ်မှတ်ထားပြီး ပြင်ပ ဈေးကွက်တွင် တစ်ဒေါ်လာ (၃၅၀၀) ဝန်းကျင်ဈေးပေါက်လျက်ရှိကြောင်းလည်း ဒေါ်လာအရောင်းအဝယ်ဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိမှာ အမေရိကန်နိုင်ငံ ဗဟိုဘဏ်က အတိုးနှုန်းမြှင့်တင်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက် အမေရိကန်ဒေါ်လာတန်ဖိုးက အားကောင်းနေပြီး ဒေါ်လာနဲ့လဲလှယ်တဲ့ အခြားငွေတန်ဖိုးတွေက ကျဆင်းလျက်ရှိတယ်လို့ သိရပါတယ်။

Crd

Crd