တရုတ်က လေကြောင်း ခရီးစဉ်တွေ ဖျက်သိမ်းမှုကို လက်တုန့်ပြန်တဲ့ အနေနဲ့ အမေရိကန်က တရုတ် လေကြောင်းခရီးစဉ် ၂၆ခုကို ဆိုင်းငံ့…

News Social News

ကိုဗစ်-19ကြောင့် အမေရိကန်လေကြောင်းလိုင်း ခရီးစဉ်အချို့ကို ဆိုင်းငံ့ထားရေး တရုတ် အစိုးရရဲ့ ဆုံးဖြတ်ချက်ကို လက်တုန့်ပြန်တဲ့ အနေနဲ့ တရုတ်လေကြောင်းလိုင်းတွေ ပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ် ၂၆ခုကို ဆိုင်းငံ့သွားမှာ ဖြစ်ကြောင်း အမေရိကန်အစိုးရက သြဂုတ်လ ၂၅ရက်က ပြောကြားပါတယ်။

ဒီဆုံးဖြတ်ချက်ကြောင့် Xiamen၊ Air China၊ China Southern Airlines နဲ့ China Eastern Airlines လေကြောင်းလိုင်းတွေရဲ့ လေကြောင်းခရီးစဉ်တွေဟာ စက်တင်ဘာလ ၅ရက်ကနေ စက်တင်ဘာလ ၂၈ရက်အထိ ရပ်ဆိုင်းထားရဖွယ်ရှိပါတယ်။

ဒီရပ်ဆိုင်းမှုမှာ လော့စ်အန်ဂျလိစ်ကနေ တရုတ်ကို ပြေးဆွဲမယ့် လေကြောင်း ခရီးစဉ် ၁၉ ခုနဲ့ နယူးယောက်ကနေ ပြေးဆွဲမယ့် China Eastern Airlines လေကြောင်းလိုင်းရဲ့ ခရီးစဉ် ရ ခုပါဝင်ကြောင်း သိရပါတယ်။

အမေရိကန်ရဲ့ လုပ်ရပ်ဟာ လုံးဝအခြေအမြစ်မရှိဘဲ လုံးဝ တာဝန်ခံမှုမရှိတဲ့ လုပ်ရပ်ဖြစ်ကြောင်း ဝါရှင်တန်ရှိ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။

တရုတ်နိုင်ငံရဲ့ ကိုဗစ်-19 တိုက်ဖျက်ရေး အရေးယူဆောင်ရွက်မှုတွေဟာ ပွင့်လင်းမှုရှိသလို မျှတမှုလည်းရှိပြီး မိမိတို့ရဲ့ လေကြောင်းခရီးစဉ်ဆိုင်းငံ့မှုဟာ နိုင်ငံခြားလေကြောင်းလိုင်းတွေရော တရုတ်လေကြောင်းလိုင်းတွေ အပေါ်ကိုပါ သက်ရောက်မှုရှိကြောင်း တရုတ်သံရုံးက ပြောကြားပါတယ်။

ကမ္ဘာ့ကပ်ရောဂါ စတင်ချိန်ကတည်းက တရုတ်နဲ့ အမေရိကန်တို့ဟာ လေကြာင်း ဝန်ဆောင်မှုတွေနဲ့ ပတ်သက်လို့ အငြင်းပွားနေကြပါတယ်။ ဇန်နဝါရီလကလည်း တရုတ်က အမေရိကန် လေကြောင်း ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့တာကြောင့် အမေရိကန်က လက်တုန့်ပြန်ကာ တရုတ်လေကြောင်း ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ပါတယ်။

ပါးကိုက်ရင်နားပြန်ကိုက်တဲ့ သဘော နှစ်နိုင်ငံ အပြန်အလှန် လေကြောင်းခရီးစဉ်တွေ ရပ်ဆိုင်းမှုဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းမှာလည်း ရှိခဲ့ပါတယ်။
Crd..MyanmaPlatform

Unicode








Crd..MyanmaPlatform

Crd