တရုတ်မှ မြန်မာပြည်ထွက် သကြားအမျိုးမျိုးကို ဝယ်ယူမည်၊ သကြားစျေးတွေ တက်ပါတော့မည်

News Social News

တရုတ်ပြည်မှ မြန်မာပြည်ထွက် သကြားအမျိုးမျိုးကို ဝယ်ယူမည်၊ သကြားစျေးတွေ တက်ပါတော့မည်..

တရုတ်နိုင်ငံ ဟဲပေပြည်နယ်မှာရှိတဲ့ တရုတ်အထွေထွေသုံးပစ္စည်းရောင်းဝယ်ရေးကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံက သကြားအမျိုးမျိုးကို ဝယ်ယူတင်သွင်းလိုတဲ့အတွက် ကမ်းလှမ်းမှုတွေလုပ်ဆောင်ထားတယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက သိရပါတယ်။

မြန်မာနိုင်ငံက သန့်စင်ပြီး သကြား၊ သကြားရည်၊ သကြားဖြူ၊ သကြားညိုစတာတွေကို ဝယ်ယူလိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကနေတစ်ဆင့် ကမ်းလှမ်းလာတာဖြစ်ပြီး နှစ်စဉ် သကြားတန်ချိန် ၃၀၀၀၀ ကနေ ၅၀၀၀၀ အထိ ဝယ်ယူမှာဖြစ်ကာ လစဉ် တန်ချိန် ၃၀၀၀ ခန့် ဝယ်ယူလိုကြောင်း ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံတွင်းမှာရှိတဲ့ စားသောက်ကုန်ထုတ်လုပ်ရေးစက်ရုံနဲ့ ကိတ်မုန့်ဆိုင်တွေမှာ သကြားလိုအပ်ချက်ရှိတဲ့အတွက် အခုလို ကမ်းလှမ်းလာတာဖြစ်တာပြီး စျေးနှုန်းအဆင်ပြေပါက တင်ပို့ဖို့ လုပ်ဆောင်သွားမှာဖြစ်သလို တရုတ်နိုင်ငံကို သကြားတင်ပို့လိုတဲ့ မြန်မာကုမ္ပဏီတွေရဲ့ ဆက်သွယ်ရမယ့် လိပ်စာတွေကိုလည်း သံရုံးကတစ်ဆင့် တောင်းခံထားတယ်လို့ သိရပါတယ်။

ပြည်တွင်းမှာ သကြားစက်ရုံအသစ်တွေကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ တည်ဆောက်နေတာဖြစ်ပြီး လက်ရှိ သကြားစက်ရုံပေါင်း ၂၉ ရုံအထိရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက အရှုံးပေါ်ခဲ့တဲ့ကြံစိုက်တောင်သူတွေရှိခဲ့ပေမယ့် အခုနှစ်မှာ စိုက်ဧကတိုးချဲ့လာတဲ့ တောင်သူတွေလည်းရှိနေပြီး အခုနှစ်အတွက် ကြံတစ်တန်ကို ကျပ် ၉၀၀၀၀ အထိ စျေးပေးဝယ်ယူမှုတွေလည်းရှိတယ်လို့ သိရပါတယ်။

နောက်နှစ် ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ (၃) နှစ်တာကာလအတွင်း သကြားတန်ချိန် တစ်သန်းခန့်ထွက်ရှိဖို့ ဆောင်ရွက်နေပြီး ပြည်ပကတင်သွင်းမှုလျှော့ချကာ ပြည်ပသို့ပြန်လည်တင်ပို့နိုင်မှု တိုးလာဖို့လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက သိရပါတယ်။

လက်ရှိ မြန်မာပြည်တွင်းက ထွက်ရှိတဲ့သကြားတွေကို တရုတ်နိုင်ငံသို့ သကြားအရည်အဖြစ် တင်ပို့နေပြီး ဗီယက်နမ်နိုင်ငံသို့ ပင်လယ်ရေကြောင်းကတစ်ဆင့် အခုနှစ် ၂၀၂၂ မှ စတင်တင်ပို့လျက်ရှိတယ်လို့ သိရပါတယ်။

Crd