တရားမဝင်ကာစီနိုကိုစီးနင်းပြီးနောက်ထိုင်းရဲအရာရှိကြီး၆ဦးစုံစမ်းစစ်ဆေးခံရမည်

News

တရားမဝင်ကာစီနိုကို စီးနင်းပြီးနောက် ထိုင်းရဲအရာရှိကြီး ၆ ဦး စုံစမ်းစစ်ဆေးခံရမည်

ထိုင်းနိုင်ငံတွင် မြန်မာအပါအဝင် နိုင်ငံခြားသားဧည့်သည် ၁၇ ဦး နှင့် အခြား လောင်းကစားမှုသံသယရှိသူ အများအပြား ဖမ်းဆီးမိသည့် တရားမဝင် ကာစီနိုလောင်းကစားရုံတစ်ခုကို ရဲတပ်ဖွဲ့က စီးနင်းမှုအပြီးတွင် ထိပ်တန်းရဲအရာရှိကြီး ၆ ဦးတို့သည် စုံစမ်းစစ်ဆေးခံရန် ရုတ်တရက် ရွှေ့ပြောင်းခံလိုက်ရကြောင်း သိရသည်။

နိုင်ငံခြားသား ၁၇ ဦးအနက် ၇ ဦးသည် မြန်မာများဖြစ်ကာ ကမ္ဘောဒီးယား ၆ ဦး၊ လော ၃ ဦးနှင့် ဗီယက်နမ် ၁ ဦးတို့ ဖြစ်ကြပြီး ယင်း ၁၇ ဦးအပါအဝင် စုစုပေါင်း ၈၉ ဦးတို့ တရားမဝင်လောင်းကစားမှုဖြင့် အဖမ်းခံထားရသည်။

မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့ဗျူရို MPB တိုင်း ၂ ၏ ရဲမင်းကြီး၊ ဘန်ကောက် သွန်ဆွန်ဟောင်ရဲဌာနအကြီးအကဲနှင့် အခြား ထိပ်တန်းရဲအရာရှိ ၄ ဦးတို့သည် တော်ဝင်ထိုင်းရဲတပ်ဖွဲ့ဌာနချုပ်သို့ ရုတ်တရက်ရွှေ့ပြောင်းခံလိုက်ရသည်။ တရားမဝင် ကာစီနို လည်ပတ်မှုတွင် ၎င်းရဲအရာရှိများ ပတ်သက်ခဲ့မှု ရှိမရှိ စုံစမ်းရန် သို့မဟုတ် ကာစီနိုဖွင့်လှစ်လုပ်ကိုင်နေသည်ကို အဘယ့်ကြောင့် ၎င်းတို့ သိရှိခြင်းမရှိသည်ကို ဖော်ထုတ်ရန်ဖြစ်သည်။

လက်ဆီခရိုင်၊ ဆွိုင်ချာအွန်းဝါတနာ ၁၄ အရပ်ရှိ တရားမဝင်လောင်းကစားရုံကို ဒီဇင်ဘာ ၂၉ ရက်က ဗဟိုစုံစမ်းရေးဗျူရို CIB နှင့် MPB မှ ရဲအရာရှိများက စီးနင်းခဲ့ခြင်း ဖြစ်သည်။ နိုင်ငံခြားသား ၁၇ ဦး အပါအဝင် သံသယရှိသူ ၈၉ ဦးကို ဖမ်းဆီးခဲ့သည်။ ၎င်းလောင်းကစားရုံကို လည်ပတ်လုပ်ကိုင်သူမှာ မစ္စတာ အက်စ် ဟုသာ ထိုင်းရဲက ပြောသည်။ သံသယရှိသူအားလုံးကို တရားမဝင်လောင်းကစားမှုဖြင့် စွဲချက်မတင်မီ ကိုဗစ် -၁၉ ကပ်ရောဂါ စစ်ဆေးမှုများ ပြုလုပ်ကြောင်းလည်း သိရသည်။

CIB ရဲမင်းကြီး ရဲဒုတိယဗိုလ်ချုပ်ကြီး တော်ဆက် ဆပ်ဗီမိုလ်က ကာစီနိုဖမ်းဆီးမှုသည် ရဲချုပ် ရဲဗိုလ်ချုပ်ကြီး ဆူဝပ် ဂျန်ယော့ဆပ်၏ ညွန်ကြားမှုဖြင့် ကိုဗစ် -၁၉ ကပ်ရောဂါ အစုလိုက်ကူးစက်ရန် အလားအလာရှိသည့် တရားမဝင် လောင်းကစားမှုများကို နှိမ်နင်းရန် ဆောင်ရွက်သည့် ခြေလှမ်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထိုအတောအတွင်း ဆွတ်ခါလာရှိ ဟတ်ယိုင်ဒေသတွင် ညကလပ်ဟူ လူသိများသည့်နေရာကိုလည်း ထိုင်းရဲနှင့် ကျန်းမာရေးအရာရှိများက စီးနင်းခဲ့ပြီး ကလပ်ပိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးချိန် ကလပ်ထဲတွင် လူငယ်အများအပြားကို တွေ့ရှိပြီး ကိုဗစ် ၁၉ ကာကွယ်ရေးကျင့်စဉ်များကို လိုက်နာခြင်းမရှိကြောင်း တွေ့ရသည်ဟု ဆိုသည်။ ကလပ်ပိုင်ရှင်သည် ကိုဗစ်ကပ်ဘေးထိန်းချုပ်ရေးညွန်ကြားချက်များနှင့် အရေးပေါ်အမိန့်ကိုချိုးဖောက်မှု၊ ညဉ့်အချိန်တွင် အရက်ရောင်းချမှုတို့ဖြင့် စွဲချက်တင်ခံရမည်ဖြစ်ကြောင်းလည်း သိရသည်။

ထူးချစ်
Ref; Bangkok

Leave a Reply