တစ်ကမ္ဘာလုံးမှာမှ နေရာတစ်ခုတည်းတွေ့ရမယ့် မတူညီတဲ့အရောင် ၄ မျိုး ပေါင်းဆုံမှုအလှ
ကမ္ဘာတစ်ဝှမ်းက သဘာဝတရားရဲ့ အလှပတွေဆုံစည်းရာတွေထဲမှာ အခုပြောပြပေးသွားမယ့် နေရာလေးကလည်း ထူးခြားဆန်းကြယ်ပြီး ရင်သပ်ရှုမောဖွယ်ကောင်းလှပါတယ်။
ဒီလိုလှပဆန်းကြယ်တဲ့အပြင် တစ်ကမ္ဘာလုံးမှာမှ တစ်နေရာမှာသာ မြင်တွေ့ရမယ့် မျက်စိပဒါသဖြစ်ဖွယ် မြင်ကွင်းမျိုးကို မတူညီတဲ့ အရောင် ၄ မျိုး ပေါင်းစပ်ရာအဖြစ် မြင်တွေ့ရမှာပါ။
ဒါ့အပြင် ဒီဒေသလေးဟာ သင့်ရဲ့အားလပ်ရက်ကို ဖြတ်သန်းဖို့အတွက် အံ့သြဖွယ်ကောင်းတဲ့ နေရာလေးတစ်ခုဖြစ်ပြီး သူ့ရဲ့အလှတရားကို ဓာတ်ပုံတွေမှာ ကြည့်ရှုခံစားနေရတာနဲ့တင် တန်နေပြီလို့ ဆိုနိုင်ပါတယ်။
ဒီဆုံရပ်လေးကတော့ အိုက်စလန်နိုင်ငံမှာတည်ရှိပြီး စိမ်းလန်းတဲ့ လယ်ကွင်းများ၊ အဝါရောင် မြစ်၊ အနက်ရောင် ကမ်းခြေနဲ့ အပြာရောင် ပင်လယ်တို့ ပေါင်းဆုံရာ လှပသော နေရာလေးတစ်ခု ဖြစ်ပါတယ်။
လှပတဲ့အပြင် သဘာဝတရားရဲ့ ထူးခြားဆန်းကြယ်မှုတွေ ပေါင်းဆုံနေရာ ဒီအရောင်အသွေးတွေထဲမှာတော့ အဝါရောင်မြစ်နဲ့ အနက်ရောင် ကမ်းခြေတို့ဟာ အိုက်စလန်ရဲ့ မီးတောင်လှုပ်ရှားမှုတွေကြောင့် ဖြစ်ပေါ်လာရတာပါ။
ဒါကြောင့် အိုက်စလန်မှာ အနက်ရောင်ကမ်းခြေတွေ အမြောက်အများတည်ရှိနေသလို ပုံမှန်အရောင်မရှိတဲ့ မြစ်ရေပြင်တွေလည်း ဖြစ်ပေါ်လာပါတယ်။
အချို့မီးတောင်တွေဟာလည်း ယနေ့ချိန်ထိ မလှုပ်ရှားသေးသော်လည်း အချို့မှာ လှုပ်ရှားနေဆဲ၊ ဖြစ်ဆဲအတွက် ဒီလိုလှပဆန်းကြယ်မှုတွေကို အသွင်အပြင်မျိုးစုံနဲ့ အိုင်ယာလန်မှာ မြင်တွေ့နေနိုင်တာပါ။
အိုင်ယာလန်ရဲ့ တောင်ဘက်ကမ်းရိုးတန်းတစ်လျှောက်မှာတော့ ရေခဲမြစ်တွေဟာ မီးတောင်ကျောက်ဆောင်များပေါ်မှာ စီးဆင်းနေတဲ့အတွက် ဖော်ပြပါဒေသလိုပဲ အရောင်အသွေးများ ဖန်တီးထားရာ နေရာများ ရှိပါတယ်။
ဆိုလိုတာကတော့ အိုင်ယာလန်လိုနိုင်ငံမျိုးဟာ ရေခဲမြစ်နဲ့ မီးတောင်များ အလွန်ပေါများတဲ့အတွက်ကြောင့် ဒီနှစ်ခုရဲ့ပေါင်းစပ်မှုဟာ တစ်ခါတရံမှာ အခုဖော်ပြထားတဲ့ လေးရောင်ခြယ်ဒေသလို သဘာဝတရားရဲ့ အံ့ဩဖွယ် အစွန်းနှစ်ဖက်ကို ပေးဆောင်ပါတယ်။
နိုင်ငံအတွင်းက မြေကျောက်အများစုကလည်း မီးတောင်လှုပ်ရှားမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့အတွက် အနက်ရောင် သို့မဟုတ် အနီရောင်မျိုး ဖြစ်နေကြတာလည်း ဖြစ်ပါတယ်။
နိုင်ငံရဲ့ မျက်နှာပြင် အများစုဟာလည်း မိုင်ပေါင်းများစွာ အကွာအဝေးအထိ ပြန့်ကျဲနေသော ချော်ရည်ခင်းများက ထွက်ပေါ်လာတဲ့ ရှုခင်းမျိုးတွေဖြစ်ပြီး အိုက်စလန်ဒီရေညှိများဖြင့်သာ ဖုံးလွှမ်းထားပါတယ်။
နိုင်ငံရဲ့ ဘူမိဗေဒအရ အလွန်နုနယ်တဲ့အတွက်ကြောင့်လည်း ကမ်းရိုးတန်းအများစုဟာ အနက်ရောင်သဲသောင်ပြင်များ ဖြစ်လို့နေတာပါ။
အိုင်ယာလန် တောင်ဘက်ဒေသတွေဖြစ်တဲ့ Kálfafell နှင့် Hof ကြားက အဝါရောင်မြစ်ဟာလည်း အလားတူအကြောင်းပြချက်မျိုးဖြင့် အရောင်ပြောင်းလဲလာဖွယ် ရှိပါတယ်။
အနက်ရောင်သဲတွေက အေးမြပြီး ခြောက်သွေ့နေတဲ့ ချော်ရည်ကြေတွေ ဖြစ်ကြပြီး အဝါရောင်ရေပြင်ကတော့ ဒီဆက်စပ်မှုတွေမှ မြစ်တွင်းရှိ အနည်အနှစ်တွေ အရောင်ပြောင်းလဲသွားတာမျိုးပါ။
ဒီအတွက်ကြောင့် အဝါရောင်မြစ်ဟာ အချိန်တိုင်းအတွက်တော့ အဝါရောင်စင်စစ် မရှိနေနိုင်ဘဲ အချိန်နဲ့ ဘူမိဗေဒ အခြေအနေတွေအလိုက် ပြောင်းလဲနေနိုင်ပါတယ်။
ဒီလိုပြောင်းလဲမှုတွေက မြစ်ထဲသို့ စီးဝင်လာတာနဲ့အမျှ ပိုမိုကြမ်းတမ်းပြီး အနည်ကျနေတဲ့ မြစ်ဝကျွန်းပေါ်ဒေသ နှစ်ခုကို အခုလို အရောင် ၄ ရောင် ပေါင်းဆုံရာဒေသလို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
Knight News Team
Knight News © 2023
Crd