တချိန်တုန်းကစက်ဘီးပိုင်ရင်လူရာဝင်ခဲ့တဲ့တရုတ်ပြည်မှာ စွန့်ပစ်စက်ဘီးတွေဟာ အင်မတန်အမှိုက်ရှုပ်တဲ့ပစ္စည်းတွေဖြစ်နေပါပြီ

News

တချိန်တုန်းက စက်ဘီးပိုင်ရင်လူရာဝင်ခဲ့တဲ့တရုတ်ပြည်မှာ စွန့်ပစ်စက်ဘီးတွေဟာ အင်မတန်အမှိုက်ရှုပ်တဲ့ပစ္စည်းတွေဖြစ်နေပါပြီလို့ ဒီနေ့သတင်းထဲမှာတွေ့ရပါတယ်။ကျနော် ၂၀၁၂ တရုတ်ပြည်သွားတုန်းက share bike စက်ဘီးအငှားစနစ်စတင်ကာစပါ။ စက်ဘီးတွေတန်းစီထားတဲ့တန်းမှာ အကြွေစေ့ထည့်ပြီး သော့ဖြုတ်ရပါတယ်။၂၀၁၆ မှာတော့ စက်ဘီးအဝါတွေကို တရုတ်ပြည်နေရာအနှံ့မှာ တွေ့ရပါပြီ။

ဖုန်းနဲ့ QR ကုတ်ဖတ်ပြီးသော့ဖွင့်ရုံပါပဲ။ဒါပေမယ့် ဒီ share bike စနစ်ဟာလျှင်လျှင်မြန်မြန်ပဲကျဆုံးသွားခဲ့ပါတယ်။အတော်များများက အခိုးခံရတယ်။ ထိုင်ခုံရထိုင်ခုံဖြုတ်ယူသွားကြတယ်။ ကိုယ့်ပစ္စည်းမဟုတ်တော့မရိုသေပဲ ပျက်စီးကုန်ကြတယ်။မနှစ်က Covid-19 ကာလအတွင်းမှာ အဲ့ဒီစက်ဘီးတွေကို ရပ်ကွက်ထဲလူမဝင်အောင်လမ်းပိတ်တဲ့ အတားအဆီးအဖြစ်အသုံးပြုကြပါတယ်။စက်ဘီးအငှားကုမ္ပဏီတွေ ပြိုလဲသွားပြီးနောက်ပိုင်းမှာ တရုတ်ပြည်နေရာတော်တော်များများမှာ ပစ်ထားတဲ့စက်ဘီးတွေတောင်ပုံရာပုံတွေ့လာရပါတယ်။

ဒီပြဿနာဟာ တရုတ်ပြည်မှာတွင်သာမက အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်မီးရထားဘူတာမှာပါတွေ့ရသလို ဩစတေးလျက မဲလ်ဘုန်းမြစ်ထဲမှာပါ ပစ်ထားတဲ့စက်ဘီးတွေတွေ့လာရပါတယ်။Ofo လို share bike ကုမ္ပဏီတွေဟာ စက်ရုံကို သူတို့ပေးရမယ့်အကြွေးတွေလည်းမပေးပဲ စက်ဘီးအသုံးပြုသူတွေရဲ့ deposit ငွေကိုလည်းပြန်မပေးပဲ ဒေဝါလီခံခဲ့ကြပါတယ်။

အခုလည်းအစိုးရငွေနဲ့ပဲ အဲ့ဒီစက်ဘီးအပျက်တွေကို ရှင်းလင်းရေးလုပ်ရတာပြဿနာတစ်ခုဖြစ်နေပါပြီ။ပေကျင်းမြို့မှာ မကြာခင် စွန့်ပစ်စက်ဘီးပေါင်း ၄၄၀၀၀ စီးကိုဖယ်ရှားမယ်လို့ဆိုပါတယ်။ ဒါနဲ့ဆိုရင် ဖယ်ရှားရတာ အစီးရေ ၈ သိန်းရှိပြီဖြစ်ပါကြောင်း။

credit – Richard Myo Thant

Leave a Reply