ဇွဲထက် ကြော်ငြာ ရိုက်ကူးခွင့်ရခဲ့တဲ့ အပွားလေး အရင်အတိုင်း ပုလင်းခွံတွေ ပြန်ကောက်နေရ

News Social News

ဇွဲထက် ကြော်ငြာ ရိုက်ကူးခွင့်ရခဲ့တဲ့ အပွားလေး အရင်အတိုင်း ပုလင်းခွံတွေ ပြန်ကောက်နေရ..

ပုလင်းခွံကောက်သူ ဘဝကနေပြီး အမျိုးသမီးဓာတ်ပုံဆရာမတစ်ယောက်ရဲ့ စွမ်းဆောင်မှုကြောင့် ဇွဲထက်ကြော်ငြာကို ပါဝင်သရုပ်ဆောင်ခွင့်ရရှိသူဘဝဆီသို့ တက်လှမ်းရောက်ရှိလာခဲ့တဲ့ အပွားလေးဟာ လက်ရှိမှာတော့ ပုလင်းခွံတွေ ပြန်ကောက်ရတဲ့ဘဝဆီပဲ ပြန်ရောက်နေပြီလို့ လမ်း ၃၀ ပတ်ဝန်းကျင်မှာ နေထိုင်သူတွေက ပြောကြားပါတယ်။

မြို့ထဲဘက်ကို ရောက်ရှိလာသူတွေထဲက အမျိုးသမီးတစ်ယောက်က ဒီကလေးကို လမ်း ၃၀ ထိပ်မှာပဲ အရင်တုန်းကအတိုင်း ပြန်တွေ့ခဲ့ရကြောင်းနဲ့ အဝတ်အစားကလည်း အရင်တုန်းကအတိုင်း ခပ်နွမ်းနွမ်းနဲ့ဖြစ်ကြောင်း မအေးအေးခိုင်အမည်ရ အမျိုးသမီးတစ်ဦးက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြထားပါတယ်။

ပုလင်းခွံကောက်တဲ့ဘဝကနေ ရွှေဆိုင်ကြော်ငြာသူဘဝဆီသို့ တက်လှမ်းရောက်ရှိလာချိန်မှာ အပွားလေးအတွက် ဝမ်းသာကျေနပ်သူ၊ ဂရုဏာသက်သူတွေ အများအပြားရှိလာခဲ့ပြီး အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာထက်မှာလည်း သူ့အတွက် ပီတိဖြစ်သူ၊ သူ့အကြောင်းကို မျှဝေသူတွေ အများအပြား ရှိခဲ့ပါတယ်။

လမ်း ၃၀ မှာ နေထိုင်တဲ့သူတစ်ယောက်က.. “ဒါက မြန်မာပြည်မှာ ဖြစ်နေကျပဲလေ။ လူမှုကွန်ရက်မှာ နာမည်ကြီးတုန်း အဲ့ဒီအကြောင်းကို လူပြောများနေမယ်။ ပြီးရင် မေ့မေ့ပျောက်ပျောက်ဖြစ်ပြီး ဒုံရင်းဘဝဆီ ပြန်ရောက်သွားတာပါပဲ။ ကောင်းစားပြီး လူတစ်လုံး သူတစ်လုံးဖြစ်သွားသူဆိုတာ အရမ်းကို ရှားပါးပါတယ်။ သူတို့ကို လုပ်စားခံရတဲ့ဘဝတွေလို့တောင် ရင်နာနာနဲ့ ပြောဖို့ကောင်းပါတယ်။

တကယ်က ဒီကလေးလေးရဲ့ဘဝရှေ့ရေးအတွက် အုတ်မြစ်တစ်ခုကို ချမှတ်ပေးနိုင်အောင် စီစဉ်ကြရမှာပါ။ အခုကတော့ ဒီနေ့ နာမည်ကြီးပြီး နောက်တစ်နေ့မှာ အရင်ဘဝ ပြန်ရောက်နေတာတွေပဲ များပါတယ်။ ဒီအတွက် ဒီနိုင်ငံရဲ့စနစ်ကိုရော တခြားလူမှုခံယူချက်တွေကိုရော ပြင်ဆင်ရမှာပါ။

ဒီကလေးကို မနက်ပိုင်းရောက်ရင် ဘူတာကြီးနဲ့ လမ်း ၃၀ ထိပ်တွေမှာ ပြန်တွေ့နေရပါပြီ။ အရင်လို ခပ်နွမ်းနွမ်း အဝတ်အစားလေးတွေနဲ့ပါပဲ။ သူ့မျက်လုံးလေးတွေက အရမ်းကို အပြစ်ကင်းတယ်။ အခုလို ပြန်တွေ့ရတော့ စိတ်မကောင်းဖြစ်မိတာ အမှန်ပဲ” လို့ ပြောပြပါတယ်။ (MM)

Crd