“ခေတ်ပျက်မှာ ငွေရှာလို့ ပိုကောင်းတယ်” ဆိုတဲ့ စကားနဲ့ ဆီကုန်သည်ကြီးတွေရဲ့ လုပ်ကွက်များ

News Social News

“ခေတ်ပျက်မှာ ငွေရှာလို့ ပိုကောင်းတယ်” ဆိုတဲ့ စကားနဲ့ ဆီကုန်သည်ကြီးတွေရဲ့ လုပ်ကွက်များ..

“ခေတ်ပျက်မှာ ငွေရှာလို့ ပိုကောင်းတယ်” ဆိုတဲ့စကား ကြားဘူးရုံမဟုတ်၊ ကိုယ်တွေ့မြင်နေရသည်။ ရှာရသူက မတရားရပြီး အများစုက ဆင်းရဲမွဲတေနေသည်ကို မြင်တွေ့နေရ၍ မနေနိုင်လို့ ရေးပါသည်။

စားဆီစျေးကလည်း သိသာမြင်သာလို့ ခဏခဏ ဥပမာပေးမိပါသည်။ ထိုအခွင့်ရေးရ၊ အမြတ်ကြီးရခဲ့သူများ ဖတ်မိလျင်တော့ ပြုံးနေမလား၊ ရယ်နေမလား၊ ဘယ်လိုခံစားရမည်မသိပါ။ သို့သော် ထိုသူတို့သည်လည်း တကယ်တော့ အားလုံးနှင့်အတူ တစ်လှေတည်းစီးသူများဖြစ်သည်ကို မမေ့သင့်ပါ။ စက်ဆီ၊ စားဆီ အတွက် ဒေါ်လာရအောင် ငွေကြေးပေါ်လစီကို သုံးရန်မလိုပါ။ Trade policies နှင့်သွားလို့ရပါသည်။

စားအုန်းဆီလျော့သုံးစေချင်တာရယ်၊ ပြည်တွင်းဆီထွက်သီးနှံစိုက်ပြီး ပြည်တွင်းဆီစက်တွေကိုအားပေးချင်တာရယ်က ရည်ရွယ်ချက်ဖြစ်လျင် စားအုန်းဆီတင်သွင်းမှုကို အခွန်ပိုကောက်ရမှာဖြစ်ပါတယ်။ Consumer behavior ပြောင်းချင်ရင် အခွန်ပိုကောက်၊ အခွန်ပိုကောက်လို့စျေးတက်ရင် လျော့သုံးလာ၊ စားသုံးမှုပုံစံတဖြေးဖြေးပြောင်း။ import စားဆီစျေးတက်၊ ပြည်တွင်းဆီစက်ပိုတွက်ချေကိုက်၊ ဆီထွက်သီးနှံစျေးကောင်းရ၊ ပိုစိုက်၊ ပြည်တွင်းဆီစက်အလုပ်ပိုဖြစ်။ ထို process က အချိန်တခုယူ ဖြေးဖြေးသွားရမှာဖြစ်သည်။

အခုမှားနေတာက တစ်လတန် 50000 ကို တဝက်လျော့ချပြီး တန် 25000 သာ import license ချပေးပြီး ဒေါ်လာ 1850 နဲ့ subsidize လုပ်ပေးခဲ့သည်။ ရည်ညွှန်းစျေးက 3600 – 4000 အတွင်းသတ်မှတ်ခဲ့သည်။ သို့သော် တင်သွင်းခွင့် တန် 25000 စလုံးကို ဆီကန်ရှိသူ ၃၊ ၄ ဦးက Quota ဖြင့်ခွဲယူလိုက်ကြသည်။ ဆီ supply က ချက်ချင်းတဝက်လျော့သွားသည်။ ပြည်တွင်းကဆီစက်က ဘာမှတိုးမထုတ်နိုင်သေး။ ထို့ကြောင့် စျေးကျိန်းသေတက်ပါမည်။

Quota ရသူ ၃၊ ၄ ဦးက အခွင့်အရေးကိုအသုံးချပြီး monopoly လုပ်၊ ဆီတပိသာအရင်း 3500၊ 4000 ကို 9000၊ 10000 နဲ့ရောင်းချနိုင်ခဲ့သည်။ စားသုံးသူတို့အပိုပေးခဲ့ရငွေအားလုံး သူတို့ ၃၊ ၄ ဦးအိတ်ထဲအကုန်ရောက်သွားသည်။ ဒေါ်လာစျေးလျော့ပေးလိုက်ရလို့ ဒေါ်လာပိုင်ရှင်တို့၏ အရှုံးကလည်း သူတို့အိတ်ထဲရောက်သွားသည်။ ကုန်ထုတ်အရင်းနှီးပိုင်ရှင်များ ရသင့်သည့်စျေးမရ၊ ရောင်းတိုင်းရှုံးခဲ့သည်။ ဝယ်ယူသုံးစွဲတိုင်းရှုံးခဲ့သည်။

အခုဖြစ်နေသည့် စားအုန်းဆီစျေးက မလုံလောက်ခြင်းနှင့် Quota ဖြစ်၍ တင်သွင်းခွင့်ရသူက monopoly ပါဝါရပြီး မတရားစျေးအမြင့်ကြီးတင်ရောင်းနေခြင်းဖြစ်သည်။ competitive market ပျက်သွားခြင်းဖြစ်သည်။ သူတို့အရင်းက အပြင်ဒေါ်လာပေါက်စျေးနှင့်တွက်လျင်ပင် ယခုရက် မလေးရှားစားဆီစျေးကျလို့ ရန်ကုန်အရောက် တပိသာအရင်း ၄၀၀၀ ကျော်ဝန်းကျင်ပဲကျပါသည်။

စားဆီတင်သွင်းခွင့်ကို Quota မလုပ်ပဲ တကယ်လုပ်သင့်တာက စျေးကွက်လိုသလောက် အပြင်ဒေါ်လာပေါက်စျေးဖြင့် ကြိုက်သလောက်သွင်း လွှတ်ပေးလိုက်ပြီး၊ စျေးကွက်ယှဉ်ပြိုင်မှုဖြစ်အောင် ပြန်လုပ်ပေးလိုက်လျင် ယခုဖြစ်နေသည့်စျေးအောက်ကို ကျိန်းသေပြန်ကျသွားပါမည်။ စားဆီအတွက် သွင်းကုန်အခွန်ကိုလည်း တိုးကောက်လို့ပင်ရနိုင်ပါမည်။ အရေးကြီးသည်က မည်သူမဆို လိုသလောက်သွင်းနိုင်ဖို့၊ လွယ်လွယ်ကူကူ ခွင့်ပြုပေးရပါမည်။

ဒါတောင်ဆီကန်ရှိသူများက competitive edge ရထားပါသေးသည်။ ထို့ကြောင့် ဆီကန်တည်ဆောက်ဖို့ invest လုပ်ချင်သူရှိရင်လည်း မြန်မြန်ခွင့်ပြုပေးရပါမည်။ ဆီကန်မလိုသည့် ပုံးဆီသွင်းသူကိုလည်း ခွင့်ပြုပေးရပါမည်။ သို့မှသာ ပစ္စည်းမလုံလောက်မှုကြောင့် စျေးတက်ရခြင်းနှင့် Quota ရ ၃၊ ၄ ဦး၏ monopoly power ကိုရှောင်နိုင်ပါမည်။ market competition ရှိလာလျင် market efficiency ရလာမည်ဖြစ်သည်။

မသွင်းစေချင်သည့် ကုန်စည် (ဥပမာ ကား) လုံးဝပိတ်နိုင်သော်လည်း စားသုံးရန်အမှန်လိုအပ်သော စားဆီပမာဏကို ကြိုတင်ခန့်မှန်းတွက်ချက်၍ fix လုပ်ပြီး လျော့သွင်းခြင်းထက် တင်သွင်းသူကုန်သည်လုပ်ငန်းရှင်က စျေးကွက်ကိုကြည့်၍ လုပ်ဆောင်သွားခြင်းက ပို၍သဘာဝကျပါသည်။ လျော့သွင်းစေချင်သည့်ကုန်စည်ကို သွင်းကုန်ပါမစ်ပိတ်ခြင်း၊ ခက်ခဲအောင်လုပ်ခြင်းတို့က အလုပ်မဖြစ်ပါ။ သွင်းကုန်အခွန်အတိုးအလျော့ဖြင့် ကစားခြင်းက ပို၍သဘာဝကျပါသည်။

လက်ရှိအခြေနေမှာ ကားမလိုဘူးထင်လို့ ကားပါမစ်ပိတ်တာ မမှား။ ဆေးလိပ် အရက်သွင်းခွင့် ပိတ်လို့ရသေးသည်။ ဇိမ်ခံပစ္စည်း အခွန်များများကောက်၊ သုံးနိုင်သူသုံး၊ မသုံးနိုင်သူမသုံးနဲ့၊ သူ့အလိုလိုသွင်းတာလျော့သွားလျင် ဒေါ်လာလိုအပ်ချက်ကျသွားမည်။

Market competitiveness ကို မထိရန်လိုသည်။ Market efficiency ရှိရန်လိုသည်။ အရေးကြီးသွင်းကုန် အခွန်မကောက်ပါနှင့်၊ ကြိုက်သည့်အချိန်လျောက် သွင်းခွင့်ပြုပေးရန်လိုသည်။ လျော့သွင်းစေချင်သည့်ကုန် အခွန်များများကောက်၊ လောလောဆယ် မလိုအပ်သည့်ကုန် လုံးဝပိတ်။ ကြိုးနီစနစ်အကုန်လျော့။ ဘာလုပ်လုပ် လွယ်ကူအောင်လုပ်ပေးရန် လိုသည်။ (Thin Thin Nwe)

Crd