ကျွန်းတစ်ကျွန်းလုံးက ခရမ်းရောင်

News Social News

ကျွန်းတစ်ကျွန်းလုံးက ခရမ်းရောင်

ကမ္ဘာတစ်ဝှမ်းမှာ အလှပဆုံးသောနေရာတွေကို ကြည့်လိုက်မယ်ဆိုရင်တော့ အရောင်အသွေးဟာ အရေးပါဆုံး အခန်းကဏ္ဍကနေ ကူညီပံ့ပိုးပေးနေတာကို တွေ့ရမှာပါ။

ဒေသတစ်ခုလုံး၊ မြို့တစ်မြို့လုံး၊ ကျွန်းတစ်ကျွန်းလုံးမှာ အရောင်တစ်ရောင်ပဲရှိတယ်ဆိုရင် စာဖတ်သူတို့ ယုံနိုင်ပါ့မလား။

အခုပြောပြပေးသွားမှာကတော့ ကျွန်းတစ်ကျွန်းလုံးက ခရမ်းရောင်တစ်ရောင်ပဲရှိတဲ့ နေရာလေးအကြောင်းပါ။

“ခရမ်းရောင်ကျွန်းများ” လို့ လူသိများကြတဲ့ Banwol ကျွန်းနဲ့ Bakji ကျွန်းတို့ဟာ တောင်ကိုရီးယားရဲ့ အနောက်တောင်ဘက် ကမ်းခြေမှာ တည်ရှိနေပါတယ်။

မူလက ဤကျွန်းရဲ့ အဓိက ၀င်ငွေရင်းမြစ်တွေကို သူတို့ရဲ့ လယ်ယာလုပ်ငန်းအသိုင်းအဝိုင်းမှသာ ရရှိခဲ့သော်လည်း ဒေသခံတွေဟာ သူတို့ရဲ့ကျွန်းတစ်ကျွန်းလုံးက နေရာလွတ်မကျန် ခရမ်းရောင် အနုအရင့် အမျိုးမျိုးကို ဆေးခြယ်ခဲ့ခြင်းအားဖြင့် ကမ္ဘာ့အကျော်ကြားဆုံး နေရာတွေထဲက တစ်ခု ပြောင်းလဲနိုင်ခဲ့ပါတော့တယ်။

ဒီဒေသရဲ့ ကျော်ကြားမှုတွေက ခရမ်းရောင်ဆိုတဲ့ စကားလုံးနဲ့တင်ကို ပြီးပြည့်စုံခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက ခရီးသွားတွေကို ဆွဲဆောင်နိုင်စေခဲ့သလို ကိုရီးယားရဲ့ အဓိက ဆွဲဆောင်ရာ နေရာတစ်ခုအဖြစ်လည်း သူတို့ရဲ့ ကိုယ်ပိုင်လက္ခဏာကို ပြောင်းလဲနိုင်ခဲ့ပါတယ်။

ဤဆုံးဖြတ်ချက်ဟာလည်း မြို့များနဲ့ ဒေသခံများရဲ့ဘဝကို ပြန်လည်ဆန်းသစ်စေခဲ့ပြီး ကျွန်းတစ်ကျွန်းလုံးရဲ့ ထောင့်တိုင်းမှာ ပြီးပြည့်စုံတဲ့ ဓာတ်ပုံရိုက်ချက် အကွက်များကို ဖန်တီးပေးခဲ့ပါတယ်။

Banwol နဲ့ Bakji ကျွန်းများဟာ ၂၀၂၀ ခုနှစ် ဇွန်လမှ သြဂုတ်လ အတွင်း ခရီးသွားဧည့်သည် ၅၀၀,၀၀၀ ကျော်ထက် ၂၀ ရာခိုင်နှုန်းကျော် တိုးလာခဲ့တာကို မြင်တွေ့ရခြင်းအားဖြင့်လည်း ဒီဒေသဟာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် တန်ဖိုးဖြတ်မရနိုင်တဲ့ အလှအပတွေကို ဖော်ကျူးပေးနေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

မှော်ဆန်တဲ့ ဒဏ္ဍာရီပုံပြင်ထဲက ဇာတ်ကောင်တစ်ကောင်လို ခံစားချင်တယ်ဆိုရင် ကျွန်းတွေရဲ့သမိုင်းကြောင်းနဲ့ သင်မမျှော်လင့်ထားနိုင်တဲ့အရာတွေအကြောင်းကို ဆက်လက်ဖော်ပြပေးသွားချင်ပါသေးတယ်။

၂၀၁၅ ခုနှစ်တွင် South Jeolla ပြည်နယ်သည် ကျွန်းများကို ခရီးသွားများနေရာအဖြစ် ပြောင်းလဲသတ်မှတ်ရန် Project Purple ကို စတင်ရန် ဆုံးဖြတ်ခဲ့သည်။

ခရမ်းရောင်သည် ထိုဒေသတွင် ဇာတိဖြစ်သည့် ခရမ်းရောင် bellflowers ဟုခေါ်သော ကမ်ပနူလာပန်းများကို ကိုးကွယ်ရန် ရွေးချယ်ခဲ့သည်။

သမိုင်းကြောင်းအစကို ကြည့်မယ်ဆိုရင်တော့ ဒီလိုမျိုး ကျွန်းတစ်ခုလုံးကို ခရမ်းရောင်အဖြစ် စတိုးဆိုင်များမှ တံတားများအထိ ပြောင်းလဲရန်အတွက် Shinan ခရိုင်ဟာ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် ဝမ် ၄.၈ ဘီလီယံ (ဒေါ်လာ ၄.၂၅ သန်း)ကျော် ရင်းနှီးမြှုပ်နှံထားခဲ့ရပါတယ်။

ခရိုင်ရုံးရဲ့ အဆိုအရ ၂၀၁၉ ခုနှစ်မှာ တရားဝင်စတင်ခဲ့တဲ့ ဒီစီမံကိန်းဟာ လူပေါင်း ၄၈၇,၀၀၀ ကျော်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ကျွန်းများရှိ စားသောက်ဆိုင်များဟာ ခရမ်းရောင်ဆန်ဆန်ကို ပေးစွမ်းနေကြပြီး ခရမ်းရောင် ပန်းကန်ပြားများပေါ်မှာ အစားအသောက်တွေကို တည်ခင်း ကျွေးမွေးကြပါတယ်။

ဒီစီမံကိန်းရဲ့ အချို့လှုပ်ရှားမှုတွေကတော့ လယ်သမားများဟာ beets နဲ့ kohlrabi စိုက်ပျိုးခြင်းအပြင် ၂၁၅၀၀ စတုရန်းမီတာရှိတဲ့ လာဗင်ဒါပန်းခင်းများအပြင် new England aster ၃၀,၀၀၀ စတုရန်းနီတာခန့်လည်း ပါ၀င်ပါတယ်။ ဒီပရောဂျက်ကို ကိုရီးယားအစိုးရနဲ့ ဒေသခံတွေက ပံ့ပိုးကူညီခဲ့ပါတယ်။

စတင်ဖွင့်လှစ်လိုက်တဲ့ နေ့ရက်မှစပြီး ဒီကျွန်းကို လာရောက်လည်ပတ်သူတွေက နေ့တိုင်းကို မြင့်တက်လာခဲ့ရာမှာ ကိုဗစ်ကာလတောင်မှ ဟန့်တားလို့မရခဲ့ဘူးလို့ ဆိုပါတယ်။

တကယ်တမ်းမှာလည်း ဒီလိုဆန်းကြယ်တဲ့ ကမ္ဘာသစ်ဆီကို ဘယ်သူကများ မသွားချင်မှာပါလဲ။

ကျွန်းများသို့ဝင်ရောက်ရန် ဝင်ခွင့်ကြေးမှာ အရွယ်ရောက်ပြီးသူများအတွက် ဝမ် ၃,၀၀၀ (ဒေါ်လာ ၂.၇၀)၊ ဆယ်ကျော်သက်များအတွက် ဝမ် ၂,၀၀၀ (ဒေါ်လာ ၁.၈၀) နဲ့ ကလေးများအတွက် ဝမ် ၁,၀၀၀ (ဒေါ်လာ ၁.၀၀) ဖြစ်ပါတယ်။

ဒါပေမဲ့ သင်ဟာ ခရမ်းရောင်နဲ့ ခရမ်းရောင် တွဲဖက်ပစ္စည်းများကို ၀တ်ဆင်လာပါက ဝင်ကြေးကို အခမဲ့ ဖန်တီးပေးထားပါတယ်။ တကယ့်ကို အမိုက်စားပါပဲ။

ကျွန်းများရဲ့ အဓိက ဆွဲဆောင်မှုဟာလည်းပဲ ခရမ်းရောင်နေရာများကို ကြည့်ရှုစေနိုင်ခြင်းပါ။

ဒီလို ကြည့်ရှုဖို့အတွက်လည်း စုစုပေါင်း ၆.၂ ကီလိုမီတာ ဝန်းကျင်ရှိတဲ့ ဧရိယာတစ်ဝိုက်မှာ ရိုးရှင်းစွာ လမ်းလျှောက်ခြင်းဖြင့် ဒေသတစ်ခုလုံးကို ကြည့်ရှုနိုင်ပါတယ်။

အဓိကနေရာများထဲမှတစ်ခုမှာ Banwol ကျွန်းနဲ့ Bakji ကျွန်းတို့ကို ဆက်သွယ်ထားတဲ့ အထင်ကရ Cheonsa တံတားဖြစ်ပါတယ်။

ဖြတ်သွားစဉ် လေနုအေးနဲ့ ရေစီးသံများကို ခံစားကြည့်ပါက တကယ့်ကို အံ့ဩစရာ အတွေ့အကြုံတစ်ခုပါ။

သဘာဝတရားနဲ့ ချိတ်ဆက်ရတာကို နှစ်သက်သူတွေအတွက်တော့ မြို့တွေရဲ့ အကောင်းဆုံး ရှုခင်းတွေနဲ့ ခရမ်းရောင် ရှုခင်းတွေကို ရနိုင်တဲ့ Eoggae တောင်ပေါ် ခရီးထွက်လိုက်ပါ။

ဒါဟာလည်း ရင်သပ်ရှုမောဖွယ်ရာ အတွေ့အကြုံတစ်ခုဖြစ်ပြီး ဘယ်လိုမျိုး ဓာတ်ပုံတွေအတွက်မဆို ပြီးပြည့်စုံတဲ့ နောက်ခံမြင်ကွင်းတစ်ခုဖြစ်နေမှာပါ။

ဒီဒေသကို လာရောက်ခဲ့ကြသူ တော်တော်များများက သူတို့ရဲ့ ခရီးစဉ်ကို စိတ်ကူးယဉ်ဆန်ဆန်နဲ့ ဒဏ္ဍာရီဆန်ဆန်အဖြစ် ဖော်ပြကြပါတယ်။

လူပေါင်း ၁၅၀ ကျော်သာ နေထိုင်ကြတဲ့ ဒေသခံလူနေမှုဘ၀ကို ကြည့်ရှုပြီး သူတို့ရဲဲ့ ယဉ်ကျေးမှု အစိတ်အပိုင်းတစ်ခုကို ခံစားကြည့်ပါက မမေ့နိုင်ဖွယ် အတွေ့အကြုံတစ်ခုပါပဲ။

Knight News Team

Crd