ကျောက်စိမ်းနဲ့ နာမည်ကြီးသလို ဒဏ္ဍာရီဆန် ပဉ္စလက်ဆန်ဆန် နတ်ကြီးတဲ့ ဗျိူင်းစိမ်းတောင်

News Social News





[zawgyi]

“ဗျိုင်းစိမ်းတောင်”- -ကျောက်စိမ်းနဲ့သက်မွေး လုပ်ကိုင်နေကြသူများနှင့် ကျောက်စိမ်းနဲ့ပတ်သက်တဲ့အလုပ်မလုပ်ပေမယ့် ဖားကန့်ရတနာနယ်မှာ လာရောက်ပြီးစီးပွါးရှာနေကြသူများကတော့ ဗျိုင်းစိမ်းတောင်ဆိုတာကို ကြားဖူးနားဝရှိသူနဲ့ နားယဉ်နေသူများ ဖြစ်ကြမှာပါ။ဒါပေမယ့် ချွင်းချက်အနေနဲ့ အချို့သော ၂၀/၂၅-နှစ်အောက် လူငယ်လူရွယ်များထဲမှာတော့ ကျောက်စိမ်းကို စိတ်ဝင်စားသူတွေနဲ့ ဗဟုသုတနှံ့စပ်သူတွေလောက်သာ ကြားဖူးကြမယ်လို့ ထင်မိပါတယ်။ဟိုး- -အရင်ချိန်တွေတုန်းကတော့ ဗျိုင်းစိမ်းတောင်ကို ကိုယ်တိုင်မရောက်ဖူးလို့ မမြင်ဖူးခဲ့ရင်တောင် ဖားကန့်ရတနာနယ်ကို လာရောက်ဖူးသူတိုင်းက ကြားဖူးခဲ့ကြသူတွေချည်းပါပဲ။အထူးသဖြင့် လွန်ခဲ့နှစ်ပေါင်း၅၀-ကျော်လောက်ကဆိုရင်ဖြင့် ဗျိုင်းစိမ်းတောင်ရဲ့ ထင်ရှားကျော်ကြားမှုတွေက ဒဏ္ဍာရီဆန်သလို ပဉ်စလက်မှော်ဆန်ဆန် ထူးခြားဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ဗျိုင်းစိမ်းတောင်လို့ ဘာကြောင့်နာမည်တွင်ပြီး ဒီနေ့ထိ ခေါ်ဆိုနေကြတာလဲဆိုတော့ အမွေးအတောင်တွေဖြူဖွေးနေတဲ့ ဗျိုင်းအုပ်ကြီးတွေ အဲ့တောင်ပေါ်ဖြတ်ပျံကြတိုင်း တောင်ထိပ်ကနေ တောက်ပတဲ့အစိမ်းရောင်တစ်မျိုးရဲ့ ရောင်ပြန်ထင်ဟပ်မှုကြောင့် ပျံနေတဲ့ဗျိုင်းအုပ်ကြီးတွေက အဖြူရောင်ကနေ အစိမ်းရောင်ဖြစ်သွားကြတယ် ဆိုပဲဗျ။ဒီဖြစ်စဉ်ကို အနီးအနားက ဖြတ်သန်းသွားလာနေကြတဲ့သူတွေက မကြာခဏတွေ့မြင်လာရာက သတိထားမိသွားပြီး တစ်ယောက်ကစတစ်ရာဆိုသလို လူပြောများလာကြလို့ ဗျိုင်းအုပ်ဖြတ်ပျံတိုင်း အဖြူရောင်ကနေ အစိမ်းရောင်ကို ပြောင်းသွားစေတဲ့ တောင်ကြီးကိုလည်း “ဗျိုင်းစိမ်းတောင်”ဆိုပြီး ခေါ်ဝေါ်သမုဒ်ခဲ့ကြတာလို့ သိရပါတယ်။ဘယ်နှခုနှစ်ကစပြီး သတ်မှတ်ခေါ်ဆိုလာကြသလဲဆိုတာကတော့ စာအုပ်စာပေမှာ မှတ်တမ်းတင်ထားခြင်းလည်း မရှိတော့(ကျွန် တော်မဖတ်/သိမိတာလည်းဖြစ်နိုင်ပါတယ်) အတိအကျမသိနိုင်ဘူးလို့ ဆိုရမှာပါ။ကျွန်တော်ကတော့ လွန်ခဲ့သောနှစ်ပေါင်း၄၀-လောက် ကျွန်တော်၈/၉-နှစ်သား အရွယ်ကတည်းက ဖားကန့်နယ်ဘက် တက်လိုက်ဆင်းလိုက်နဲ့ ဈေးပိုးသွားရောင်းကြတဲ့ အနီးဝန်းကျင်က လူကြီး မိဘတွေမကြာခဏပြောပြလို့ ကြားသိဖူးခဲ့ပါတယ်။ဗျိုင်းစိမ်းတောင်လို့ အမည်တွင်သွားတဲ့တောင်ကြီးဟာ ကောင်းကင်မှာပျံနေတဲ့ ဗျိုင်းငှက်တွေကိုသာ စိမ်းစေတာမဟုတ်ပဲ တောင်ခြေရင်းမှာကပ်ပြီး စီးဆင်းနေတဲ့ ဝှေခါချောင်းရဲ့ တောင်အောက်နေရာတစ်ဝိုက်ကရေကိုလည်း အစိမ်းရောင်ထင်ဟပ်စေပါသတဲ့လေ။ကောင်းကင်မှာ ပျံနေတဲ့ဗျိုင်းငှက်ကိုသာမက တောင်အောက်ခြေရင်းတစ်ဝိုက်က စီးဆင်းနေတဲ့ ချောင်းရေကိုလည်း အစိမ်းရောင်ဖြစ်စေနိုင်တာဟာ ဘာကြောင့်လဲ- -တောင်ထိပ်မှာ အစိမ်းရောင်တောက်ပနေတဲ့ တန်ဖိုးကြီးကျောက်စိမ်းရတနာတွေ များစွာရှိနေနိုင်တယ်လို့ မှတ်ချက်ပေးကြတဲ့သူများရှိကြသလိုတောင်ထိပ်ရောက်ခါနီး ကမ်းပါးယံဘေးမှာ ပိသာချိန်နှစ်ရာကျော်သုံးရာလောက်ရှိတဲ့ အရည်အသွေးမြင့် တန်ဘိုးကြီးကျောက်တစ်လုံး ထွက်ပေါ်နေတာကြောင့်လို့ ပြောကြတဲ့သူတွေလည်း ရှိကြတယ်။လူပေါင်းများစွာပြောနေတဲ့ ဗျိုင်းစိမ်းတောင်ရဲ့ ရာဇဝင်ပြောပြချက်တွေအားလုံးကို ယုတ္တိဗေဒ(Logic)နည်းနဲ့ရော သဘာဝကျိုးကြောင်းဆင်ခြင်တဲ့(Dialectic)နည်းနဲ့ပါ စဉ်းစားသုံးသပ်လေ့လာကြည့်ရင်တော့တောင်ထိပ်နဲ့ ပေနှစ်ဆယ်ကျော်သုံးဆယ်လောက်အကွာ ကမ်းပါးယံဘေးမှာ အရည်အသွေးမြင့်တဲ့ကျောက်စိမ်းတုံးကြီးရဲ့ တစ်စိပ်တစ်ပိုင်း ထွက်ပေါ်နေတာ ဖြစ်မယ်လို့ပဲ ထင်မြင်ယူဆမိပါတယ်။နောက်ပိုင်းမှာတော့ ဗျိုင်းစိမ်းတောင်ရဲ့ ကမ်းပါးယံဘေးမှာပေါ်နေတဲ့ တန်ဘိုးမြင့်ကျောက်စိမ်းတုံးကြီးကို မြင်နေရတဲ့ လောဘလွန်ကဲတဲ့လူသားတွေက ရယူနိုင်ဖို့ စွန့်စားကြိုးပမ်းလာကြပါတော့တယ်။ဗျိုင်းစိမ်းတောင်ဟာ မြင့်မားမတ်စောက်ပြီး အုပ်မိုးနေတဲ့ပုံသဏ္ဍန်ရှိတာကြောင့် ကျောက် စိမ်း တုံးကြီးရှိတဲ့နေရာကိုရောက်ဖို့က စို့တွေရိုက် ကြိုးတွေချိတ်ဆွဲနဲ့ ခက်ခက်ခဲခဲကြိုးပမ်းကြရတယ်။တချို့လူတွေက ကျောက်ကြီးအနားကိုမရောက်ခင် အချို့လူများကတော့ ကျောက်ကြီးအနားရောက်ခါနီးမှာ ပြုတ်ကျပြီး သေဆုံးသူတွေကသေဆုံးနဲ့ပေါ့။ရှားရှားပါးပါးကျောက်ရှိတဲ့နေရာနားရောက်ပြီး လူတချို့က ကျောက်ကိုကိုင်မိ ထိမိသူတွေလည်းရှိပါသတဲ့။သို့သော် ကျောက်ကြီးအနားကို လူရောက်သွားနဲ့ ကိုယ်ဆွဲကိုင်ထားတဲ့ ကြိုးစသာမက သဘာဝအတိုင်းတွဲကျနေတဲ့ နွယ်ကြိုးမျှဉ်များဟာ ကြောက်မက်ဖွယ်ရာ မြွေဆိုးကြီးများဖြစ်သွားပြီး ရောက် လာတဲ့လူတွေကို ကိုက်/ပေါက်သတ်ပါရောတဲ့ဗျာ။ကျောက်အနားကိုရောက်ပြီး ပြုတ်ကျသေဆုံးခဲ့ရတဲ့လူတွေအားလုံးဟာ ပြုတ်ကျခါနီးလေးမှာ “မြွေကြီး- -အမလေး မြွေဆိုးကြီး- -အား- -ကြောက်စရာကြီး”လို့ တစ်မျိုးမဟုတ်တစ်မျိုး အော်တတ်ကြပြီး လူတိုင်းမှာလည်း မြွေကိုက်/ပေါက်ထားတဲ့ မြွေစွယ်ဒဏ်ရာ ပါလာကြတာချည်းပဲလို့လည်း ကြားသိခဲ့ရပါတယ်။တဖြည်းဖြည်းနဲ့ သေဆုံးတဲ့လူတွေများလာပေမယ့် ဗျိုင်းစိမ်းတောင်ကမ်းပါးယံပေါ်ကိုတက်ပြီး ကျောက်စိမ်းတုံးကြီးကို ယူချင်ကြတဲ့ လောဘလွန်ကဲပြီး အမိုက်မှောင်ဖုံးနေတဲ့ လူသားတွေကလည်း မလျော့သွားတဲ့အပြင် ပိုပိုများလာလို့ တစ်ရက်မှာတော့ အဲ့ဒီအစိမ်းရောင်ဖြာထွက်နေတဲ့ ကျောက်စိမ်းတုံးကြီးကို လျှပ်စစ်မိုးကြိုးတွေ ဆက်တိုက်ပစ်ချပါသတဲ့ဗျာ။ကျောက်စိမ်းတုံးကြီးဟာလည်း ညို မဲသွားပြီး ဘာအရောင်အဆင်းမှ မထွက်တော့ပဲ အပေါ်ကဖြတ်ပျံတဲ့ ဗျိုင်းလည်းမစိမ်းတော့သလို တောင်အောက်ကရေလည်း မစိမ်းတော့တာ ယနေ့အချိန်ထိပဲဆိုပါတော့။လွန်ခဲ့တဲ့နှစ်၃၀-စွန်းစွန်းလောက်ကတော့ မိုးကြိုးပစ်ထားတဲ့ ကျောက်ညိုမဲကြီးကို သူများပြလို့ ကိုယ်တိုင်မော့ကြည့်မိခဲ့ပါသေးတယ်။ဗျိုင်းစိမ်းတောင်ရဲ့ တည်နေရာဟာ ဝှေခါမှော်နဲ့ မဂါးပြင်မှော်ရွာရဲ့ မှော်နှစ်မှော်ကြား မဂါးပြင်မှော်ရွာထိပ်ကနတ်စဉ်ကုန်းနဲ့ မျက်နှာစောင်းမှာရှိတာဖြစ်တယ်။ယခုလက်ရှိ ဗျိုင်းစိမ်းတောင်အနေအထားက တောင်ခြေရင်းကနေ တော်တော်မြင့်တဲ့အထိ တူးထားပြီးတဲ့ မြေဇာဟောင်းတွေပြန်ဖို့ထားလို့ ပြေလျောတဲ့ကုန်းမြေပုံသဏ္ဍန်ရှိနေပေမယ့် ဗျိုင်းစိမ်းတောင်နာမည်ကြီးစဉ်က တောင်အနေအထားက မြင့်မားမတ်စောက်ပြီးအုပ်မိုးထားတဲ့ ပုံသဏ္ဍန်မျိုးရှိတယ်။လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀-ကျော်လောက်က တောင်ခြေရင်းကနေ ကပ်ပြီးစီးဆင်းနေတဲ့ ဝှေခါချောင်းကိုဖြတ်ကူးရင်းနဲ့ မော့်ကြည့်တာ တောင်ထိပ်ကို မမြင်ရလောက်အောင် အုပ်မိုးနေတာကို မှတ်မိပါသေးတယ်။ခုချိန်မြင်တွေ့နေရတဲ့ ဝှေခါချောင်းဟာ ရာသီချိန်မှာခြေမျက်စိကျော်ရုံလောက်သာ ရှိပေမယ့် ဗျိုင်းစိမ်းတောင်နာမည်ကြီးချိန်ကတော့ ရင်ညွှန့်/တစ်ရပ်လောက်ထိနက်လို့ လူစားပါတယ်ဆိုပြီး ဝှေခါချောင်းလည်း နာမည်ဆိုးနဲ့ကျော်ကြားခဲ့ပါသေးတယ်။ဝှေခါမှော်ဖက်ကနေစီးဆင်းလာပြီး ဗျိုင်းစိမ်းတောင်ခြေရင်းကိုကပ်လို့ စီးဆင်းသွားတဲ့ဝှေခါချောင်းဟာ ဟိုး- -အရင်လမ်းလျှောက်ပြီးမှော်တက်တဲ့ ခေတ်ချိန်ခါမှာတော့ ဖားကန့်ရောက်အောင် အကြိမ်ကြိမ်ဖြတ်ကူးကြရတဲ့ ခက်ခဲတဲ့လမ်းပိုင်းနေရာလို့ ပြောရင်လည်း ကိုယ်တိုင်လျှောက်ခဲ့ကြဖူးသူတွေက ငြင်းကြမယ်လို့ မထင်မိပါဘူး။လွန်ခဲ့တဲ့နှစ်၃၀-ကျော်က ဖားကန့်ကိုလမ်းလျှောက်ခရီးကြမ်းသွားရတဲ့အချိန်က မဂါးပြင်ရွာကနေစလို့ ဝှေခါချောင်းကိုကူးပြီး ကုန်းပေါ်လမ်းလျှောက်လိုက် ချောင်းပြန်ကူးလိုက် တောင်တက်လိုက် ချောင်းပြန်ကူးလိုက်နဲ့မှော်ဂလုံရွာရောက်လိုက် ချောင်းပြန်ကူးလိုက် တောင်တက်ပြီးပြန်ဆင်းလိုက် ချောင်းပြန်ကူးလိုက်နဲ့ ဆိမ့်မူရွာဟောင်းထိအောင် ချောင်းကူးကျော်ဖြတ်ရတာကအကြိမ်/ခေါက်ရေများလွန်းတော့ မမှတ်မိနိုင်လောက်အောင်ပါပဲ။ကျွန်တော်ကိုယ်တိုင်ဖြတ်ကူးချိန်မှာ ငါးဆယ်ကျော်ခြောက်ဆယ်လောက်ထိပဲ ရေတွက်ထားနိုင်ပြီး ရေကူးချိန်မှာလဲကျပြီး မျောပါမသွားအောင် သတိထားနေရတာနဲ့ တောင်တက်တောင်ဆင်းလမ်းကြမ်းမှာ မောပမ်းလွန်းတာရယ်ကြောင့် သတိထားနေတဲ့ကြားက ဆက်ရေဖို့မေ့သွားခဲ့ရတယ်။တချို့လူတွေက ချောင်းတစ်ခေါက်ကူးတိုင်း ကျောက်ခဲသေးလေးတစ်လုံးကောက်ယူသိမ်းထားပြီး ဖားကန့်ရောက်ချိန်မှာ ပြန်ရေတွက်ကြည့်တော့ အလုံးပေါင်း၉၀-ကျော်ရှိပါသတဲ့။ကျောက်ခဲလေးတွေကောက်ယူပြီး ရေတွက်ကြရာမှာ တစ်ယောက်နဲ့တစ်ယောက်က အစွန်းထွက်လေးတွေသာ ကွဲလွဲမှုရှိကြတာကြောင့် ဝှေခါချောင်းကို ဖြတ်ကူးရတဲ့အခေါက်ရေပေါင်းက ၉၀-ကျော်ရှိတယ်ဆိုတာကို ကိုယ် တိုင်အကြိမ်ကြိမ်ဖြတ်ကူးခဲ့ဖူးသူတွေက လက်ခံထားကြပါတယ်။ဝှေခါချောင်းဟာ ပွင့်လင်းရာသီရေနည်းချိန်မှာ အန္တရာယ်သိပ်မများပေမယ့် တောင်ကျရေတွေ ရုတ်တရက်များလာတတ်တဲ့မိုးတွင်းလိုအချိန်မျိုးမှာတော့ ဖြတ်ကူးနေတဲ့လူတွေကို မျောပါ နစ်မြုတ်ပြီး သေဆုံးစေခဲ့တာကလည်း နှစ်တိုင်းလိုလိုပါပဲ။မိုးတွင်းချိန်မှာဆိုရင် ချောင်းကျဉ်းပြီးရေစီးသန်တဲ့ အချို့နေရာများမှာ ချောင်းဟိုဘက်ကမ်းကနေ ဒီဘက်ကမ်းကို ကြိုးတွေနဲ့သွယ်တန်းချည်နှောင်ထားပြီး ချောင်းကူးကြချိန်မှာ လက်တစ်ဖက်က ကြိုးစကိုကိုင်ရပြီး နောက်လက်တစ်ဖက်က ကိုယ့်အဖွဲ့သားလက်ကို တွဲကိုင်ထားပြီး ကူးကြရပါသတဲ့။အဲ့လို အဖွဲ့လိုက်တွဲပြီး ချောင်းကူးနေချိန်မှာ တစ်ယောက်ယောက်ကချောလဲရင်ဖြစ်စေ ရုတ်တရက် တောင်ကျရေတွေအရှိန်အဟုန်နဲ့ စီးဆင်းလာရင်ဖြစ်စေ အဖွဲ့တွဲအားလုံးနီးပါး(ရေကူးကျွမ်းကျင်သော ယောကျ်ားများမှလွဲပြီး)မျောပါ သေဆုံးသွားကြတာတွေလည်း ရှိခဲ့ကြတယ်။ဗျိုင်းစိမ်းတောင်ခြေရင်းကို ကပ်ပြီးစီးနေတဲ့ ဝှေခါချောင်းကို2003-04 ခုနှစ် (ခန့်မှန်း)လောက်ကစပြီး စက်ကျင်းတွေတူးကြရာက တူးရင်း တူးရင်း တဖြည်းဖြည်းနဲ့ မှော်ဂလုံရွာထိအောင်ပဲ ဆိုပါတော့။ကျောက်သက်ရင့်တဲ့ ရေခွံအမျိုးအစားကျောက်ကောင်းတွေလည်း ထွက်မှထွက်ပဲဆိုတာတော့ အားလုံးသိကြမှာပါ။အထူးသဖြင့် ဗျိုင်းစိမ်းတောင်ရဲ့ အနီးပတ်ဝန်းကျင်တစ်ဝိုက်မှာ ကျောက်စိမ်းကောင်းတွေ ပိုထွက်တယ်လို့လည်း သိရပါတယ်။ဗျိုင်းစိမ်းတောင်အောက်မှာ တူးကြတဲ့အဖွဲ့တွေက အိပ်မက်ပေးလို့ဆိုပြီး လူကြီးနှစ်ရပ်လောက်ရှိတဲ့ ကွမ်ရင်မယ်တော်နတ်ရုပ် ဘိုးဘိုးကြီးနတ်ရုပ်နဲ့ တခြားနတ်ရုပ်နှစ်ခုလောက်ကို အင်္ဂေတနဲ့သေချာထုလုပ်ပြီး(ဘိုးဘိုးကြီးနတ်ရုပ်က သစ်သားနှင့်ထုထားဟု သိရ)ဗျိုင်းစိမ်းတောင်အောက်မှာ သွပ်မိုး ဆေးရောင်စုံအဆောင်တွေနဲ့ လှလှပပလေးလုပ်ထားပြီး ဖယောင်းအမွှေးတိုင်တွေ ၂၄-နာရီမပြတ် ပူဇော်ထားတာကို တွေ့ရတယ်ဗျ။ဗျိုင်းစိမ်းတောင်ဟာ အောက်ခြေကျဉ်းလို့အပေါ်ကျယ်ပြီး အုပ်မိုးနေတဲ့ပုံသဏ္ဍန်ရှိတာကြောင့် တောင်အောက်ခြေမှာ ပူဇော်ထားတဲ့နတ်ရုပ်ကြီးတွေထားတဲ့နေရာကို တောင်ကမ်းပါးယံကနေ မိုးရွာနေသလိုထင်ရလောက်အောင် ရေတွေတစက်စက်စီးကျနေတာကို စက်ကျင်းတွေနဲ့ကပ်လျက် ကားလမ်းပေါ်ကနေ ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရတယ်။ဝှေခါချောင်းစက်ကျင်းတွေလုပ်လို့ ကုန်သွားတော့ 2008-ခုနှစ်ကနေစပြီး ဗျိုင်းစိမ်းတောင်အောက်က ချောင်းထဲမှာ စက်ကျင်းလုပ်တဲ့လောပန်းကပဲ ဗျိုင်းစိမ်းတောင်ကြီးကို စတူးတာ 2012-ခုနှစ်ထိဆိုပါတော့။အဲ့လောပန်းစမတူးခင်မှာ သူ့ကိုအိပ်မက်ပေးလို့ဆိုပြီး ချောင်းဘေးကုန်းကမူလေးပေါ်က ရေထဲပါဖို့နည်းနည်းသာလိုတော့တဲ့ ဘိုးဘိုးကြီးနတ်ရုပ်ကြီးကို မဂါးပြင်ရွာထိပ်က တောင်ကုန်းပေါ်ကို သူကိုယ်တိုင်နတ်ထုံးစံနဲ့အညီ ရွေ့ပေးထားတယ်လို့ ဆိုပါတယ်။(ယနေ့ချိန်ထိ နတ်နန်းရှိနေဆဲပါ)စက်ကျင်းတူးစဉ်က ကွမ်ရင်မယ်တော်အပါအဝင် ကျန်တဲ့နတ်ရုပ်တွေက ရေကြီးလို့ နစ်မြုပ်သွားပုံပါပဲ။ဗျိုင်းစိမ်းတောင်ကို စတူးလို့ခေါင်းပေါင်းမြေဇာတွေဖယ်ရှားပြီး ကျောက်ကြောရောက်တော့ ကြက် ဝက် ငါး အရက် သီးနှံ စားဖွယ်စုံတွေနဲ့ ဖွယ်ဖွယ်ရာရာပြုလုပ်ပြီး ကျင်းနတ်တင်ပါသတဲ့။အနီးအနားရပ်ကွက်ထဲက သက်ကြီးရွယ်အိုများကိုလည်း ခေါ်ပြီးကျွေးမွေးလို့ ကုသိုလ်ယူတယ်ပေါ့ဗျာ။အဲ့မှာ အတွေ့အကြုံများတဲ့ သက်ကြီးဘိုးတော်တစ်ယောက်ကဒီတောင်ကိုစောင့်တဲ့နတ်မင်းကနော်ဂျာဖြစ်ပြီး သူကအရက်မကြိုက်ပဲ ဘိန်း(ခပ်ပုံ)ကိုသာ နှစ်သက်တာကြောင့် နတ်တင်တဲ့အထဲမှာ ဘိန်း(ခပ်ပုံ)ကိုပါ ထည့်ပြီးပူဇော်ပသခိုင်းပါသတဲ့ဗျား။ရွာခံဘိုးတော်ကြီးက သူရှူချင်လို့ ပရိယာယ်သုံးလိုက်တာလား ဟာသလုပ်တာလား ဘာလားတော့ မပြောတတ်ဘူးပေါ့။နတ်တင်ပြီး သိပ်မကြာခင်မှာပဲ တိုက်ဆိုင်တာလား နတ်မင်းကြီးတွေကပဲ မ စ တာလား မပြောတတ်-ကျောက်စိမ်းတွေကတော့ ထွက်တာမှအများကြီးပဲလို့ ဆိုပါတယ်။ထူးဆန်းတာက ထွက်လာတဲ့ကျောက်စိမ်းတွေက လုံးစွတ်နည်းပြီး နတ်ဖဲ့ပုံစံနဲ့အပဲ့တွေက ပိုများပါသတဲ့။လျှပ်စစ်မိုးကြိုးတွေ ဆက်တိုက်ပစ်ထားတဲ့နေရာမို့ ကျောက် စိမ်း တွေကိုထိမှန်လို့ပဲ့ကုန်ပြီး အပဲ့တွေများနေသလားဆိုတာတော့ ပဟေဋိဆန်ပြီး အံ့ဩစရာတော့ ကောင်းလှပါတယ်။2012-ခုနှစ်မှာ လုက်ကွက်သက်တမ်းကုန်တော့ တခြားလောပန်းတစ်ယောက်က ဗျိုင်းစိမ်းတောင်လုပ်ကွက်နေရာကို ဖြတ်လုဆွဲသွားပြီး လူအား စက်အားများစွာနဲ့ ပြန်တူးပါတယ်။ထူးဆန်းတာက အရင်လောပန်းတူးစဉ်က ကျောက်စိမ်းတွေများစွာထွက်ခဲ့ပေမယ့် ခုလောပန်းပြောင်းတူးချိန်မှာတော့ ဘာကျောက်ကောင်းမှမထွက်ပဲ ကျောက်မျိုးတောင် ကျဲကျဲပဲထွက်ပါသတဲ့။တူးတဲ့လောပန်းက အရှုံးကြီးရှုံးလို့ တူးဖော်တာကို ရပ်လိုက်ပြီး သူ့နောက်မှာဆက်တူးတဲ့ အခြားတစ်ယောက်ကလည်း ဘာကျောက်မှမရပဲ ရှုံးပြီးရင်းရှုံးလို့ ရပ်နားထားတာ ခုချိန်ထိလို့ဆိုရမှာပါ။ကျွန်တော်တို့မိဘဘိုးဘွားများလက်ထက်တည်းက ထူးဆန်း အံ့ဩစရာတွေနဲ့ ပဟေဋိဆန်ဆန် နာမည်ကြီးခဲ့တဲ့ ဗျိုင်းစိမ်းတောင်ဟာ ယခုခေတ်ချိန်ထိအောင် ပဟေဋိဆန်နေတုန်းပါပဲ။တောင်အောက်ကရေနဲ့ အပေါ်ကဖြတ်ပျံတဲ့ဗျိုင်းကို စိမ်းစေတဲ့အရည်အသွေးမြင့်ကျောက်စိမ်းတုံးကြီးပေါ်လာတယ်။တက်ယူတဲ့လူတွေကို ရုတ်တရက်ပေါ်လာတဲ့မြွေဆိုးကြီးတွေက ကိုက်သတ်တယ်။လူတွေသေတာများလာတော့ ကျောက်စိမ်းတုံးကြီးကို မိုးကြိုးပစ်တယ်။တောင်အောက်ချောင်းထဲမှာ တူးကြတဲ့သူတိုင်း ရေခွံကျောက်စိမ်းကောင်းတွေ အများကြီးရကြပေမယ့် တောင်ဖြိုတူးတော့ ပထမလူကပဲရပြီး နောက်လူတွေက မရဘူးဖြစ်နေတယ်။ဘာကြောင့်လဲ- -နတ်မင်းကြီးတွေကပဲ ထူးထူးဆန်းဆန်းနဲ့ ကျောက်စိမ်းတုံးကြီးပေါ်ခိုင်းပြီး လူတွေကိုသေဆုံးစေအောင် ကျောက်စိမ်းတွေကိုလည်း ပေးချင်သူကိုသာ ရစေပြီး မပေးချင်သူတွေကို လုံးဝမရနိုင်အောင် နတ်တို့၏တန်ခိုး အရှိန်ဝါ အစွမ်းတွေနဲ့ ပြုလုပ်နေတာလားဆိုတာ သာမန်ပုထုဇဉ် လောကလူသားတွေတော့ သိနိုင်မယ်လို့ မထင်ပါဘူး။ဘာပဲဖြစ်ဖြစ် ဗျိုင်းစိမ်းတောင်ဟာ နာမည်ကြီးသလို နတ်လည်းကြီးပြီး ယနေ့ထိတိုင်အောင် အထူးအဆန်းတွေနဲ့ ပဟေဋိဆန်နေဆဲပါပဲ- -။ ။ဪ- -ကြုံရ ဆုံရ ကျောက်လောက

Crd