ကုန်းဘောင်ခေတ်ကတည်းက ရှိနေခဲ့တဲ့ “လက်ဖက်ရည်ဖိုး” ပေးရတဲ့ မြန်မာတွေရဲ့ ဓလေ့

ကုန်းဘောင်ခေတ်ကတည်းက ရှိနေခဲ့တဲ့ လက်ဖက်ရည်ဖိုး..

ကုန်းဘောင်ခေတ်နှောင်း ပုရပိုက်တွေထဲမှာ “ဝတ်ထမင်းဖိုး” ဆိုတဲ့ ဝေါဟာရကို ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။ “ဝတ္တရားအရ ပေးရသော ထမင်းဖိုး” လို့ အဓိပ္ပါယ် ဖွင့်ဆိုရပါမယ်။ ကိုလိုနီခေတ် ရောက်တဲ့အခါမှာတော့ အဲဒီ ဝတ်ထမင်းဖိုး ဆိုတဲ့ ဝေါဟာရက “လက်ဖက်ရည်ဖိုး” လို့ အမည်ပြောင်းသွားပါတယ်။ ဒါပေမယ့် အနှစ်သာရကတော့ ပြောင်းမသွားပါဘူး။

ဗြိတိသျှရုံးတော်နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ အဆင်ပြေ ချောမွေ့အောင် လာဘ်ထိုး ပေးကမ်းရတဲ့ အဖိုးအခပါပဲ။ သီပေါမင်းလက်ထက် နှောင်းပိုင်းကာလက မြေဒူးမြို့မှာ လယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အမှုအခင်းတစ်ခု ဖြစ်ပွားခဲ့ဖူးပါတယ်။ တရားလိုက ဒေါ်ကြုပ်ရဲ့တူ ကိုမင်းခို၊ မောင်တုံကြီးတို့ ဖြစ်ကြပြီး တရားခံက မောင်ညို၊ မောင်စိုးတို့ပါ။

အမှုဖြစ်ပွားရာ နေရာက မြေဒူးမြို့အပိုင် ညောင်ကိုင်းကြီးကုန်း ရွာမှာဆိုတော့ တရားလို၊ တရားခံတွေ မြေဒူးမြို့ဝန်ရုံးမှာ အမှုဆိုင်ကြရတာပေါ့။ ဒါပေမယ့် အမှုက ပြေလည်မသွားဘူး။ မြို့ဝန် နေမျိုးမင်းခေါင်ကျော်စွာရဲ့ အဆုံးအဖြတ်ကို တရားလိုဘက်က မကျေနပ်ကြဘူးလေ။ ညှိနှိုင်းလို့ မရကြတော့ နေပြည်တော်မှာ တရား ဆက်ရင်ဆိုင်ကြရတော့တာပေါ့။

၂၃ စက်တင်ဘာ ၁၈၈၄ မှာ တရားလိုအုပ်စုကို လွှတ်တော်ကို ဆင့်ခေါ်လိုက်တယ်။ အမိန့်တော်နဲ့ ခေါ်ယူတာဆိုတော့ တရားလို ကိုမင်းခိုနဲ့ မောင်တုံကြီးတို့ နေပြည်တော်တက်ဖို့ ချက်ချင်း စီမံကြရတော့တယ်။

အောက်တိုဘာလ ၅ ရက်နေ့မှာ နေပြည်တော်ကို အရောက်အပေါက်ရှိတဲ့ မောင်တက်ခေါင် ဆိုသူကို အဖော်ပြုပြီး ကိုမင်းခိုတို့ ရွာက ထွက်ခွာကြတယ်။ ရတနာပုံ မင်းနေပြည်တော်ကို သွားကြတော့မယ် ဆိုကတည်းက ကုန်ကျစရိတ်တွေ ရှိလာပြီလေ။ မြေဒူးမြို့ဝန်ရုံးမှာ အမှုရင်ဆိုင်စဉ်ကတည်းက ကုန်ကျငွေတွေက မနည်းလှဘူး။ မြို့ဝန်ရုံးမှာတင် “ဝတ်ထမင်းဖိုး” ဆိုပြီး အသားလွတ် ၁၃ ကျပ် ကုန်ခဲ့တာ။

မောင်တက်ခေါင်နဲ့ ကိုမင်းခိုတို့ နှစ်ယောက် အိမ်က ထွက်လာတဲ့နေ့ကဆိုရင် စားစရိတ် “တစ်ပဲ” သာ ကုန်တယ်။ ဒီတော့ ဝတ်ထမင်းဖိုး ၁၃ ကျပ်က များလွန်းနေတာပေါ့။ ဟိုရောက်တော့ ကုန်ကျခဲ့တဲ့ ငွေစာရင်းမှတ်တမ်းကို ပုရပိုက်မှာ အသေးစိတ် ရေးမှတ်ထားသေးတယ်။ အဲဒီအထဲမှာ “လွှတ်တော်က ထပ်မံခေါ်ချလာသည်ဆို၍ ဝတ်ထမင်းဖိုး ဝန်စာရေး ဦးကျော် ပေးငွေ ၁၀” ဆိုတဲ့ စိတ်ဝင်စားဖွယ် စာကြောင်းတစ်ကြောင်း ထပ်တွေ့ရပြန်တယ်။ ဒီ “ဝတ်ထမင်းဖိုး” က နေပြည်တော် ရောက်တော့လည်း ပေးရပြန်တာပါပဲ။

ပုရပိုက်မှတ်တမ်းကို ဆက်လက် လေ့လာကြည့်မှ.. “လွှတ်လုလင်ပေး ၁ ကျပ်၊ လွှတ်စာရေးပေး ၅ ကျပ်၊ အမိန့်တော်ရ ပထမပေးငွေ ၅ ကျပ်၊ တောင်ခွင်မင်းကြီးနှင့် တိုင်တားမင်းကြီး နှစ်ပါးရှေ့ အယူခံကြရာ စာရေးများ ပေးငွေ ၂ ကျပ်၊ စာမျှောင်လေးယောက် ပေးငွေ ၁ ကျပ်၊ မောင်တက်ခေါင်နောက် စာရေးပိုင် ပုရပိုက်ဖိုး မုန့်ဖိုးဆို ပေးငွေ ၂ ကျပ်” စတဲ့ ဝတ်ထမင်းဖိုးတွေ တသီတတန်းကြီး တွေ့ရပါတော့တယ်။

မြေဒူးမြို့ဝန်မင်းရဲ့ မတရားသဖြင့် ဆုံးဖြတ်ချက်အပေါ် မကျေနပ်ကြလို့ နေပြည်တော် တက်တိုင်မိကာမှ ပိုဆိုးသွားပါတော့တယ်။ ဒီအမှုအတွက် အားလုံး ကုန်ကျငွေက ၅၆ ကျပ် ၅ မူး တောင်ရှိပါသတဲ့။ အဲဒီ့ခေတ်အခါက ရွှေ ၆ ကျပ်သား နီးပါး ဝယ်ယူနိုင်တဲ့ ငွေပါပဲ ။ (ဆရာတင်နိုင်တိုး၏ ဆောင်းပါးမှ)

1

Crd