ကိုယ်ပိုင် ဒုံးပျံယာဉ်နဲ့ အာကာသ နယ်စပ်ထိရောက်အောင် သွားခဲ့တဲ့ ရစ်ချက် ဘရင်ဆင်

News

ဗားဂျင်း ကုမ္ပဏီ ပိုင်ရှင် ဗြိတိသျှ ဘီလီယံနာသူဌေး ရစ်ချက် ဘရင်ဆင်ဟာ အာကာသထိ ရောက်အောင် သွားမယ် ဆိုတဲ့ သူ့ရဲ့ ဘဝတစ်သက်တာ ရည်မှန်းချက်ကို အကောင်အထည် ဖော်ခဲ့နိုင်ပြီ ဖြစ်ပါတယ်။

သူပိုင်တဲ့ ဗာဂျင် ဂယ်လတစ် ဒုံးပျံယာဥ်နဲ့ အာကာသ နယ်စပ်ထိ ရောက်အောင် သွားခဲ့ပြီး အမေရိကန် ပြည်ထောင်စု နယူးမက္ကဆီကို ပြည်နယ်မှာ အောင်မြင်စွာ ပြန်ဆင်းလာခဲ့ပါတယ်။

“အင်မတန်ထူးကဲတဲ့ အတွေ့အကြုံပဲ” ဆိုပြီး မစ္စတာ ဘရင်ဆင်က စောင့်ကြိုနေသူတွေကို ပြောပါတယ်။

သူဟာ ဗာဂျင် ဂယ်လတစ် နာမည်နဲ့ အာကာသခရီးသွား လုပ်ငန်း ထူထောင်ထားပြီး အခု ပထမဆုံးအကြိမ် ၆ ယောက် လူအင်အား အပြည့် လိုက်ပါတဲ့ စမ်းသပ် မောင်းနှင်မှု လုပ်တာမှာ သူကိုယ်တိုင် လိုက်သွားခဲ့တာ ဖြစ်ပါတယ်။

သူတို့ဟာ ကမ္ဘာ့လေထုကို လွန်ပြီး အာကာသနယ်ပယ်ထဲထိ ရောက်ခဲ့လို့ မြေဆွဲအားကနေ ကင်းလွတ်တဲ့ အတွေ့အကြုံကို မိနစ်အနည်းငယ် ခံစား ခဲ့ကြရပါတယ်။

အာကာသထဲ သွားလိုသူတွေကို အခကြေးငွေယူပြီး လိုက်ပို့မယ့် အာကာသ ခရီးသွားလုပ်ငန်းကို နောက်နှစ်ထဲ စတင်ဖို့ စီစဥ်ထားတယ် လို့ မစ္စတာ ဘရင်ဆင်က အတည်ပြု ပြောဆိုပါတယ်။

အမေဇုံ ကုမ္ပဏီကို တည်ထောင်သူ တစ်ယောက် ဖြစ်တဲ့ အမေရိကန် ဘီလီယံနာ သူဌေး ဂျက်ဖ် ဘဲဇော့စ်လည်းပဲ သူ့ရဲ့ ဘလူးအော်ရဂျင် လုပ်ငန်းပိုင် ဒုံးပျံနဲ့ နောက်သီတင်းပတ်ထဲမှာပဲ အာကာသခရီးထွက်ဖို့ စီစဥ်ထားတာဖြစ်လို့ အာကာသ ခရီးသွားလုပ်ငန်းကို အပြိုင် ဦးနိုင်စောနိုင်ဖို့ ကမ္ဘာ့ သူဌေးကြီးတွေကြား ပြိုင်ဆိုင်မှု ပြင်းထန် နေပါတယ်။

Source: BBC

Leave a Reply