ကိုဗစ်ကာကွယ်ဆေး မျှဝေပေးရေး အရှိန်မြှင့်လုပ်ဖို့ APEC ခေါင်းဆောင်များ သဘောတူ

News

COVID-19 ရောဂါကာကွယ်ဆေး မျှဝေပေးရေးဆိုင်ရာ ကြိုးပမ်းမှုတွေကို အရှိန်မြှင့် လုပ်ဆောင်သွားကြဖို့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေ သောကြာနေ့ အစည်းအဝေးအတွင်း သဘောတူခဲ့ကြပါတယ်။

COVID-19 ကပ်ရောဂါနဲ့ပတ်သက်ပြီး ခေါင်းဆောင်တွေကြား အဓိကအားဖြင့် အချက်နှစ်ချက်ပေါ် သဘောထားတူညီခဲ့ကြတယ်လို့ အစည်းအဝေးကို အိမ်ရှင်အဖြစ် ကြီးမှူးကျင်းပတဲ့ နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern က အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

“တချက်ကတော့ ဒီကပ်ရောဂါဟာ အချိန်အတော်ကြာ ဆက်ရှိနေဦးမှာဖြစ်ပြီး ကျမတို့အားလုံးအနေနဲ့ အထူးအားစိုက် လုပ်ဆောင်ကြရမှာ ဖြစ်ပြီးတော့ ကျမတို့နိုင်ငံတွေရဲ့ နယ်နိမိတ်ကို ကျော်လွန်ပြီးကြည့်ဖို့ လိုအပ်တယ် ဆိုတာပါပဲ” လို့ ဝန်ကြီးချုပ် Ardern က ြပောပါတယ်။

ဒုတိယအချက်အနေနဲ့ ဒီကပ်ရောဂါဟာ ကမ္ဘာကြီးရင်ဆိုင်ရတဲ့ နောက်ဆုံးကပ်ရောဂါ မဟုတ်ဘဲ ကြိုတင်ပြင်ဆင်မှုက အထူးအရေးကြီးတယ်ဆိုတာ ခေါင်းဆောင်တွေကြား သဘောတူ လက်ခံခဲ့ကြတယ်လို့လည်း ဝန်ကြီးချုပ် Ardern က ပြောပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ COVID-19 ကပ်ရောဂါဆိုင်ရာ လုပ်ငန်းတွေအတွက် လာမယ့်သုံးနှစ်အတွင်း ဒေါ်လာ ၃ ဘီလီယံ ကူညီထောက်ပံ့သွားမယ်လို့ တရုတ်နိုင်ငံက ကတိပြုခဲ့ပါတယ်။

ကမ္ဘာတဝန်းမှာ ဗီဇပြောင်း Delta ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ ပျံ့နှံ့ကူးစက်မှု မြင့်တက်နေချိန်မှာပဲ အမေရိကန်သမ္မတ Joe Biden၊ တရုတ်သမ္မတ Xi Jinping၊ ဂျပန်ဝန်ကြီးချုပ် Yoshihide Suga နဲ့ ရုရှားသမ္မတ Vladimir Putin အပါအဝင် APEC အဖွဲ့ဝင် ၂၁ နိုင်ငံက ခေါင်းဆောင်တွေ အွန်လိုင်းထိပ်သီးအစည်းအဝေး လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

VOA

Leave a Reply