“ကားဝပ်ရှော့ဆရာတွေ ဆီ ခိုးတယ်၊ မလဲရတဲ့ပစ္စည်း စာရင်းထည့်တယ်” ဆိုတဲ့ ကိစ္စ ဒီလိုရှိပါတယ်

ဟိုရက်က ပို့စ်တစ်ခုတင်တော့… မန့်တစ်ခုလာရေးပါတယ်… “ကားဝပ်ရှော့ဆရာတွေ အဲ့ထက်ဆိုးတယ် ဆီခိုး မလဲရတဲ့ပစ္စည်း စာရင်းထည့်” ဆိုပြီးတော့ မန့်ထားတာပါ… သူပြောတာ မှန်သင့်သလောက် မှန်ပေမယ့်… ကားဝပ်ရှော့ဆရာတွေ လို့ဆိုပြီး အားလုံးကို ဝါလုံးရှည်နဲ့ သိမ်းရမ်းပစ်တာမို့ ဖျက်ပစ်လိုက်ပါတယ်… ကားဝပ်ရှော့ဆရာအချို့လို့ ရေးထားရင်တော့ မဖျက်ပဲထားမှာ…

သူပြောတာ မှန်သင့်သလောက် မှန်တယ်ဆိုတာကလည်း ကျွန်တော်တို့ Mechanic လောကမှာလည်း ပစ္စည်းမလဲပဲနဲ့ လဲတယ်… မပြုပြင်ရသေးတဲ့ အကြောင်းအရာတစ်ခုကို ပြုပြင်ပြီးပြီ ဆိုကာ ပစ္စည်းဖိုး လက်ခတွေယူတဲ့ စုန်းပြူး ဝပ်ရှော့သမားတွေကြောင့် Mechanic လောကသားတွေ နာမည်ပျက်ရပါတယ်…

မကြာ ခဏကြုံရသလို အနီးစပ်ဆုံး သိပ်မကြာခင်က Alphard 2.4 2AZ Engine ကားတစ်စီး ကားဆားဗစ်ကို ရေဆူ ရေပျောက်လို့လာပြတယ်… စစ်ကြည့်တော့ 2AZ Alphard တွေမှာ တော်တော်များများ ဖြစ်တဲ့အတိုင်း Engine Head Bolts တွေ အရစ်နာပြီး ဂက်စကက်ဟာနေတာ… ပိုင်ရှင်ကိုပြောတော့ ဟက်ဖွင့် ဂက်စကက်လဲထားတာ တစ်ပတ်ကျော်သာ ရှိသေးတယ်လို့ ပြောတယ်… ဟက်ဖွင့်ထားသော လက်စ လက်နမတွေ့ရဘူး… စစ်ကြည့်မှ သိရမှာဆိုတော့ လိုအပ်တာ လုပ်ပေးပါ ရေမဆူရင် ရပါပြီ တဲ့…

ဖွင့်ကြည့်တော့လည်း ဖွင့်ထားတာ မတွေ့ရသလို Genuine Gasket နဲ့သာ ဖြစ်နေပါတယ်… စစ်ဆေးစဉ်က ထင်ခဲ့တဲ့ အတိုင်း နတ် ၆ လုံး အရစ်နာပြီး ဟက်ကြွလာတော့ ဂက်စကက်ဟာနေတာ… အရစ်ချတဲ့ဆရာခေါ်ပြီး စလစ်ထည့် အရစ်ပြန်ဖော်လုပ်လိုက်ပြီး ဂက်စကက်အသစ်ထည့်ပေးလိုက်တော့ ကောင်းသွားပါတယ်… အထက်ပါ Alphard ပိုင်ရှင် ကြုံတွေ့ရသလို စုန်းပြူး ဝပ်ရှော့သမားတွေ ရှိသလို… မှန်မှန်ကန်ကန် လုပ်ပြီး ပြုပြင်ပေးနေတဲ့ ဝပ်ရှော့ဆရာတွေလည်း အများကြီး ရှိပါတယ်… လက်ငါးချောင်း မညီသလို အဖွဲ့အစည်းတိုင်းမှာ ကောင်းသူရော မကောင်းသူရော ရောနေတတ်တာ လောက ဓမ္မတာပါ…

နောက်တစ်ခုက ဆီခိုးတယ် ဆိုတာပါ… ကျွန်တော်ကတော့ ကားဆီခိုးခံရဖူးတယ်လို့ ပြောတဲ့ ယာဉ်ပိုင်ရှင်နဲ့တော့ တစ်ခါမှ မကြုံဖူးပါ… ကားတစ်စီး ပြုပြင်ပြီးတဲ့အခါ စက်နိုးပြီး ကွန်ပြူတာထိုးကာ ဒေတာတွေ မှန် မမှန်ကို စစ်ကြည့်ရပါတယ်… NOT လို့ခေါ်တဲ့ ရေအပူချိန် Normal Operation Temperature ရောက်အောင် နင်းပြီး စစ်ရတဲ့အပြင် ပြုပြင်ရတဲ့ ကားကို လိုက်ကာ အနီး အဝေး… စမ်းသပ်မောင်းနှင်ရတာကြောင့် ဆီဂိတ် အနည်းနဲ့ အများ ကျတတ်ပါတယ်ဗျာ…

တစ်ဆက်တည်းပြောရရင် ပြီးခဲ့တဲ့ လပိုင်းတွေက P1349 Code တက်ပြီး ချက်ပြီးလင်းတဲ့ကားနှစ်စီး လာပြတယ်… အင်ဂျင်တုန်ပြီး စက်သံကြမ်းကာ ကားလည်း အဆွဲအရုန်း မကောင်းဘူး… နှစ်စီးလုံး အင်ဂျင်ကိုင်ထားတာ ဆယ်ရက်ခန့်သာ ရှိသေးတယ်… 1349 Code နဲ့ ပတ်သက်တာ အကုန်စစ်ကြည့်တော့ အကုန်ကောင်းတယ်… ပူလာရင် အလုပ်လုပ်တာ မမှန်လို့လားဆိုပြီး သက်ဆိုင်ရာ ပစ္စည်းတွေကို လဲစမ်းကြည့်တယ်… မပျောက်ဘူး… အင်ဂျင်ကိုင်တဲ့အချိန် သက်ဆိုင်ရာပစ္စည်းတွေ Replacement ပြန်လုပ်တာမှာ လွဲနေလို့ ဖြစ်နိုင်တယ်ဆိုပြီး ယာဉ်ပိုင်ရှင်တွေကို ခွင့်ပြုချက်တောင်းပြီး အင်ဂျင် ပြန်ချပြီး ခွဲကြည့်တယ်… ပစ္စည်းတွေအားလုံး သူ့နေရာနဲ့ သူမှန်နေတယ်…

ဟက်ဖွင့်ပြီးချိန် အင်ဂျင်လှည့်ရတာ လိုအပ်တာထက် ပိုပြီး ကြပ်နေလို့ သေချာ စစ်ကြည့်လိုက်တော့… ဟာ… အင်ဂျင် Piston ကို ပြောင်းပြန်ထည့်ထားတာဗျို့… အင်ဂျင် Piston တွေဟာ တစ်ဖက်နဲ့ တစ်ဖက် အလေးချိန် မတူပါဘူး… ညာဖက်လည်ရတဲ့ အင်ဂျင်တွေမှာ Crank Connecting နဲ့ ဆက်ထားရတဲ့ Wrist Pin ပေါက်ကနေ ညာဖက်ကို အလေးချိန် ပိုပေးထားတယ်… ဒါမှသာ အင်ဂျင် မီးလောင်ပေါက်ကွဲခန်းကနေ မီးလောင်ပေါက်ကွဲပြီး Power Stock အဖြစ် တွန်းကန်ချပစ်တဲ့အခါ အလိုက်သင့် ချောမွေ့စွာ အင်ဂျင် လည်ပတ်စေမှာပါ…

အဲ့ဒါကို ပြောင်းပြန်ထည့်ပစ်တော့ Power Stock မှာ Piston ဟာ ကန့်လန့်ဆင်းနေရတာမို့ အင်ဂျင်လည်ပတ်မှု မချောမွေ့တော့ပဲ အင်ဂျင်သံဆူညံကာ ဘားတိုင်ပင်လည်း အောက်ကုန်တာကြောင့် ဘားတိုင်ပင် မမှန်တဲ့ P1349 Code တက်လာတာ… စာထဲမှာ မပါတဲ့ သင်ကြားခြင်းတွေမှာ မပါခဲ့တဲ့ Human Error ကြောင့် ဖြစ်တာတွေဟာ ပြုပြင်ရတာ ပိုခက်ပါတယ်… မမှားသင့်တဲ့ အမှားမျိုးပေါ့လေ… ပစ္စတင်ကို အတည့်အတိုင်းပြန်ထည့် Ring အဟလေးတွေ နေရာလွဲနေတာ ပြန်တည့်ပြီး စက်နိုးထားရင် အသံတောင်မကြားရတော့ပဲ အင်ဂျင်သံငြိမ်ပြီး အဆွဲအရုန်းကောင်းကာ P1349 Code လည်း ပျောက်သွားပါတယ်…

နောက် မမှားသင့်တဲ့ အမှားတွေထဲမှာ Timing Belt ထည့်တဲ့အခါ တိုင်ပင်မှတ်မှားတာ… 1MZ Engine တွေမှာ တိုင်ပင် ပင်နယံပြောင်းပြန်ထည့်တာ 1G Engine တွေမှာ Timing Belt ထိန်းတဲ့ Tensioner ဘောကိုထိန်းတဲ့ နတ်ကို နေရာမှားထည့်တာကြောင့် ဘောတွေပျက် အထိုင်တွေကွဲကုန်တာ မကြာခဏ တွေ့ရပါတယ်… အများကြီး ရှိပါသေးတယ်… ဒါပေမယ့် ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလိုမို့ ဒီလောက်နဲ့သာ တော်ပါပြီဗျာ…

ကိုယ်လုပ်စားနေတဲ့ ပတ်ဝန်းကျင်က ဘဝတူ ညီအစ်ကိုတွေ မထိခိုက်အောင် ထိန်းသိမ်းသင့်ပါတယ်လို့လည်း အကြံပြုချင်ပါတယ်… ခင်ဗျားတို့လည်း မမှားဘူးလားမေးရင်… ဘုရား ရဟန္တာကလွဲရင် လူတိုင်း အမှားမကင်းတာမို့ မှားခဲ့ဖူးပါတယ်… မမှားသင့်တဲ့ အထက်ပါ အမှားမျိုးတော့ မမှားပါဘူးဗျာ… ခင်ဗျား ဘယ်လောက်သိလဲ… ဘယ်လောက် တတ်လဲ လို့ မေးရင်လည်း ဘာမှ မသိဘူး… ဘာမှ မတတ်ဘူးလို့ ပြောပါရစေဗျာ… ညီအစ်ကိုများအားလုံး အလုပ်အကိုင် အဆင်ပြေကြပါစေ၊ မိတ်ဆွေများအားလုံး ကပ်သုံးပါးမှကင်းဝေးကြပါစေ.. ချစ်ခြင်းအားဖြင့် ကိုတိုး (အွန်လိုင်းကားဝပ်ရှော့)


1

Crd