ကာတာမှာ ကျင်းပနေတဲ့ (၂၀၂၂) ကမ္ဘာ့ဖလားကို ဗိုလ်စွဲတဲ့ အသင်း ရရှိမယ့် ဆုကြေးငွေ

ယခု ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲတဲ့ အသင်းအတွက် ဆုကြေး အမေရိကန်ဒေါ်လာ သန်း ၅၀ ပေးသွားမယ်လို့ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် ဖီဖာက ပြောကြားထားပါတယ်။ ကမ္ဘာ့ဖလား တစ်လျှောက် ဆုကြေးနဲ့ အခြား အသုံးစရိတ်အတွက် ဖီဖာက ဒေါ်လာ သန်း ၆၃၀ ကျော် သုံးစွဲမှာ ဖြစ်ပါတယ်။

ယခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ စပွန်ဆာကြေးနဲ့ ရုပ်သံ ထုတ်လွှင့် ပြသခွင့်တွေ အပါအဝင် ဝင်ငွေ ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံရရှိမယ်လို့ မျှော်မှန်းထားပါတယ်။

ကမ္ဘာ့ဖလားဝင်ပြိုင်မယ့် ကစားသမားတွေ စေလွှတ်ပေးခဲ့တဲ့ ကလပ်တွေအတွက် ဖီဖာက ဒေါ်လာ သန်း ၄၄၀ ပေးမှာ ဖြစ်ပြီး ပြိုင်ပွဲဝင် ၃၂ သင်းအတွက် သန်း ၇၀၀ ပေးမယ်လို့ ကတိပြုထားပါတယ်။ ဖီဖာဟာ ရုပ်သံထုတ်လွှင့်ခွင့်ဆိုင်ရာ သဘောတူညီမှုတွေကနေ ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံရရှိမှာ ဖြစ်ပြီး စပွန်ဆာကြေး ၁ ဒသမ ၃၅ ဘီလီယံ ရရှိမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲမတိုင်ခင် စခန်းချရတာတွေနဲ့ အခြားကြိုတင် ပြင်ဆင်ရမှုတွေအတွက် ကြိုတင်ပေးငွေ ဒေါ်လာ ၂ သန်း အပြင် အုပ်စု အဆင့် ပါဝင်ယှဉ်ပြိုင်တဲ့ အသင်းတွေကို ၁၀ သန်းစီပေးမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့တဲ့ ပြင်သစ်ဟာ ဆုကြေး ကန်ဒေါ်လာ ၃၈ သန်းပဲ ရရှိခဲ့တာကြောင့် ယခုနှစ် ဆုကြေးဟာ အများကြီး ပိုနေပါတယ်။

Crd