ကမ္ဘာ့ငွေကြေးအဖောင်းပွဆုံး နိုင်ငံများစာရင်းတွင် မြန်မာက အဆင့် (၅) ချိတ်ပြီ (အဘတို့ ကျေးဇူးကြောင့်ပါ)

News Social News

အဘတို့ ကျေးဇူးကြောင့် ကမ္ဘာ့ငွေကြေးအဖောင်းပွဆုံး နိုင်ငံများစာရင်းတွင် မြန်မာက အဆင့် (၅) ချိတ်ပြီ..

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွနှုန်းသည် ၁၂၇ ရာခိုင်နှုန်းရှိပြီး ကမ္ဘာပေါ်တွင် ငွေကြေးအဖောင်းပွဆုံးနိုင်ငံများ စာရင်း၌ အဆင့် (၅) တွင် ရပ်တည်​နေကြောင်း အမေရိကန် John’s Hopkins တက္ကသိုလ်၊ စီးပွားရေးပညာရှင် Steve Hanke က ပြောပါသည်။

အဆိုပါ​ငွေ​ကြေး​ဖောင်းပွနှုန်းများသည် ၂၀၂၂ စက်တင်ဘာ ၈ ရက်က တွက်ချက်ခဲ့ခြင်းဖြစ်ကာ ထိုတွက်ချက်မှုများအရ ဇင်ဘာဘွေနိုင်ငံက ကမ္ဘာပေါ်တွင် ငွေကြေးဖောင်းပွမှုအများဆုံးနိုင်ငံ့ဖြစ်ပြီး မြန်မာနိုင်ငံအထက်တွင် ကျူးဘား၊ လက်ဘနွန်နှင့် တူရကီနိုင်ငံတို့သာရှိပြီး မြန်မာက ​ငွေ​ကြေး​ဖောင်းပွမှု ၁၂၇ ရာခိုင်နှုန်းဖြင့် အဆင့် ၅ ၌ရပ်တည်​နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ငွေကြေးဖောင်းပွနှုန်းသည် ၂၀၂၂ ဧပြီတွင် ၁၈ ရာခိုင်နှုန်းရှိခဲ့ပြီး စက်တင်ဘာ ၈ ရက်တွင် ၁၂၇ ရာခိုင်နှုန်းရှိလာခြင်းဖြစ်သည်ဟု အဆိုပါစီးပွားရေးပညာရှင်က တွက်ချက်​ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွနှုန်းများသည် လက်ရှိပြင်ပ ဒေါ်လာပေါက်ဈေးများကို အခြေခံတွက်ချက်ထားခြင်း ဖြစ်သည်ဟုလည်း Steve Hanke ကဆိုသည်။

စကစ ထိန်းချုပ်ထားသည့် ဗဟိုဘဏ်က တစ်ဒေါ်လာကို ကျပ် ၂၁၀၀ သတ်မှတ်ထား​သော်လည်း ပြင်ပပေါက်ဈေးတွင်ယခုအခါ တစ်ဒေါ်လာကို ကျပ် ၃၃၀၀ မှ ၃၄၀၀ ကြားရှိနေသည်။ အလားတူ ထိုင်းဘတ်၊ တရုတ်ယွမ်၊ စင်ကာပူ​ဒေါ်လာ၊ အန္ဒိယရူပီ စ​သော နိုင်ငံခြား​ငွေများနှင့် လဲနှုန်းတွင်လည်း ကျပ်​ငွေတန်ဖိုးက ကျဆင်း​နေသည်။

​ငွေလဲနှုန်းတန်ဖိုးကျပြီး စက်သုံးဆီ​ဈေးနှုန်းများလည်း တက်လာသဖြင့် ပြည်တွင်၌ ကျပ်​ငွေ​ဖောင်းပွပြီး အ​​ထွေ​ထွေကုန်​ဈေးနှုန်းများကြီးမြင့်ကာ ပြည်သူအများစု အခက်​တွေ့​နေကြသည်။

လက်ရှိအချိန်မှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ ဝင်ငွေလျော့ကျလာခင်း စတဲ့ အချက်တွေကြောင့် ပြည်သူများအနေနဲ့ အခက်အခဲ အကျပ်အတည်းများ အများအပြား ရင်ဆိုင်တွေ့ရလျက် ရှိပြီး ဒုစရိုက်မှုများလည်း ပေါများလာကာ မြန်မာနိုင်ငံအနေနဲ့ ကျရှုံးနိုင်ငံအဖြစ်ကို ဦးတည်နေတယ်လို့ စီးပွားရေး ပညာရှင်များက သုံးသပ်ခန့်မှန်း နေကြပါတယ်။

စစ်အာဏာမသိမ်းခင်က တစ်ဒေါ်လာကို ကျပ် ၁၃၃၇ ရှိပြီး အာဏာသိမ်းပြီးတနှစ်ကျော်ကာလအတွင်း ဒေါ်လာဈေးဖြင့်နှုန်းယှဉ်ပါက ကျပ်ငွေတန်ဖိုးသည် ၁၆၀ ရာခိုင်နှုန်းကျော်ကျဆင်းခဲ့ခြင်းဖြစ်သည်။ (လူထုနွေဦး)

 

Crd